Wednesday 30 June 2010

ကိုယ့်ပစ္စည်းအကြောင်း ကိုယ်မသိသေးတဲ့ အမျိုးသားတွေ





(၁) သူ့သဘော သူဆောင်တတ်ခြင်း
သင့်ရဲ့ အမျိုးသားအင်္ဂါဟာ သူ့သဘော သူဆောင်တတ်တာကို သင် မကြာခဏ သတိထားမိမယ် ထင်ပါတယ်။ ဒါကို သိချင်ရင် သင် ထွေထွေထူးထူး ဆန္ဒမရှိဘဲ တောင့်တင်းမှု လာနေတဲ့ အချိန်တွေ၊ အရမ်းဆန္ဒ ပြင်းပြနေပေမယ့် သူက လိုက်မလာတဲ့ အချိန်တွေကို ပြန်တွေးကြည့် လိုက်ပါ။
ဒါတွေဟာ အမှန်ပဲ ဖြစ်ပါတယ်။ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်တဲ့ လက်၊ ခြေထောက် စတာတွေ အပေါ်မှာလောက် သင်ဟာ သူ့အပေါ် သြဇာမညောင်းပါဘူး (မထိန်းချုပ် မစေခိုင်း နိုင်ပါဘူး)။

အဲဒါ ဘာကြောင့်လဲ ဆိုတော့ ၄င်းဟာ သင်ရဲ့ သိစိတ်ထိန်းချုပ်မှု (conscious control) အောက်မှာ အမြဲ ရှိမနေတဲ့ အာရုံကြော စနစ်ကနေ ထိန်းချုပ် ထားလို့ပါပဲ။ ဒီအာရုံကြောစနစ်ကို အလိုအလျောက် အာရုံကြော အဖွဲ့အစည်း/ စနစ် (autonomic nervous system) လို့ ခေါ်ပါတယ်။ နှလုံးခုန်ခြင်း၊ သွေးဖိအား စတဲ့ ခန္ဓာကိုယ်ထဲက ကိုယ်က ခိုင်းမှ လုပ်တာမဟုတ်ဘဲ သူ့အလိုလို တာဝန်တွေ ထမ်းဆောင်နေတဲ့ အင်္ဂါတွေ အားလုံးကို ထိန်းချုပ်ထားတဲ့ အာရုံကြော စနစ်ပါပဲ။

လိင်စိတ်နိုးကြား လာခြင်းကိုက ကိုယ့်ရဲ့ သိစိတ်ထိန်းချုပ်မှု တစ်ခုတည်းကြောင့် ဖြစ်တာ မဟုတ်ပဲ အလိုအလျောက် သဘော ဆောင်တဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်။ သိစိတ်က အဓိက အခန်းကဏ္ဍက ပါပေမယ့်လည်း ဒီဖြစ်စဉ်ဟာ အလိုအလျောက် အာရုံကြော အဖွဲ့အစည်းရဲ့ အခွဲတစ်ခု ဖြစ်တဲ့ sympathetic nervous system ကြောင့် ပြီးပြည့်စုံ ရတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါတစ်လေ အလေးအပင် မ ခြင်းနဲ့ ၀မ်းသွားခြင်းတွေ လုပ်တဲ့ အခါမှာ တောင့်တင်းမှု လာတတ်တာ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် အတွင်းမှာ သင်ဟာ ကာမစိတ်နဲ့ ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို အိပ်မက်မက်နေသည် ဖြစ်စေ၊ တခြား အလုပ်တို့ ကျောင်းစာတို့ အကြောင်းကို မက်နေသည် ဖြစ်စေ sympathetic nervous system ကြောင့် ဦးနှောက်လှုံ့ဆော်မှုတွေ ထွက်လာပြီး တောင့်တင်းမှုကို ဖြစ်စေတတ်ပါတယ်။ ဒါဟာ Rapid Eye Movement လို့ခေါ်တဲ့ မျက်လုံးတွေ လျင်မြန်စွာ လှုပ်ရှားရင်း အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပါတယ်။


တစ်ခါတစ်လေမှာ သင့်ရဲ့ အင်္ဂါဟာ သူ့အလိုလို တောင့်တင်း ကြီးမားလာပြီး တစ်ခါတစ်လေ သူ့အလိုလို သေးကျုံ့ သွားတတ်ပါတယ်။ လူတစ်ယောက်ထဲမှာတင် အရွယ်အစားက အရမ်း ကွာခြား သွားတတ်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင် အပူချိန်နဲ့ တိုက်ရိုက် သက်ဆိုင်ပြီး လေ သို့မဟုတ် ရေအေးတို့နဲ့ ထိရင် သေးကျုံ့သွားတတ်တာ sympathetic nervous system ရဲ့ သဘာဝအလျောက် တုံ့ပြန်မှု တစ်ခု ဖြစ်ပါတယ်။ (ဒါကြောင့် အလိုအလျောက် အာရုံကြော စနစ် ထိတဲ့ ရောဂါတွေမှာ ပန်းသေပန်းညှိုး ဖြစ်တတ်တာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်း ကုသနည်းကတော့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ နဲ့ ငါး နေ့စဉ် စားပေးပြီး အာရုံကြောဆေးတွေ မှီဝဲပေးရင် သိသိသာသာ ပြန်ကောင်း လာပါတယ်)

စိတ်ဖိစီးမှုတွေဟာ sympathetic nervous system ဆီကို တိုက်ရိုက် သက်ရောက်စေပြီး ရေအေးနဲ့ အာနိသင်ခြင်း တူပါတယ်။ (ဒါကြောင့် စိတ်ဖိစီးမှု များတဲ့ အမျိုးသားတွေ ပန်းညှိုးလွယ်ကြတာ ဖြစ်ပါတယ်။ စိတ်ဖိစီးတတ် ပူပန်တတ်တဲ့ စိတ်ကို ပြုပြင်လျှော့ချနိုင်မယ် ဆိုရင် ပြန်ကောင်းနိုင်ပါတယ်)

(၂) သင်သည် အပြသမား (show-er) သို့မဟုတ် (grower) အကြီးသမား ဖြစ်နိုင်သည်
အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ပျော့နေတဲ့အချိန်မှာ ရှိတဲ့ အရွယ်အစားနဲ့ တောင့်တင်းမှု လာတဲ့ အချိန်မှာ ရှိတဲ့ အရွယ်အစား ကြားမှာ တိကျတဲ့ ဆက်စပ်မှု မရှိပါဘူး။ အမျိုးသား အယောက် ၈၀ လောက်ကို သုတေသီတွေက လေ့လာကြည့်တဲ့ အခါ အချို့ လူတွေက လာတဲ့ အချိန်နဲ့ မလာတဲ့ အချိန် တစ်လက်မရဲ့ လေးပုံတစ်ပုံ လောက်သာ ကွာခြားပေမယ့် အချို့က ၃ လက်မခွဲလောက် အထိ ကွာခြားတာ တွေ့ရပါတယ်။

များသောအားဖြင့် မတောင့်တင်းခင်မှာ သေးတဲ့ တိုတဲ့ သူတွေက တောင့်တင်းချိန်ကျရင် ပိုမို ကြီးထွားနိုင်တယ်လို့ အမျိုးသား ထောင်ပေါင်းများစွာကို တိုင်းတာချက်များ အရ သုတေသီ များက ပြောပါတယ်။ ဒါကြောင့် ကွာခြားချက် များများ ရှိသူကို (grower) အကြီးသမား၊ နည်းနည်းပဲ ရှိသူကို အပြသမား (show-er) လို့ အရပ်စကား ခေါ်ကြတာ ဖြစ်ပါတယ်။ (ဒီအချက်ဟာ ကျန်းမာရေး အတွက် သက်ရောက်မှု မရှိပါဘူး)

အကြမ်းဖျဉ်း အမျိုးသားတွေ အားလုံးရဲ့ ၁၂%က အပြသမား (show-er) တွေ ဖြစ်ကြပြီး ၇% ကတော့ (grower) အကြီးသမား တွေ ဖြစ်ကြကာ ကျန်တဲ့ အားလုံးကတော့ ကြားထဲက သာမန်တွေ ဖြစ်ကြပါသတဲ့။

(၃) သင်၏ လိင်အင်္ဂါသည် ဘူမာရမ်း Boomerang ကဲ့သို့ ကောက်ကွေ့မှု ရှိ၏။
Boomerang ဆိုတာ ပစ်လိုက်ရင် လေထဲမှာ ၀ဲပျံသွားပြီး ပစ်သူဆီ ပြန်လာလို့ အလွယ်တကူ ပြန်ဖမ်းနိုင်တဲ့ အားကစား ကိရိယာ တစ်မျိုး ဖြစ်ပါတယ်။ များသောအားဖြင့် သစ်သားနဲ့ လုပ်ထားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ကောက်ကောက်လေး ဖြစ်ပါတယ်။


အပင်တစ်ပင်ရဲ့ အမြစ်ကို မြေပေါ်ကနေ မမြင်ရ သလိုပဲ လိင်တံရဲ့ အရင်းကိုလည်း အပြင်ကနေ မမြင်ရပါဘူး။ သူ့ရဲ့ အရင်းဟာ တင်ဆုံရိုးခွေထဲမှာ ရှိနေပြီး ဆီးခုံရိုး (pubic bone) ကို တွယ်ဆက်ထားပါတယ်။

ဒီနေရာမှာ အမျိုးသားတွေ မသိမဖြစ် သိသင့်တဲ့ အချက်တစ်ခုက လိင်တံကြီးထွားရန် ခွဲစိတ်မှု လုပ်တယ်ဆိုတာက လိင်တံရဲ့ အရင်းနဲ့ ဆီးခုံရိုး ဆက်ထားတဲ့ အရွတ်ကို ဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အလျားအနည်းငယ် ပိုရှည်သွားစေ ပေမယ့် ဘေးထွက်ဆိုးကျိုး ရှိပါတယ်။
တွယ်ဆက်အရွတ် (suspensory ligament) လို့ခေါ်တဲ့ ဒီအရွတ်ဟာ အမျိုးသား အင်္ဂါ တောင့်တင်းခြင်းကို ထောင်မတ်စေခြင်းမှာ အဓိက ဖြစ်လို့ ဒါကို ဖြတ်လိုက်ရင် အပေါ် မထောင်မတ်တော့ဘဲ အောက်စိုက် နေတတ်ပါတယ်။ ဒါဆိုရင် အဆင်မပြေမှုတွေ ထိခိုက်ဒဏ်ရာတွေ ရှိလာနိုင်ပါတယ်။


(၄) လိင်တံသည် ကျိုးနိုင်၏

လိင်တံထဲမှာ အရိုး မရှိပေမယ့် ကျိုးနိုင်ပါတယ်။ ဒါကို လိင်တံကျိုးခြင်း (penile fracture) လို့ခေါ်ပြီး ပေါ့သေးသေး ဒဏ်ရာ မဟုတ်ပါဘူး။ ကျိုးတဲ့ အချိန်မှာ အသံတောင် ကြားရတဲ့အထိ ပြင်းထန်ပါတယ်။ သွေးကြော တွေပါ ထိခိုက်ကုန်လို့ မည်းပြာတက်လာကာ အရမ်းနာကျင် ရတတ်ပါတယ်။

အရမ်းတော့လည်း ရှားပါတယ်။ များသောအားဖြင့် မာကျောမှု အရမ်းများတဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရမ်း ကြမ်းတမ်း လျင်မြန်စွာ ဆက်ဆံတတ်သူတွေ၊ အဆင်မပြေတဲ့ အနေအထားနဲ့ ဆက်ဆံတတ်သူတွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီး အဖော်က အပေါ်ကနေတဲ့ အချိန် သူမက ကျယ်ပြန့်စွာ ရွေ့လျားရင်လည်း ဖြစ်တတ်တာမို့ သတိထားသင့်ပါတယ်။ အသက်ကြီးသူတွေမှာ ကျတော့ အရမ်း ကွေးကောက်လွန်းရင် ဖြစ်တတ်ပါတယ်။


(၅) ကမ္ဘာပေါ်ရှိ အမျိုးသား အများစုသည် လိင်တံအရေပြား ဖြတ်မထားကြပါ

ယနေ့ကမ္ဘာပေါ်မှာ အသက် ၁၅ နှစ် ပြည့်ပြီးသား အမျိုးသားများ အားလုံးရဲ့ ၃၀% လောက်ကပဲ လိင်တံထိပ်ဖျား အရေပြား ဖြတ်ထားကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ HIV/AIDS ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါရှိ ပါတယ်။

လူမျိုးဘာသာ ကွာခြားမှုကြောင့်လဲ ကွာခြားတဲ့ သဘော ရှိပါတယ်။ ဂျူးတွေနဲ့ မူဆလင်တွေ အားလုံးနီးပါးဟာ အရေပြား ဖြတ်ထားကြပြီး ဖြတ်ထားသမျှ အမျိုးသား ဦးရေရဲ့ ၇၀% ခန့် ဖြစ်ကြပါတယ်။ ဘာသာရေးကြောင့် မဟုတ်ဘဲ ကျန်းမာရေး အသိနဲ့ အရေပြား ဖြတ်ကြသူတွေထဲမှာ အမေရိကန်တွေက အများဆုံး ဖြစ်ပါတယ်။ ဂျူးလဲ မဟုတ် မူဆလင်လဲ မဟုတ်ဘဲနဲ့ အမေရိကန် အမျိုးသား ၇၅% ဟာ အရေပြား ဖြတ်ထားကြပါတယ်။ နယ်မြေချင်းကပ်ရက် ကနေဒါမှာတောင် ၃၀% ပဲ ရှိပါတယ်။ အင်္ဂလန်မှာ ၂၀%၊ သြစတြေးလျမှာဆို ၆% ပဲ ရှိပါတယ်။


မွေးကင်းစကလေးတွေကို ကျန်းမာရေး အမြင်နဲ့ ရုပ်ရည်ပိုင်းဆိုင်ရာ အမြင်အရ လိင်တံထိပ် အရေပြားဖြတ်တဲ့ အလေ့အကျင့်ဟာ အမေရိကန်မှာတောင် အငြင်းပွားဖွယ် ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် မကြာသေးမီကမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတိအလင်း ကြေငြာလိုက်တဲ့ အချက်ကတော့ အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေဟာ HIV ပိုး ကူးစက်ခံရဖို့ အခွင့်အလမ်း ပိုနည်းပါသတဲ့။


(ဒါ့အပြင် ကိုယ့်ရဲ့ အဖော်အဖက် အတွက်ပါ သားအိမ်ခေါင်းကင်ဆာ အန္တရာယ်ကို လျှော့ချ ပေးပြီးသား ဖြစ်စေတာလည်း သေချာပါတယ်။ အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ Human Papilloma Virus (HPV) ဟာ လိင်တံဖုံး အရေပြားကြားမှာ ခိုအောင်း နေတတ်လို့ ပါပဲ။ အမျိုးသား လိင်တံကင်ဆာ ဟာလည်း ဒီပိုးကြောင့်ပဲ ဖြစ်ရတာမို့ အရေပြား ဖြတ်လိုက်ရင်တော့ ဒီအန္တရာယ်တွေ ကင်းဝေးမှာ အသေအချာပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဒီဝန်ဆောင်မှုကို စက်တွေနဲ့ ပေးနေတဲ့ ဆေးခန်းကြီးတွေ ကြော်ငြာနေတာ တွေ့ရပါတယ်)


လက်ရှိ အမေရိကန်မှာ မွေးကင်းစ ယောက်ျားလေး အားလုံးရဲ့ ၆၅%ကို အရေပြား ဖြတ်ထား ကြတယ်လို့ သိရပါတယ်။


Last Updated at 2010-06-29 on 00:49:14 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online