Wednesday 16 June 2010

၇ - ရက် သားသမီးတွေ အတွက် ဗေဒင်လာပြီဗျို့



ဇွန်လမှာ ခုနစ်ရက်သားသမီးများအတွက် ဗေဒင်လာပါပြီ

ဇွန်လ

လောလောဆယ် အရေးတကြီးတင်ဖို့ ရှိတာကတော့ (၇)ရက်သားသမီးများအတွက် “ဇွန်လ” ဟောကိန်းများပါဘဲ။ မျှော်တဲ့သူတွေ လည်း အတော်မျှော်နေကြပြီ။ (၇)ရက်သားသမီး ဟောကိန်းများ ဟာ “ယေဘူယျ” ဟောကိန်းတွေ ဆိုပေမယ့် စာဖတ်သူတွေ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှု ကြတာကို တွေ့ရလို့ အထူးဝမ်းမြောက်မိပါတယ်။ နက္ခတ်ပညာရှင် ဆြာကြီးတွေ သိပ်,အထင်မကြီး လှတဲ့ “မဟာဘုတ်ပညာ” နဲ့ အခုလို နီးနီးစပ်စပ် မှန်ကန်အောင် တွက်ချက်နိုင်/ဟောပြောနိုင်လို့ “မြန်မာ့ဗေဒင်ပညာ” တစ်ခုအတွက် ဂုဏ်ယူ ၀မ်းမြောက်မိပါရဲ့။ ကဲ - ဇွန်လဟောကိန်း လေးတွေ ဖတ်ကြည့်ကြရ အောင်လားဗျာ။

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေသားများအတွက် ယခုလမှာ ကံဇာတာ အတော်ညံ့နိုင်ပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး တစ်ခုမဟုတ် တစ်ခု ထိခိုက်နိုင်ပါတယ်။ ခရီးသွားရင်း ဘေးဥပဒ် ကြုံနိုင် ပါတယ်။ ဒီလအတွင်း ခရီးတို, ခရီးရှည်များ ရွှေ့ဆိုင်းသင့်ပါတယ်။ ကိုယ်ပြောတဲ့ စကား အမှားပါပြီး ပြဿနာတက်ကိန်းရှိတာမို့ “ပြောရေးဆိုခွင့်” ရှိသူများ အထူးဆင်ခြင် သင့်ပါတယ်။ ဒီလထဲမှာ စကား မဆင်မခြင်ပြောတာ ဂရုပြုပါ။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အလွန်အဆင်မပြေဖြစ်မယ်။ အိမ်ထောင်ရှိသူများလည်း ဆင်ခြင်သင့်ပါတယ်။ နဂိုကတည်းက ခြေရှုတ်သူများ ယခုလမှာ အိမ်ထောင်ရေး ပြဿနာ အကြီးအကျယ် တက်,တတ်ပါတယ်။ ဒီလမှာ တနင်္ဂနွေသားသမီးများ အကောင်းရှိနိုင်တာက ငွေကြေးကံတစ်ခုတော့ ကောင်းနိုင်ပါတယ်။ ငွေစုငွေပုံ ၀င်ရောက်မှုသော်၎င်း၊ ၀င်ငွေတိုးတက်ကိန်းသော်၎င်း ရှိနိုင်တယ်။ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ နဲ့ သောကြာ သက္ခတ်များအတွင်း ရောက်နေသူများ ကျန်းမာရေး အထူးဂရုပြုပါ။ ရောဂါဟောင်းများ ပြန်ကြွတတ်ပါတယ်။ ဒီလ (ဇွန်လ) အတွက် (၇)ရက် သားသမီးထဲမှာ တနင်္ဂနွေသားသမီး အညံ့ဆုံးလောက် ရှိတာမို့ မိမိကိုးကွယ်ရာ ဘာသာတရားကို အထူးကိုးကွယ်ဆည်းကပ်ပါလို့ အကြံပြုလိုပါတယ်။

နာမည်မှာ = တနင်္ဂနွေ စ,ပြီး သောကြာဆုံးသူများ ကံဇာတာ အလွန်ညံ့ဖွယ် ရှိတာမို့ အပြောအဆို အနေအထိုင် ဆင်ခြင်နေပါ။
= တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ (သို့) တနင်္လာ ဆုံးသူများလည်း ညံ့ပါတယ်။
= တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး၊ ရာဟု ဆုံးသူများမှာ အဆိုးထဲကနေ အကောင်း ထ, ဖြစ်စရာ ရှိပါတယ်။
= တနင်္ဂနွေ စ,ပြီး အင်္ဂါ ၊ စနေ ဆုံးသူများ Accident နှင့် သွေးထွက်သံယိုမှုများ ၊ ခွဲစိတ်ကုသ ခံရမှုများ သတိထားပါ။

ယတြာပြုလိုသူများအတွက် - တနင်္ဂနွေ၊ တနင်္လာ နှင့် သောကြာနေ့များမှာ ဂြိုဟ်ပြေ နံပြေ ဘုရားရှိ တနင်္ဂနွေနံ ၊ တနင်္လာနံ နှင့် သောကြာနံဘုရား (၃)ဆူကို ရေသက်စေ့ လှူဒါန်း သပ္ပါယ် ပူဇော်ပေးပါ။ ဂြိုဟ်ပြေနံပြေ ဘုရားမရှိလျှင် မိမိအိမ်ရှိ ဘုရားကို အထက်ပါ နေ့များတွင် ဘုရားကို အရှေ့ဘက်သို့ မျက်နှာမူစေလျှက် တနင်္ဂနွေဒေါင့် (အရှေ့မြောက်အရပ်)၊ တနင်္လာဒေါင့် (အရှေ့အရပ်)၊ သောကြာ ဒေါင့် (မြောက်အရပ်)များမှ နေ၍ အထက်ပါအတိုင်း ရေသက်စေ့ လှူဒါန်း သပ္ပါယ် ပူဇော်ပေးပါ။

တနင်္လာ သားသမီးများ

ယခုလမှာ တနင်္လာ သားသမီးအတွက် အကောင်းလား ? အဆိုးလား ? မပြောနိုင်လောက်တဲ့ အပြောင်းအလဲတွေ ကြုံရဖွယ် ရှိပါတယ်။ ဖြစ်ဖို့များတာက - အိမ်ထောင်ရေး၊ အိမ်တွင်းရေး ၊ အချစ်ရေး ၊ လက်အောက်ငယ်သား ကိစ္စ ၊ လူမျိုးခြား နှင့် ပတ်သတ်သော ကိစ္စ ၊ မိသားစုအတွင်း အသက်အရွယ် ကြီးရင့်သော သူများနှင့် ပတ်သက်ပြီး အပြောင်းအလဲတွေ ကြုံရဖွယ် ရှိပါတယ်။ သို့တည်းမဟုတ် သွေးထွက်သံယိုမှု၊ Accident ၊ သဘာဝ ဘေးဥပဒ်တစ်ခုခုနဲ့လည်း ကြုံရဖွယ် ရှိပါတယ်။ ဒါပေမယ့် အလွန်အမင်း ဆိုးဝါးတဲ့ ကိစ္စမျိုး၊ အသက်အန္တရာယ် ဖြစ်လောက်တဲ့ကိစ္စတော့ မဟုတ်ပါ။ အလွန်စိတ်ရှုတ်ထွေး နောက်ကျိ ရတတ်ပါတယ်။ ငွေကြေးအမြောက်အများ ကိုင်တွယ်နေရ သူများ သတိထားပါ။ ငွေကြေးပြဿနာ တက်ရဖွယ် ရှိပါတယ်။ ငွေကြောင့် အလွန်စိတ်ညစ်ရ တတ်ပါတယ်။ အမြောက်အများ ၀င်ကိန်း ရှိသလို ၊ အမြောက်အများ ပြန်ထွက်ကိန်းလည်း ရှိပါတယ်။

နာမည်မှာ = တနင်္လာ စ,ပြီး တနင်္လာ နဲ့ သောကြာဆုံးသူများသာ ယခုလ, အတွက် ကံဇာတာ အနည်းငယ် တိုးတက် ကောင်းမွန်ဖွယ် (သက်သာဖွယ်) ရှိပြီး၊ ကျန် နေ့နံများဖြင့် ဆုံးသူများ ယခုလ အတွက် ကံဇာတာ ကောင်းမည်ဟု ပြောမရပါ။ ညံ့ရင်သာ ညံ့ဖို့ရှိပါတယ်။

ယတြာပြုလိုသူများအတွက် - သက်ကြီးရွယ်အို ရဟန်းတော်တစ်ပါးအား ထီး နှင့် ဖိနပ်တစုံ လှူဒါန်း ပူဇော်လိုက်ပါ။ ထို့နောက် မိမိအိမ်ရှိ ပျက်နေသော စက်ပစ္စည်းများအား ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။

အင်္ဂါ သားသမီးများ

ယခုလအတွက် အင်္ဂါသားသမီးများ ကံဇာတာ အကောင်း နဲ့ အဆိုး မျှပြီး ခံစားရဖွယ် ရှိပါတယ်။ အင်္ဂါ သားသမီးများ ယခုလမှာ အလုပ်အကိုင် ၊ ရာထူး ၊ ငွေကြေးကိစ္စ ၊ နာမည်ကျော်ကြားမှုတွေ အတွက် ကောင်းနိုင်ပါတယ်။ မမျှော်လင့် မထင်မှတ်သော ရာထူးတိုးတက်မှုများ နှင့် ငွေကြေး ၀င်ရောက် ကိန်းများ ရှိနိုင်ပါတယ်။ မကောင်းတာက အိုးအိမ်ကိစ္စ ၊ ဖခင်ကျန်းမာရေး ၊ မိမိအား စောင့်ရှောက် နေသော ဆရာသမား/အထက်လူကြီး၏ ကျန်းမာရေးများသာမက ၊ မိမိရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စများမှာ ကံမကောင်း မှုများ ကြုံရဖွယ် ရှိပါတယ်။ မိမိနေအိမ်မှာ လူအ၀င်အထွက် ၊ ညအိပ်ညနေ ဧည့်သည် အလွန်များပြားပြီး စိတ်ညစ်ညူးရဖွယ် ရှိပါတယ်။ တနင်္လာ နဲ့ ရာဟု သက္ခတ်များအတွင်း ရောက်နေသူများ ငွေစုငွေပုံများ ၀င်ရောက်ဖွယ်ရှိပါတယ်။

= နာမည်မှာ - အင်္ဂါစ, ပြီး တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး နဲ့ စနေ ဆုံးသူများ ဒီလ ထီ နဲ့ အလောင်းအစား ကိစ္စတွေမှာ ကံကောင်းနိုင်တယ်။ (လောဘ သတ်နိုင်မှနော်)။ ကံဇာတာ အကျဉ်းချုပ်အနေနဲ့ ပြောရရင် “သင့်မြတ်ပါတယ်” ။ သိပ် ကံဆိုးစရာ မရှိပါဘူး။

ယတြာပြုလိုသူများအတွက် - မိမိနေအိမ်ဘုရားတွင် အုန်းသီးစိပ်(၆) စိပ် နှင့် ကျောက်ဖရုံယို(၁၅)ခု ကို အတူယှဉ်တွဲ ကပ်လှူပေးပါ။

ဗုဒ္ဓဟူး သားသမီးများ

ယခုလ, အတွက် ဗုဒ္ဓဟူးသားသမီးများ ကံဇာတာ သိပ်မဆိုးလှပါဘူး။ မိမိကြိုးပမ်းအားထုတ်မှုများ အထူး ကံကောင်းမယ့် လ, ဖြစ်နိုင်ပါတယ်။ လူပင်ပန်း သလို၊ စိတ်လည်း ပင်ပန်းမယ်။ (လူပင်ပန်း စိတ်ပင်ပန်း ရမှာတော့ ယခင်လ - မေလ အတိုင်းပါဘဲ)။ စိတ်နှစ်ခွ ဖြစ်စရာ ၊ ဆုံးဖြတ်ဖို့ ခက်တဲ့ ကိစ္စတွေ ပေါ် ပေါက်မယ်။ သတင်း၊ ဆက်သွယ်ရေး ၊ ကြော်ငြာ၊ စာ/နယ်/ဇင်း နဲ့ လူထုဆက်ဆံရေး လုပ်ငန်းများနှင့် ဆက်နွယ်နေသော အလုပ်လုပ်ကိုင်သူများ အထူးကံကောင်းနိုင်တယ်။ ကျန်းမာရေး အနည်းငယ် ညံ့ဖွယ်ရှိတယ်။ သွေးထွက်သံယို နှင့် အသေးစားထိခိုက်မှုများ ရှိတတ်တယ်။ ငွေစုငွေပုံ ၀င်ရောက်ကိန်း ရှိတယ်။ အချစ်ရေး ကံကောင်းပြီး စန်းပွင့် နေမယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ အထင်ကြီးမှုကို ခံရမယ်။ ဘာသာရေးနှင့် ပတ်သက်ပြီး ထူးခြားသော ကိစ္စများ ဆောင်ရွက်ရဖွယ် ရှိတယ်။ ဘာသာရေး နှင့် အလှူအတန်းဖက်မှာ အာရုံများနေလိမ့်မယ်။ လုပ်ငန်းချဲ့ထွင်ရန် ကြံရွယ် နေသူများ လုပ်ငန်းချဲ့ ဖြစ်မယ်။

= နာမည်အနေနဲ့ နာမည်မှာ ဗုဒ္ဓဟူး စ,ပြီး တနင်္လာ၊ ကြာသပတေး (သို့) သောကြာ ဆုံးနေသူများမှာ Accident နှင့် မတော်တဆထိခိုက်မှုများကြုံရဖွယ်ရှိပေမယ့် သိပ်အဆိုးကြီးမဟုတ်ပါ။ ကျန်နေ့တွဲလုံး ပိုင်ရှင်များ ပြဿနာ သိပ်မရှိနိုင်ပါ။ ဗုဒ္ဓဟူးသားသမီး အတော်များများ ဒီလ ကံကောင်းမှု များပြားပါ လိမ့်မယ်။

ယတြာပြုလိုသူများအတွက် - မိမိနေအိမ်ဘုရားမှာ “မင်းဂွတ်သီး(၉)လုံး နှင့် ကြက်မောက်သီး”(၉)လုံး တို့ကို ပုဂံပြား တစ်ချပ်ထဲမှာ ထည့်ပြီး မကြာခဏ ကပ်လှူပေးပါ။ (အခွံနွာပြီးမှ ကပ်ရမည်)။ ယခုလ ငွေကြေးလာဘ်လာဘ အထူးရွှင်လန်းလိုလျှင် မိမိနေအိမ်ဧည့်ခန်းတွင် “မောင်း” ငယ်တစ်လုံး ချိန်ဆွဲပြီး “ကံ့ကော်သား” လက်ခတ်ဖြင့် နံနက် (၉)ကြိမ် ၊ နေ့လယ် (၉)ကြိမ် ၊ ည (၉)ကြိမ် တီးခတ် ပေးပါ။ (ယခုလ တစ်လတည်းအတွက်သာ)

ကြာသပတေး သားသမီးများ

ယခုလအတွက် ကြာသပတေးသားသမီးများ ကံကြမ္မာအကောင်းဘက်မှာ ပိုများပါတယ်။ ငွေကြေး၊ အချစ်ရေး၊ ခရီးသွားလာခြင်း ၊ အနုပညာလုပ်ငန်းများနှင့် ပတ်သက်ပြီး အောင်မြင်မှုများ ရရှိနိုင်မယ်။ ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု အနည်းငယ် ရှိမယ်။ အလည်အပတ် ခရီး၊ ဘုရားဖူးခရီး ၊ နိုင်ငံခြား ခရီး များ ရှောင်တခင် ထွက်ရဖွယ် ရှိတယ်။ မိန်းမသားများ ကိုယ့်ခင်ပွန်းအတွက် စိတ်သောက ရောက်ဖို့ ကိစ္စများ ကြုံရတတ်တယ်။ ဆွေမျိုးသားခြင်းများနှင့် ပတ်သက်ပြီး ပူပန်သောကရောက်စရာ ကြုံမယ်။ နာမည်နှင့် လုပ်စားသူများ၊ အနုပညာရှင်များ ၊ ဟော်တယ် နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အကျိုးကျေးဇူး များလိမ့်မယ်။ လှပတဲ့ လက်ဆောင်ပစ္စည်းများ ရရှိမယ်။ ကျန်းမာရေး အနည်းငယ် ခြူချာမယ်။ ယေဘူယျ ပြောရရင် ကြာသပတေး သားသမီးများ ဒီလအတွက် အကောင်းများမယ့် လ, တစ်လ ဖြစ်ကြောင်းပါ။

= နာမည်တွဲလုံး အနေနဲ့ ကြာသပတေး စ,ပြီး သောကြာ နှင့် တနင်္လာ ဆုံးသူများ သိသာထူးခြားတဲ့ ကောင်းကျိုးများ ခံစားရရှိနိုင်တယ်။
= ကြာသပတေး စ,ပြီး ဗုဒ္ဓဟူး ကြာသပတေး ဆုံးသူများ ဘေးဥပဒ် အနည်းငယ်ရှိတယ်။ နာဖျားမကျန်းရှိတတ်ပြီး ဆေးကုသရတတ်တယ်။ (မစိုးရိမ်ရပါ)
= ကြာသပတေး စ,ပြီး တနင်္ဂနွေ ဆုံးသူများ အိမ်တွင်း ၊ အလုပ်အကိုင် ၊ ရာထူး ကိစ္စများအတွက် စိုးရိမ် ပူပန်ဖွယ်ရာ အခြေအနေများ ကြုံရဖွယ် ရှိပါတယ်။ (ဒါပေမယ့် ဆိုးဆိုးဝါးဝါးတော့လည်း မဖြစ်နိုင်ပါ)

ယတြာပြုလိုသူများအတွက် - မိမိမွေးနေ့ ကြာသပတေးနေ့များမှာ အိမ်ရှိဘုရားမှာ “သစ္စာပန်း” (အဖြူ / အနီ/ ပန်းရောင် ရရာ) လှလှများ ကပ်လှူပူဇော်ပေးပါ။

သောကြာ သားသမီးများ

သောကြာသားသမီးများ ယခုလမှာ ကံကောင်း/ကံညံ့ ရောထွေးနေပါတယ်။ မိမိရောက်နေတဲ့ “သက္ခတ်” ညံ့ရင် ညံ့သလို အဆိုးများပြီး သက္ခတ်ကောင်းရင်တော့ အဆိုးနည်းနိုင်ပါတယ်။ အထူး သတိထားရမှာက Accident ဖြစ်ပါတယ်။ ခရီးသွားလာစဉ် ထိခိုက်မှုများ ဖြစ်နိုင်ပါတယ်။ ရောဂါ အမည်တပ်ဖို့ မလွယ်တဲ့ ရောဂါများ ဖြစ်နိုင်ပါတယ်။ လူလိမ်ခံရတတ်ပါတယ်။ ငွေကြေး ပျောက်ဆုံး၊ ဆုံးရှုံးကိန်းများလည်း ရှိပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေးမယ်။ ကျန်းမာရေး မကောင်း ဖြစ်တတ်တယ်။ ဒီလဟာ တနင်္ဂနွေ သားသမီးပြီးရင် သောကြာ သားသမီးများဟာ ဒုတိယ အညံ့ဆုံး ဖြစ်သွားနိုင်ဖွယ် ရှိတယ်။ လူအိုလူမင်း၊ ဘာသာခြား၊ လူမျိုးခြား ဒုက္ခပေးခံရမှုမျိုးလည်း ကြုံရတတ်တယ်။ ဘုရားတရား မမေ့သင့်တဲ့ လ, တစ်ခုဖြစ်ပါတယ်။

= နာမည်တွဲလုံး အနေနဲ့ သောကြာ စ,ပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ ဆုံးသူများ အလွန် အညံ့များ လိမ့်မယ်။
= သောကြာ စ,ပြီး စနေ ၊ အင်္ဂါ ဆုံးသူများ Accident ဖြစ်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ ခွဲစိတ်ကုသ ခံရခြင်း နှင့် အရှက်တကွဲ ဖြစ်ခြင်းများ ကြုံရဖွယ် ရှိပေမယ့် စိုးရိမ်ရလောက်အောင်တော့ မဖြစ် တတ်ပါ။

ယတြာပြုလိုသူများအတွက် - မွေးနေ့ သောကြာနေ့မှာ အခွံချွတ် အုန်းသီးတစ်လုံးကို “တူဖြင့်” ရိုက်ခွဲပြီး အရှေ့တောင်အရပ်သို့ ဗုဒ္ဓဟူးသားတစ်ယောက်ကို သွားရောက်စွန့်ပစ် ခိုင်းလိုက်ပါ။ ထို့နောက် သံဃာတော်(၆)ပါးအား စနေ စ,ပြီး ဗုဒ္ဓဟူး အဆုံး နာမည်မှည့်ထားသော “မြန်မာဆေး” တစ်ဗူးစီ ကပ်လှူလိုက်ပါ။ (ဥပမာ - “ထက်လင်း” အကြောပြေဒဏ်ကြေလိမ်းဆေး)

စနေ သားသမီးများ

စနေသားသမီးများအတွက် ယခုလဟာ အကောင်းတော်တော်များနိုင်ပါတယ်။ ငွေကြေး၊ နာမည် ကျော်ကြားမှု ၊ အလုပ်အကိုင် တိုးတက်အဆင်ပြေမှု ၊ ထီ နှင့် အလောင်းအစား ကိစ္စများ ၊ အမွေ ကိစ္စများနှင့် ပတ်သက်ပြီး စနေသားသမီး အတော်များများမှာ အကျိုးခံစားခွင့်တွေ အနည်း နဲ့ အများ ဆိုသလို ရရှိနိုင်ပါတယ်။ ငွေကြေး နှင့် ဘဏ်လုပ်ငန်း ၊ ပညာသင်ကြားရေးလုပ်ငန်း ၊ တရားဥပဒေ ဆိုင်ရာ လုပ်ငန်း ၊ စတော့ရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်း ၊ ဘာသာရေး နှင့် ပတ်သက်သော လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသူများ ထူးခြား သိသာတဲ့ အကျိုးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူများ ပညာရေး နှင့် ပတ်သက်ပြီး အလွန်အောင်မြင်နိုင်တယ်။ သက္ခတ်ကောင်းများမှာ ရောက်နေသူများ ရာထူးတိုးကိန်း အလွန်များပါတယ်။ အထက်လူကြီးရဲ့ စောင်မကြည့်ရှုမှုကို ခံစားရ ဖွယ်ရှိတယ်။ ငွေစုငွေပုံ ၀င်ကိန်းရှိတယ်။ အိုးအိမ် အဆောက်အဦ၊ အခန်း စသည်များ “၀င်ကိန်းရော ထွက်ကိန်း” ပါ ရှိနေတယ်။

= နာမည်တွဲလုံး အနေနဲ့ နာမည်မှာ စနေ စ,ပြီး စနေ ၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး ဆုံးသူများ သိသာ ထင်ရှားတဲ့ တိုးတက်ကောင်းမွန်မှုတွေ ရရှိနိုင်လိမ့်မယ်။
= စနေ စ,ပြီး တနင်္ဂနွေ ၊ တနင်္လာ နဲ့ အင်္ဂါနံ ဆုံးသူများ ကျန်းမာရေး မကောင်းဖြစ်တတ်ပေမယ့် စိုးရိမ် ရလောက်အောင် မဖြစ်နိုင်ပါဘူး။
= နာမည်တွဲလုံးတွေ ဘယ်လိုဘဲရှိရှိ ဒီလအတွက် စနေသားသမီးများဟာ ကံကောင်းမှုများကို အနည်း နဲ့ အများဆိုသလို ခံစားရရှိလိမ့်မယ် ဖြစ်ကြောင်းပါ။

ယတြာပြုလုပ်လိုသူများအတွက် - တနင်္ဂနွေနေ့ နှင့် ကြာသပတေးနေ့များမှာ ဘုရားမှာ “အောင်သပြေ” ပန်း ကပ်လှူပူဇော်ပေးပါ။ သပြေပန်း မရှိတဲ့ အရပ်များမှာ “အောင်ပန်းဆရာတော်” ရဲ့ တရားဓမ္မ များကို နံနက်စောစောမှာ မကြာခဏ ဖွင့်ပေးပါ။ (အင်တာနက်မှာ Download ယူနိုင်သည်)

ရာဟု သားသမီးများ

ရာဟုသားသမီးများအတွက် - ယခုလဟာ ဗုဒ္ဓဟူး သားသမီးများထက်ပင် ပိုကောင်းမယ့် အလားအလာ ရှိပါတယ်။ အိမ်တွင်းရေးများ သာယာချမ်းမြေ့နိုင်တယ်။ ပြင်ပ လူမှုဆက်ဆံရေးများ အောင်မြင်ပြီး လူများစုရဲ့ ထောက်ခံအားပေးမှုများကို ရရှိနိုင်လိမ့်မယ်။ အချစ်ရေး ကံကောင်းနိုင်ပြီး စန်းပွင့်မယ့် ကာလဖြစ်တယ်။ ရုတ်တရက် အိမ်ထောင်ကျကိန်းများလည်း ရှိနေပါတယ်။ ချစ်သူမရှိသူ များ ချစ်သူတွေ့နိုင်တယ်။ ကိုယ့်ထက် အသက်ငယ်သူ (သို့) ကိုယ့်ထက် ဂုဏ် ဒြပ် မြင့်မားသူများ နှင့် ဆုံဆည်းရဖွယ် ရှိတယ်။ ဆရာသမား အကြီးအကဲများရဲ့ ကူညီ မ,စ မှုများကို ရရှိနိုင်တယ်။ ငွေကြေး အစုအပုံ ၀င်ကိန်းရှိတယ်။ ဘာသာရေး ကိစ္စများ ဆောင်ရွက်ရဖွယ် ရှိပြီး ဒီလို ဆောင်ရွက်ခွင့် ကြုံလာရင် ကံကောင်းတော့မယ် မှတ်ပါ။

= နာမည်တွဲလုံး အနေနဲ့ - ဗုဒ္ဓဟူး ရာဟု စပြီး ဗုဒ္ဓဟူး ရာဟု ပြန်ဆုံးသူများ ၊ တနင်္လာ , စနေ , ကြာသပတေး ဆုံးသူများ အထူးသိသာ ထင်ရှားတဲ့ ကောင်းကျိုးများ ရရှိခံစားရပါလိမ့်မယ်။
= ဗုဒ္ဓဟူး ရာဟု စပြီး အင်္ဂါ , သောကြာ , တနင်္ဂနွေ ဆုံးသူများ ကျန်းမာရေး အနည်းငယ် ညံ့တတ်ပြီး နေမကောင်းဖြစ်တတ်ပေမယ့် စီးပွားရေး ၊ လူမှုရေး ၊ အလုပ်အကိုင် ကိစ္စများမှာတော့ ညံ့စရာ မရှိလှပါ။

ယတြာပြုလုပ်လိုသူများအတွက် - ဗုဒ္ဓဟူးသားသမီးများအတွက် ယတြာလိုဘဲ မိမိနေအိမ်ဘုရားမှာ “မင်းဂွတ်သီး(၉)လုံး နှင့် ကြက်မောက်သီး”(၉)လုံး တို့ကို ပုဂံပြား တစ်ချပ်ထဲမှာ ထည့်ပြီး မကြာခဏ ကပ်လှူပေးပါ။ (အခွံနွာပြီးမှ ကပ်ရမည်)။ ယခုလ ငွေကြေးလာဘ်လာဘ အထူးရွှင်လန်းလိုလျှင် မိမိနေအိမ်ဧည့်ခန်းတွင် “မောင်း” ငယ်တစ်လုံး ချိန်ဆွဲပြီး “ကံ့ကော်သား” လက်ခတ်ဖြင့် နံနက် (၉)ကြိမ် ၊ နေ့လယ် (၉)ကြိမ် ၊ ည (၉)ကြိမ် တီးခတ် ပေးပါ။ (ယခုလ တစ်လတည်းအတွက်သာ)

(၇)ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေသော်ဝ်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

0 comments:

 

blogger templates | Make Money Online