Sunday 8 August 2010

AutoCAD ပညာဒါန

Mutdfan.com or MMdailynews.com ကို စတင် တည်ထောင် ပေးခဲ့သော ရန်ကုန်မြို့ရှိ Workgroup IT Solution & Training Center မှ AutoCAD ပညာကို မိမိကိုယ်တိုင် လေ့လာလိုသူ များအတွက် ရည်ရွယ်ပြီး Learning AutoCAD 2010 Vol 1 နှင့် 2 ကို ပညာဒါန Ebook အဖြစ် ယနေ့ စတင်ဖြန့်ဝေ ခဲ့ပြီဖြစ်သည်။ Workgroup အနေဖြင့် ရုရှားနိုင်ငံ Moscow State University Of Railway Engineering ကျောင်းတွင် Master of Engineering in Science and Production Engineering ဘွဲ့ ရရှိခဲ့သူ မတ်ဖန် အယ်ဒီတာ ရှမ်းလေး (မိုးနှဲ) ခေါ် ကိုအောင်ဇော်လတ် နှင့် ပူးပေါင်းပြီး ဤစာအုပ်ကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ စာအုပ်တွင် ပါရှိသော အမှာစာများမှာ အောက်ပါအတိုင်း ဖြစ်ပြီး စာအုပ်ကို အခမဲ့ မည်သူမဆို ရယူနိုင်ပါကြောင်းနှင့် အခမဲ့ အနေဖြင့် မည်သည့်နေရာမှ မဆို ဆက်လက် ဖြန့်ဝေပေးနိုင်ပါကြောင်း သတင်းကောင်း ပါး အပ်ပါသည်။


Click here to Download(54.4 MB)

“Workgroup” AutoCAD & 3ds Max Job Training Center မှ အမှာစာ

မြန်မာပြည်တွင် AutoCAD ပညာနှင့် ပတ်သက်ပြီး စာအုပ်စာပေ ထွက်ရှိမှု အလွန်နည်းနေသေးသဖြင့် သင်တန်းသို့ မသွားနိုင်သူများ နှင့် ကိုယ်တိုင် လေ့လာလိုသူများ အနေဖြင့် အခက်တွေ့ရလေ့ ရှိပါသည်။ စာအုပ်တစ်အုပ် ၀ယ်ယူပြီး နေရာတိုင်း ယူသွားဖို့ မဖြစ်နိုင်သူများအတွက် လည်းကောင်း၊ စာအုပ်ဈေးနှုန်း ပမာဏကို စဉ်းစား ရသူများ အတွက် လည်းကောင်း မည်သည့်နေရာဒေသ ရောက်နေသည် ဖြစ်စေ Online မှ တစ်ဦးကို တစ်ဦး ပေးပို့လိုသူများ အတွက်လည်းကောင်း အားလုံးအတွက် အဆင်ပြေစေရန် eBook အနေဖြင့် အခမဲ့ ဖြန့်ဝေပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။

အတတ်ပညာ တစ်ခုကို သင်ယူလိုသော ဆန္ဒပြင်းပြပါလျက်နှင့် လိုအပ်သော အထောက်အကူ ပစ္စည်းများကြောင့် အားမတန် မာန်လျော့ရသော အလားအလာကောင်းသည့် ပညာရှင် အလောင်းအလျာများအတွက် ရည်ရွယ်ပြီး Workgroup AutoCAD & 3ds Max Job Training Center မှ “ပညာလိုသူ ပညာရစေ” ဟူသော စေတနာဖြင့် အခမဲ့ ဖြန့်ဝေပေးခြင်းလည်း ဖြစ်ပါသည်။

အခြေခံမှ အဆင့်မြင့် AutoCAD ပညာအထိ လေ့လာလိုသူများအတွက် အလွန်အသုံးဝင်သည့် ဤစာအုပ်လေးမှာ AutoCAD Software ကို တီထွင်သည့် Autodesk ကုမ္မဏီက AutoCAD 2010 ကို သင်တန်းကျောင်း လက်စွဲအနေဖြင့် အသုံးပြုရန်အတွက်သာ Exam Guide vol- 1 နှင့် vol-2 ဟု စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့် စာအုပ်လေး ဖြစ်ပါသည်။ မူလ စာအုပ်အတိုင်း eBook ၌ အပိုင်း ၂ ပိုင်း ပါဝင်လာမည် ဖြစ်သလို ပူးတွဲပါလာသည့် Workfiles များနှင့် ပေါင်းစပ် လေ့လာပါမှ ပိုမိုပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပြီး Autodesk မှ ကြီးမှူး စစ်ဆေးသည့် စာမေးပွဲသာမက ICDL CAD စာမေးပွဲ များကိုပါ ၀င်ရောက်ဖြေဆို အောင်မြင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်း အတတ်ပညာ တစ်ခုအဖြစ် AutoCAD နှင့် ဆက်စပ်သော နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏ အနာဂတ်ကို မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေဟု ဆန္ဒပြု ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

ဤစာမူလေးအတွက် ရရှိခဲ့သော စာမူခ များကို အနာကြီးရောဂါ ပြုစုစောင့်ရှောက်ရေးဖေါင်ဒေးရှင်း Leprosyhelp.org သို့ လှူဒါန်းခဲ့သည့် မကြာမီ ဒေါက်တာဘွဲ့ပါ ရရှိလာတော့မည့် စာရေးဆရာ ကိုအောင်ဇော်လတ်၏ စေတနာ မေတ္တာများအတွက်လည်း ကြည်နူးမှု အပြည့်ဖြင့် သာဓုသုံးကြိမ် ခေါ်ဆိုအပ်ပါသည်။

“Workgroup” AutoCAD & 3ds Max Job Training Center
(International Computer Driving Licence Approved Test Center )
Rm- 403, Excel Tower Apartment, Gabar Aye Pagoda Rd,
Bahan Township, Yangon,Myanmar.
Ph: 951 559377 Ext: 6413. Email – infor@Workgroupweb.com

စာရေးသူ၏ အမှာစာ

ကမ္ဘာတစ်ဝှမ်းလုံး လူသိများပြီး၊ Engineering နယ်ပယ်တွင် တွင်တွင်ကျယ်ကျယ် သုံးလာသည့် AutoCAD ဆိုသော CAD (Computer Aided Design or Computer Aided Drafting) Software ကို 2D& 3D နဲ့ Drafting များအတွက် အမေရိကန် အခြေစိုက် Company ဖြစ်သော Autodesk Company က 82 နှောင်းပိုင်းတွင် အထူးစီမံ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ AutoCAD Software သည် Personal Computer တွင် Run ပြီး ပထမဆုံး အသုံးပြုခဲ့သော CAD system ဖြစ်ပါသည်။

အစောပိုင်းကာလက AutoCAD System တွင် Lines, Polylines, Circles, Arcs နဲ့ Text စသည် Objects များသာ ပါဝင်ခဲ့ပြီး၊ ထို Objects များဖြင့်သာ Designs များဖန်တီးခဲ့ကြရ ပါသည်။ နောက်ပိုင်းတွင် AutoCAD system ကို တစ်နှစ်ထက် တစ်နှစ် Functions များဖြည့်စွက်ခဲ့ကြပြီး၊ Designs များအတွက် အဆင့်မြင့် System ဖြစ်သော C++ API system ဖြင့် ပေါင်းစပ်တီထွင်ထားသည့် Solid modeling နဲ့ 3D tools ကိုဖြည့်စွက် နိုင်ခဲ့ခြင်းသည် အကောင်းဆုံး ဖြည့်စွက်မှု့ တစ်ခုဖြစ်ခဲ့ပါသည်။ ထိုသို့ Versions များမြှင့်တင် ထုတ်လာရင်း၊ ယခု AutoCAD software 2010 version ကိုထုတ်လုပ်ဖြန့်ချီ ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ထို Software ကိုဖြန့်ချီလိုက်သည်နှင့် တစ်ပြိုင်နက်တည်း Autodesk Company က AutoCAD Software 2010 ကို လေ့လာသူများအတွက် အထောက်အကူပြုစေရန် Learning AutoCAD 2010 and AutoCAD LT 2010 Autodesk Official Training Guide ဆိုသော နာမည်ဖြင့် Guide Book ကိုပါ ရေးသား ထုတ်ဝေပေးခဲ့ပါသည်။ Autodesk Company ကကြီးမှူး ဖွင့်လှစ်ထားသော Authorized Training Center (ATC®) နှင့် အခြားသော Training Classroom များ၌လည်း ဤစာအုပ်တွင် ပါဝင်သော Courses များအတိုင်း သင်ကြားပေး နေကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ AutoCAD ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊ တိုင်းတစ်ပါးသို့ AutoCAD ပညာရပ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများနှင့် AutoCAD ပညာရပ်ကို စိတ်ပါဝင်စားပြီး သင်တန်းတက်ရန် အခက်ခဲ ရှိသောကျောင်းသားများ အတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်ပြီး စာရေးသူ အနေဖြင့် မူရင်းစာအုပ်ကို အနီးစပ်ဆုံး ဘာသာပြန် ရေးသားပြုစုပေး လိုက်ပါ သည်။

ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီ ပေးခဲ့သော ရန်ကုန်မြို့၊ “Workgroup” AutoCAD & 3ds Max Job Training Center / ( Mutdfan.com ၏ အယ်ဒီတာချုပ်) ဦးဇော်လွင်ဝင်း နှင့် ဇနီး ဒေါ်ဥမ္မာအောင်၊ စာရေးသူကို AutoCAD ဆိုသော ပညာရပ်ဖြင့် စတင်မိတ်ဆက် ပေးခဲ့သည့် စာရေးသူ၏ လက်ဦးဆရာဖြစ်သော ကိုကြီး ဆန်းလင်းထွန်း၊ AutoCAD နှင့်ပတ်သက်ပြီး စိတ်ရှည်လက်ရှည် သင်ကြားပြသပေးသော Moscow State University of Rainway Engineering တက္ကသိုလ်၊ CAD Transportation Structures and Construction ဌာနမှ ကထိက C.H.Hazarenko နှင့် ကျေးဇူးရှင် မိဘနှစ်ပါး တို့ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားရင်း၊ လေ့လာသူများ အနေဖြင့် ရည်မှန်းချက် ပန်းတိုင်ကို အရောက် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

အောင်ဇော်လတ်
Master of Engineering in Science and Production Engineering
Moscow State University Of Railway Engineering

Last Updated at 2010-08-08 on 17:53:29 Written by : ဇော်ဇော် Mutdfan.com

 

blogger templates | Make Money Online