Thursday 10 June 2010

အဆီကျလိုသူများအတွက် အထောက်အကူပြု နည်းလမ်းများ

အဆီကျလိုသူများအတွက် အထောက်အကူပြုသည့် နည်းလမ်းများ


သင့်ရဲ့ ခန္ဓာကိုယ်ဟာ ၀လာရင် ရောဂါပေါင်းစုံ ၀င်လာမယ်ဆိုတာ သိမှာပါ။ ဒါကြောင့် ဒီတစ်ခါတော့ သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းရာမှာ လွယ်ကူစွာနဲ့ အထောက်အကူပြုမယ့် နည်းလမ်းတိုလေးများကို ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်အရင်တင်ခဲ့တဲ့ ဆောင်းပါးထဲက နည်းတွေနဲ့ ပေါင်းလုပ်နိုင်ပါတယ်။

(၁) သကြားဓာတ်ပြင်းသော အချိုရည်များကို ရှောင်ပါ။
အချိုရည်တွေထဲမှာမှ ပြောင်းဆန်ကနေ ထုတ်ယူထားတဲ့ သကြားဓာတ် အရမ်းကြွယ်ဝတဲ့ corn syrup ဟာ တော်တော်ဆိုးတယ်လို့ သိပ္ပံပညာရှင်များ မကြာသေးမီက တွေ့ရှိထားပါတယ်။ ၄င်းဟာ အချိုဓာတ် အရမ်းများပြီး ကယ်လိုရီ အရမ်းများလို့ နည်းနည်းစားမိရုံနဲ့ များများ ၀လာစေပါတယ်။ ၀ိတ်ချမယ်ဆိုပေမယ့် ဒါမျိုးရှောင်ဖို့ တခါတလေ ကျွန်တော်တို့ မေ့နေတတ်လို့ သတိပေးလိုက်ရပါတယ်။ corn syrup တွေက များသောအားဖြင့် မုန့်တို့ အသီးတို့ကို အချိုရည်စိမ်ထားတဲ့ အရည်တွေအဖြစ် သုံးထားကြပါတယ်။

(၂)ရယ်ဒီမိတ် စားဖွယ်များကို ရှောင်ပါ။
အလွယ်တကူ စားလို့ရတဲ့ ဘာဂါ၊ အာလူးကြော်၊ ခေါက်ဆွဲခြောက်၊ ဆီကြော်မုန့်အမျိုးမျိုးဟာ အာဟာရတန်ဖိုး နိမ့်ပါတယ်။ ဆိုလိုတာက ကယ်လိုရီတန်ဖိုးသာများပြီး ဗိုက်တာမင်၊ သတ္တုဓာတ်နဲ့ တခြား တန်ဖိုးရှိ အာဟာရဓာတ်များ မပါဝင်သလောက်ကို နည်းလို့ပါ။ ဒါတွေချည်းပဲ စားရင် ၀လာဖို့ပဲ ရှိပါတော့တယ်။
နောက်ထပ်ဆိုးတဲ့ တစ်ချက်က အဲအစားအသောက်တွေဟာ သင့်ကို စွဲလမ်းစေပါတယ်။ အဆင်ပြေ လွယ်ကူ အရသာရှိခြင်း ဆိုတဲ့ အရည်အသွေးတွေနဲ့ စွဲဆောင်ထားနိုင်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် အကြံပေးလိုတာကတော့ မဖြစ်မနေ အနေအထားမှာမှ ဒါတွေစားပါ။ တတ်နိုင်သမျှ သဘာဝ အစားအသောက်တွေကိုပဲ စားကြပါလို့။ (ဒီနေရာမှာ ကြားဖြတ် ပြောလိုတာက မြန်မာ့ရိုးရာမုန့်များဟာ ဆန်တို့ ကောက်ညှင်းတို့ကို တိုက်ရိုက်ကြိတ်ယူပြီး လုပ်ထားတာမို့ အထက်မှာ ပြောခဲ့တဲ့ မုန့်များလို refined sugar များ မဟုတ်ကြပါဘူး။ ထန်းလျက်ရည်တို့ သကြားတို့တော့ လျှော့စားကြပေါ့လေ)

(၃)အစာစားချိန် တစ်ခုနဲ့ တစ်ခုကြား အရမ်းမဝေးပါစေနဲ့။
အရမ်းဝေးပြီး အရမ်းဆာနေတော့မှ အစာစားဖြစ်ရင် တင်းတိမ်မှု လျော့နည်းပြီး ကယ်လိုရီများတဲ့ (တစ်နည်းပြောရရင်) ကစီဓာတ်များတဲ့ အစားအသောက်တွေကို ပိုမို စားမိစေတတ်လို့ ဖြစ်ပါတယ်။

(၄)မနက်စာကို ပြည့်ပြည့်၀၀ စားပါ။
မနက်စာကို အာဟာရပြည့်ပြည့် စားခြင်းဟာ သင့်ကို မ၀စေပါဘူး။ အထူးသဖြင့် အသားဓာတ်လေးနဲ့ အဆီလေး အနည်းငယ်ပါရင် ပိုပြီး တစ်နေ့တာလုံးမှာ အစားမများစေအောင် ထိန်းပေးထားနိုင်တယ်ဆိုတာ ကျန်းမာရေးနဲ့ အာဟာရ ပညာရှင်များ တွေ့ရှိအတည်ပြုပြီး ဖြစ်ပါတယ်။ ကျွန်တော်လဲ သတင်းတစ်ပုဒ်အနေနဲ့ ရေးတင်ပြီး ဖြစ်ပါတယ်။

(၅)သဘာဝအတိုင်း ပြုပြင်မှုအနည်းဆုံး အစားအသောက်များကို အများဆုံးစားသုံးပါ။
တတ်နိုင်သမျှ processed food (အဆင့်ဆင့် ပြုပြင်ပြောင်းလဲထားသော အစားအစာ) များနဲ့ fresh whole food (လတ်ဆတ်သော သဘာဝ အတိုင်းရှိသည့် အစားအစာ) များကို အစာစားဖို့ ရွေးတိုင်း ပထမအမျိုးအစားတွေကို တတ်နိုင်သမျှ အများဆုံး ပါအောင် ရွေးစေလိုပါတယ်။ ဒါဟာသင့်ကို ဗိုက်တာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ရရှိစေပြီး အ၀လွန်ခြင်းကိုလည်း ကာကွယ်ရာ ရောက်စေပါတယ်။

(၆)အစားများများ မစားမိအောင် သင်အစားစားနေကျ နေရာကို ပြုပြင်ပါ။
သင်နေ့စဉ် အကြိမ်အရေအတွက် အများဆုံး အစားအသောက် စားတဲ့နေရာ ဥပမာ ထမင်းစားခန်းလို နေရာများကို ဆာလောင်မွတ်သိပ်ခြင်း များနဲ့ အငမ်းမရ စားခြင်းမှ ကင်းဝေးရအောင် အောက်ပါ အချက်အချို့ကို လုပ်ကြည့်ပါ။

ထမင်းစားခန်း၊ စားပွဲ၊ ပန်းကန် စတဲ့ အသုံးအဆောင်များကို ၀ယ်ယူသုံးစွဲရာတွင် တတ်နိုင်သမျှ လိမ္မော်ရောင်၊ အနီရောင်၊ အ၀ါရောင် စသည့် အရောင်များ ရှောင်၍ အစိမ်းရောင်၊ အပြာနုရောင် စသည်တို့ ရွေးချယ်သုံးစွဲပါ။

(၀ယ်ယူပြီးသား ဖြစ်နေ၍ ထပ်မံဝယ်ယူရန် ပိုက်ဆံမရှိသေးသူ မန်ဘာများ အယ်ဒီတာချုပ် ကိုဇော်ဇော်၊ လေးလွှာ Excel Treasure Tower ရွှေဂုံတိုင်တွင် မန်ဘာဖြစ်ကြောင်း သက်သေပြကာ အတိုးမဲ့ ငွေချေးယူနိုင်ပါကြောင်း........ဟီးဟီး အကိုရေ အချွန်နဲ့တော့ မလိုက်ပြီ Tongue out

ပန်းကန်ခွက်ယောက်တွေကိုလည်း လေးတာတွေ သုံးသင့်ပါတယ်တဲ့။ အထူးသဖြင့် ဇွန်းခက်ရင်းနဲ့စားသူများဆို ဇွန်းခက်ရင်း လေးလေး ကို သုံးသင့်ပါတယ်တဲ့။ မိမိရဲ့ ပင်မပန်းကန်ကို အစိမ်းရောင်၊ အပြာနုရောင် သုံးပြီး ဟင်းခွက်တွေကို ခပ်မှိုင်းမှိုင်း အရောင်တွေ သုံးကြည့်ရင် တကယ် အ၀င်နည်းစေတာ တွေ့ ရှိရပါလိမ့်မယ်။

နောက်ပြီး နောက်ထပ် အထောက်အကူပြုစေတဲ့ တစ်နည်းကတော့ ထမင်းတို့ ဘာတို့လို ထပ်ထည့်ရမယ့် စားစရာတွေကို စားပွဲပေါ်မှာ အဆင်သင့် မထားဘဲ ခပ်လှမ်းလှမ်းမှာ ထားခြင်းပါပဲ။
(အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ ထမင်းမစားခင် အသီးအနှံ တစ်ခုခု သို့မဟုတ် စွပ်ပြုတ် တစ်ခုခု သောက်ပေးခြင်းပါပဲ)

(၇) သင့်ရဲ့ အစားအစာကို ကျေနပ်နှစ်သိမ့်စွာ အာရုံစိုက်စားပါ။
စိတ်လွတ်လက်လွတ် တွေဝေငေးမောပြီး စားရင် ဘယ်လောက်စားပြီးသွား ပြီလဲ ဆိုတာ သင့်အသိစိတ်က မှတ်တမ်းမတင်လိုက်ရလို့ တင်းတိမ်မှုကို နောက်ကျစေတယ်ဆိုတာ ပညာရှင်တွေ တွေ့ထားရပါတယ်။ စိတ်နှစ် အရသာခံပြီးစားရင် တင်းတိမ်မှုကို မြန်မြန်ရစေပြီး သင့်ရဲ့ဘ၀အပေါ် အကောင်းမြင်တဲ့စိတ်ကို တိုးပွားလာစေပြီး ပျော်ရွှင်မှုကိုပါ အထောက်အကူပြုတယ်လို့ သိရပါတယ်

Last Updated at 2010-06-10 on 03:15:22 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

0 comments:

 

blogger templates | Make Money Online