Saturday 20 March 2010

လျှောက်သောလမ်း

ရည်ရွယ်ချက်နဲ့ ဦးတည်ရာ အခါခါ ငါ လျှောက်ခဲ့။
ပမ်းတဲ့ အခါ ပမ်း၊
လွမ်းတဲ့ အခါ လွမ်း၊
နွမ်းတဲ့ အခါ နွမ်း၊
စွမ်းတဲ့အခါ စွမ်း၊

သူနဲ့နီးရာ ချစ်ကမ္ဘာ တူယှဉ်ကာ ငါ လျှောက်ခဲ့။ ပမ်းတဲ့ အခါ သူကူ၊
လွမ်းတဲ့အခါ သူယူ၊
နွမ်းတဲ့အခါ သူ မြူ၊
စွမ်းတဲ့အခါ အတူတူ၊
သြော် . . .
အတူတူယိမ်း အတူတူ ထိမ်း အတူတူပဲ သိမ်းကြစို့နော်။

မျိုးညီညီ (မန်းတက္ကသိုလ်)

လပြည့်ည


လမင်းဟာ
ရွှေရောင်ဝတ်စုံ ဖြန့်ကားလို့
အပျိုစင်ရဲ့ ဣနြေ္ဒနဲ့ လမ်းလျောက်ထွက်ခဲ့တယ်။

ကြယ်လေးတွေကတော့ သူတို့ရဲ့
အရည်လဲ့မျက်လုံးလေးတွေနဲ့
အထိတ်တလန့် ငေးကြည့်လို့ပေါ့။

အရာအားလုံးဟာ
ငြိမ်သက်ခြင်းရဲ့ ကြမ်းပြင်ထိ
နစ်မြုပ်နေကြတယ်။

အဲဒီည…. ငါဟာ
လရောင်ကို ထိုင်မျှားရင်း
လရောင်ရဲ့ သားကောင်ဖြစ်ခဲ့တယ်။

နိုဝယ် (တန့်ဆည်)

Friday 19 March 2010

ခါးနာခြင်းကို ဘယ်လို ကာကွယ် ကြမလဲ။

ခါးနာခြင်းဟာ လူ ၁၀ ယောက်မှာ ၈ ယောက် ခံစားရလေ့ရှိတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ တော်တော်ဆိုးပြီး အလုပ်ပျက် အကိုင်ပျက် ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ ခါးနာခြင်းကို ဖြစ်စေတဲ့ နောက်ခံ အကြောင်းတရား ရောဂါတွေက အများကြီး ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်း တွေကတော့ ..........


(၁) ခါးရဲ့ ကြွက်သား၊ အရွတ်၊ အဆစ်တွေကို ထိခိုက်မိခြင်း (သို့) အလွန်အကျွံ အလုပ်လုပ်မိခြင်း

(၂) ကြောရိုးအာရုံကြောမကြီး ရှိတဲ့ အခေါင်းပေါက်ထဲက အာရုံကြော အရင်း (nerve root) ကို ထိခိုက်မိခြင်း ( လှုပ်ရှားမှု၊ အလေးမမှု စသည်တို့မှာ ပုံစံမမှန်ခြင်း၊ Osteoarthritis ခေါ် အရိုးပွန်း အဆစ်ယောင် ရောဂါ၊ ခါးရိုး ကျီးပေါင်းတက်ခြင်း၊ ကြောရိုးအာရုံကြောမကြီး ရှိတဲ့ အခေါင်းပေါက်ကျဉ်း၍ ပိတ်သွားခြင်း၊ မွေးရာပါ သော်လည်းကောင်း အခြားအကြောင်း အရင်း တစ်ခုခုကြောင့် အရိုးပုံပျက်သွားခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်)


ဒါပေမယ့် မပူပါနဲ့။
သင့်ရဲ့ ခါးကို နာကျင်ခြင်းတွေမှ ကင်းဝေးအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း အဆင့်လေးတွေကို ပညာရှင်များက လေ့လာသုတေသနပြုပြီး ထုတ်ပြန်ပေးထားတဲ့ အတိုင်း တင်ပြပေးလိုက်ပါတယ်။

(အကောင်းဆုံး နည်းလမ်း တစ်ခုကို ပြောရရင်တော့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကာ ခါးနဲ့ ၀မ်းဗိုက်ကြွက်သားတွေကို တောင့်တင်းသန်မာစေခြင်းဖြင့် ခါးနာခြင်းကို ကာကွယ်ခြင်းပါပဲလို့ ကျွန်တော့်ရဲ့ဆရာ အရိုးအကြောပါရဂူကြီး တစ်ဦးက ပြောပါတယ်)

(၁) ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှု၊ အလုပ် စသည့် တစ်စုံတစ်ရာ လုပ်ပြီးတိုင်း ခါးကိုဆန့်ထားကာ အနားယူပါ။

(၂) ထိုင်နေတဲ့အချိန် သို့မဟုတ် လမ်းလျှောက်နေတဲ့ အချိန်တွေမှာလဲ လွန်မင်းစွာ ပျော့တိပျော့ခွေစွာနဲ့ ခွေခေါက်နေခြင်းကို ရှောင်ပါ။



ဒီပုံမှာ ပြထားတဲ့အတိုင်း လမ်းလျှောက်ရင် သင့်ခါးအတွက် အကောင်းဆုံးပါပဲ။

(၃) ခုံမှာထိုင်ထိုင် ကားထဲမှာ ထိုင်ထိုင် ခါးအတွက် ကောင်းမွန်တဲ့ အခံ (lumbar support) ရှိပါစေ။

ဒီပုံထဲက ဟာလေးတွေ ဖြစ်ပါတယ်။

ဒါမျိုးလဲ ရှိပါတယ်။ ဇကာကွက်ပုံစံလေ။


(၄) ကြာကြာထိုင်ပြီး အလုပ်လုပ်နေရရင် ခါးကြွက်သားတွေ တင်းအားက သက်သာစေဖို့ မကြာခဏ ဖြည်းညှင်းစွာ ဆန့်ပေးပါ။ (ဆန့်ပေးပါ ဆိုတာ ခါးဆစ်တွေကို လှည့်ချိုးခိုင်းတာ လုံးဝမဟုတ်ပါဘူး။ အဲလိုလုပ်လို့ အာရုံကြော ညပ်သွားခဲ့ရင် ကုရခက်တဲ့ ခါးနာရောဂါ ဖြစ်သွားတတ်ပါတယ်။ ရေရှည်မှာလဲ ခါးရိုးကျီးပေါင်းတက် ရောဂါ ဖြစ်စေနိုင်ပါတယ်)


(၅) ခါးမှာ အထောက်အပံ့မရှိဘဲနဲ့ အလွန်အမင်း ကုန်းခြင်း၊ ခါးကွေးခြင်းများ မလုပ်ပါနဲ့။ အလေးအပင်မရင် သတိထားပါ။ ကိုယ်နဲ့ ကပ်ပြီး မပါ။ ခွာမ မ ပါနဲ့။


(၆) သက်တောင့်သက်သာရှိသော ဒေါက်နိမ့် ဖိနပ်များကိုသာ စီးပါ။ ဒေါက်မြင့်ဖိနပ်များကို ရှောင်ပါ။ (အမျိုးသမီးများအတွက်)

(၇) အိပ်ပျော်နေစဉ် အတွင်းမှာ သင့်ရဲ့ ခါးရိုးဆစ်များ ကွေးနေခြင်းကို ရှောင်ရှား ရန်အတွက် ဘေးတစ်စောင်းအိပ်ပါ။ (ညာဖက်ကို စောင်းအိပ်တာ နှလုံး အတွက်ပါ ကောင်းပါတယ်၊ အိမ်ထောင်ရှိသူတွေမို့ ဘယ်ဘက်က ဇနီးက ပြဿနာရှာရင်တော့ ကျွန်တော့် အပြစ် မဟုတ်ဘူးနော်)


(၈) အမြဲတမ်း ညီညာ တင်းရင်းတဲ့ မျက်နှာပြင် မှာပဲ အိပ်ပါ။

(၉) ပက်လက်ပဲ အိပ်တတ်တယ်ဆိုရင်လဲ ခါးကို စန့်နေပါစေ။ ခြေကျင်းဝတ် အောက်မှာ တစ်ခုခု ခံထားပြီး အိပ်ခြင်းက ခါးအတွက်တင်သာမက သွေးလှည့်ပတ်မှုအတွက်ကော ကောင်းစေပါတယ်)

(၁၀) ၀လွန်းရင် ကိုယ်အလေးချိန် လျှော့ချပါ။ ထိန်းထားပါ။

(၁၁) ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ရင် သွေးကြောတွေ ကျဉ်းသွားစေတတ်တဲ့ အတွက် ခါးဆစ်အောက်ပိုင်း ဆီသွားတဲ့ သွေးကြောတွေပါ ကျဉ်းကုန်လို့ ခါးရိုးဆစ်တွေကြားက အရိုးနုပြားလေးတွေ ယိုယွင်းကုန်လို့ ခါးနာလာတတ်ပါတယ်။

(၁၂) နေ့စဉ် ဗိုက်တာမင်ဒီ ပါတဲ့ အစားအသောက်တွေ နဲ့ ဗိုက်တာမင်ဒီ အားဖြည့်ဆေးကို မှီဝဲပေးရင် ခါးရိုးတွေသာ မက အရိုးတွေအားလုံး သန်စွမ်းပြီး၊ အရိုးပွ ခါးနာခြင်းကို ကာကွယ်နိုင်မှာ သေချာပါတယ် ။


(ဗိုက်တာမင် ဒီ ရဲ့ ကင်ဆာရောဂါ ကာကွယ်တဲ့ အစွမ်းကို သိချင်ရင် ဒီဆောင်းပါးမှာ ဖတ်ရှု နိုင်ပါတယ်။ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ နွားနို့၊ အဆီကြွယ်ဝသောငါးများ(အထူးသဖြင့် ပင်လယ်ငါးများ ဖြစ်ကြသည့် ဆာဒင်း၊ကျူနာ၊ဆယ်လမွန်၊ဟာရင်း၊ကစ်ပါ စသည့် ငါးများ)၊ ထောပတ်၊ နှံစားသီးနှံများ နှင့် ဥအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။ မနက်ခင်း နေပူဆာ လှုံပေးရင်လဲ ရနိုင်ကြောင်းပါ)

Last Updated at 2010-03-19 on 03:53:57 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

အမျိုးသားတွေအတွက် ခွန်အားဖြစ်စေဖို့


အမျိုးသားတွေရဲ့ သက်စောင့်ဟော်မုန်းတွေ ထဲက တစ်ခု ဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ဆိုတာ အားလုံးကြားဖူး ကြမှာပါ။(နောက်တစ်ခုကတော့ အဲန်ဒရိုဂျင် (Androgen) ဆိုတာ ဖြစ်ပါတယ်) ဟော်မုန်းလို့ ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲ ပြေးစဉ်းစားမိသလဲဆိုတော့ လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲ တွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ပြောရင်ပဲ ဟိုဆေးလိုလို ဒီဆေးလိုလို ထင်တတ်ကြပါတယ်။

တကယ်တမ်းကတော့ လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းများ များပြားစွာ ရှိနေပြီး အဲဒီဟော်မုန်း တစ်ခုချင်းစီမှာ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေ ရှိနေပါတယ်။အဲဒီတာဝန်တွေဆိုတာကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အသက်ရှင် ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ ၊ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု အချက်ပေး ညှိနှိုင်း ဆောင်ရွက်မှုတွေ အတွက် အထောက်အပံ့ ပစ္စည်းတွေအနေနဲ့၊ အချက်ပြပစ္စည်းတွေ အနေနဲ့ အသက်ရှင်ရေး လုပ်ငန်းစဉ် (Vital Activities) များကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ ပုံမှန် ကာယ ဥာဏ စွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်း ဖန်တီးတီထွင်နိုင်စွမ်း တွေကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ် ကြိုးစားတည်ဆောက်လိုစိတ် အောင်မြင်မှု ပန်းတိုင်ဆီ သွားချင်တဲ့စိတ်ဓာတ်အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့၊ လူမှုရေးမှာ အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်း ကိုယ်ပါနေစေဖို့က တက်စတိုစတီရုန်း မရှိမဖြစ် လိုအပ်လှပါတယ်။

ဒါကြောင့် တက်စတိုစတီရုန်း လိုအပ်တဲ့ ပမာဏထက် နည်းသွားခဲ့ရင် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေ မှာလဲ သွားထိခိုက်လို့ ကျန်းမာရေးလဲ အဖက်ဖက်ကနေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုရင် ဘာကြောင့်မှန်း မသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊ ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆိုဆက်ဆံလိုစိတ် လျော့ပါးနေခြင်း စတဲ့ အထက်မှာ ပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။

ဒီလိုတွေခံစားနေရရင်လဲ ကျွန်တော်တို့ဟာ တက်စတိုစတီရုန်း နည်းနေလို့ ဆိုတာ သတိထားမိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကျန်းမာရေးဗဟုသုတမျိုးက တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ခဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားများ အနေနဲ့ အထက်ပါ လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ်ကြည့်ပါ။ တက်စတိုစတီရုန်းဟော်မုန်းဟာ ကိုယ်ထဲမှာ ပြည့်ပြည့်၀၀ ရှိနေမယ်ဆို အစစအရာရာ ကောင်းကျိုးတွေက များလှပါတယ်။ ဒါကြောင့် မက်ဖန်ပရိသတ်များအတွက် တက်စတိုစတီရုန်း ပြည့်ဝအောင် စားသောက်နေထိုင် နည်းများကို ဖော်ပြပေးလိုက်ပါတယ်။




(၁)ငါးကို တတ်နိုင်သမျှ နေ့စဉ်လိုလို စားပေးပါ။

ငါးတွေထဲမှာပါတဲ့ အဆီတွေဟာ တက်စတိုစတီရုန်းပမာဏ တက်လာစေရုံ မကဘဲ နှလုံးရောဂါများ ဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလည်း တစ်ဝက်တိတိ လျှော့ချပေးတယ်လို့ အတိအကျ တွေ့ရှိထားပါတယ်။(ယနေ့ ကမ္ဘာမှာ အမျိုးသားတွေဟာ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေထက် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှု ၅ ဆမြင့်မားနေတာကို တွေ့ရှိရတာမို့ ဆင်ခြင်သင့်ပါတယ်) ငါးတွေရဲ့ အဆီဟာ ဆံပင်မွေးညင်းတွေကို သန်စွမ်းလှပစေပြီး အရေပြားကို စိုပြေ၀င်းမွတ်စေတယ်၊ မကောင်းတဲ့ သွေးတွင်းအဆီ ကိုလက်စထရော တွေကို လျှော့ချပေးတယ်၊ အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို သိသိသာသာ ခံနိုင်ရည် ရှိစေတယ်လို့ ဆိုပါတယ်။ အဆစ်အမြစ်တွေရဲ့ လုပ်ငန်းဆောင်တာကို မြှင့်တင်ပေးပြီး ပျက်စီးယိုယွင်းခြင်းကို ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါတွေထက် အသိသာဆုံး အကျိုးကျေးဇူးကတော့ ငါးမှန်မှန်စားပေးရင် ရက်ပိုင်းအတွင်း လိင်မှုကိစ္စမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှု ရရှိလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလို စွမ်းတဲ့ အရာတွေထဲမှာ ငါးဆီတွေဟာ ဈေးအပေါဆုံးနဲ့ ထိရောက်မှုအရှိဆုံး အကျိုးအများဆုံး ဖြစ်တယ်လို့ ပညာရှင်များက ထောက်ခံချက် ပေးထားပါတယ်။

(၂)ကြက်သွန်ဖြူ၊သံလွင်ဆီနဲ့ အခွံမာသီးအဆံများ၊ဥများ စားပေးပါ။

အထက်ပါစားစရာများဟာ သင့်ရဲ့ တက်စတိုစတီရုန်း ပမာဏကို အမှန်တကယ် သိသာစွာ တက်စေမှာဖြစ်ပါတယ်။ ဒီအရာတွေ အားလုံးမှာ တက်စတိုစတီရုန်း ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်။ allicin လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးဟာ ကြက်သွန်ဖြူထဲမှာ ပါဝင်ပြီး တက်စတိုစတီရုန်း မြင့်မားရေး အတွက် အဓိက အားပေးပြီး ဒီအာနိသင်ကို လိုချင်ရင် လတ်ဆတ်တဲ့ ကြက်သွန်ဖြူကိုပဲ စားရတယ်လို့ သိရပါတယ်။




(၃)သွပ်ဓာတ် (Zinc) ကိုဖြည့်စွက်ပေးပါ။

တက်စတိုစတီရုန်းကို ခန္ဓာကိုယ်ထဲမှာ များပြားစွာ ထိန်းသိမ်းထားနိုင်ဖို့ zinc လိုပါတယ်။ zinc ချို့တဲ့မှုဟာလဲ ထူးထူးခြားခြား သိသာတဲ့ လက္ခဏာတွေ တော်ရုံနဲ့ မပြတဲ့အတွက် ကျွန်တော်တို့ မသိနိုင်ဘဲ ချို့တဲ့နေတတ်ပါတယ်။ ဒီက နေ့စဉ် အစားအသောက်ပုံစံ နဲ့ကတော့ zinc ချို့တဲ့မှု ဖြစ်ဖို့ လူတိုင်း တော်တော်လေး နီးစပ်ပါတယ်။
နောက်တစ်ချက်က ကိုယ်ထဲမှာ ရှိတဲ့ Aromatase လို့ခေါ်တဲ့ အဲန်ဇိုင်း (Enzyme) တစ်မျိုးက ရှိပြီးသား တက်စတိုစတီရုန်းတွေကို မိန်းမဟော်မုန်း အီစထရိုဂျင်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါကို zinc တစ်မျိုးထဲကသာ ဟန့်တားနိုင်လို့ ကိုယ်ထဲမှာ zinc ချို့တဲ့နေမယ်ဆိုရင် အသက်ကြီးရင် အီစထရိုဂျင်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေတောင် ဖြစ်လာနိုင်ပါတယ်။ zinc ကြွယ်ဝတဲ့ စားစရာတွေကတော့ ဂျုံ၊ သလဲသီး၊ နာနတ်သီး၊ အခွံမာသီးအဆန်များ၊ နေကြာစေ့ ၊ဖရုံသီးစေ့(အ၀ါ၊အနက်) စတာတွေ ဖြစ်ပါတယ်။ (Becozinc ဘီကိုဇင့်ဆိုတဲ့ ဆေးတစ်မျိုးလဲ ကြော်ငြာနေတာတွေ့ရပါတယ်။ သောက်သုံးနိုင်ပါတယ်။ ဘယ်အားဆေးကိုမှ တစ်ခါသောက်ရင် ၁၀ ရက်ဆက်တိုက်ထက်တော့ မသောက်တာ အကောင်းဆုံးပါ၊ ရက်အနည်းငယ် ခြားပြီး ပြန်သောက်နိုင်ပါတယ်)



(၄)ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင် အသီးအရွက်များစားပေးပါ။
ဒါတွေက zinc လိုပဲ တက်စတိုစတီရုန်း ကနေ အီစထရိုဂျင် ပြောင်းလဲသွားခြင်းကို ဟန့်တားပေးပါတယ်။

Last Updated at 2010-01-29 on 22:49:22 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

အမေမှာသော ဝိဉာဉ်သစ်

ဒီကဗျာလေးက သူငယ်ချင်းလေး နိုဝယ် (တန့်ဆည်) ရဲ့ ကဗျာလေးပါ။ နားလည် ခံစားကြည့်ကြပါဦး။

အမေရေ………
ဟောဒီ မဟာပထဝီမြေကြီးကို
နတ်စောင်းညှင်းပဉ္စလက်သံစဉ်
ထွက်လာမလားလို့……..ကျုပ်လေ
တီးခတ်ခဲ့တာ လက်နှစ်ဖက်လုံး
တိတိရိရိပြတ်ခဲ့ပြီ… ။
ကျုပ်စိုက်ပျိုးခဲ့သမျှ
စိမ်းမြတောသုံးတောင်အလယ်မှာ
ရွက်ကြွေတောအဖြစ်
ဇာတ်သိမ်းခဲ့ရမယ်လို
ကျုပ်တကယ်မတွေးမိဘူး..အမေရေ . . .။
ဘဝတခုလုံး ပုံအောချစ်သမျှ
ကမ္ဘာမြေကြီးဆီက ကြေကွဲမူဝေစုပဲ
ကျုပ်ရရှိခဲ့ရဲ့ …… ။
လာခြင်းမကောင်းခဲ့လို့လား
ပြန်ခြင်းမကောင်းခဲ့လို့လား
ဒွိဟစိတ်ကအိမ်မက်ထဲအထိ…စီးဆင်းဆဲ။
သေချာတယ်…အမေရေ….
သူတို့ကဆေးပေးမှားနေသမျှ
ကျုပ်တို့တွေ ဆေးစားမှားနေအုံးမှာ… ။
ဝင်သက်ထွက်သက် တဖြေးဖြေးလေးလံလာလို့ 
ကျုပ်သေပြီလို့မထင်လိုက်ပါနဲ .
မသေရဲလို့ အခုထိစကားပြောနေတာမဟုတ်ဘူး
လိုအပ်ရင်…ကိုယ်အုတ်ဂူ
ကိုယ်တိုင်လုပ်ဝံ့ သူပါ။
အမေကပေးလိုက်လို့ကျုပ်မှာ
လူပုံသဏ္ဍာန်ဦးခေါင်းကြီးရလာတယ်.. ?
လူသားတို့ရဲ့ လူဆန်တဲ့ ဦးခေါင်းကြီးဖြစ်နေပြီလားလို့ 
မကြာမကြာမေးပေမယ်.
ရေရာတဲ့အဖြေမရသေးဘူး…
အမေကတော့ ပြောပါတယ်။
ငါ့သား…ချစ်စရာကောင်းတဲ့သူကရော
မုန်းစရာ ကောင်းတဲ့သူကိုရော ချစ်လေ။
သားအပေါ် ရက်စက်တဲ့ သူကိုရော
ကြင်နာတဲ့ သူကိုရော ကြင်နာလေ။
သားပိုင်ဆိုင်တဲ သက္ကရာဇ်တိုင်း
ကမ္ဘာမြေကို ကြင်နာယုယပြီး
ကမ္ဘာမြေရဲ့  တုန့် ပြန်ကြင်နာမူကို
မတမ်းတခဲ့ ရင်…….
အဆင့်အတန်းမခွဲခြား လူသားအားလုံးကို
တန်းတူလက်ခံကြိုဆိုတဲ့သုဿာန်မြေတစ်ခုနဲ.
ငါ့သားနှလုံးသား ထပ်တူဖြစ်ခဲ့ ရင်…….
အရိပ်ရသစ်ပင်တစ်ပင်လို
သတ္တဝါတွေအပေါ် လေ့ကျင့်အောင်မြင်ခဲ့ ရင်..
တကယ်အေးမြကြင်လင်တဲ့ရေစင်တစ်ခွက်လို
မနက်ဖြန်တွေကို ထုဆစ်နိုင်ခဲ့ရင်…….
စိုက်ပျိုးထားသမျှ သစ်သီးဝလံကို
သူစိမ်းတွေ ရိပ်သိမ်းသွားတာတောင်
ပါးစပ်က ခွေးတစ်ကောင်လို မဟောင်တတ်ခဲ့ ရင်……
အနဂ္ဃရတနာ များများရှာပြီး
ရှာလိုရသမျှ သူခပ်သိမ်းထံ
ပခုံးထမ်း ပို့တတ်ခဲ့ရင်……
လူသတ်ဝရမ်းပြေးတစ်ယောက်ရဲ့ လက်ထဲက
ချိုအိမွေးနေတဲ့ သစ်သီးတစ်လုံးဖြစ်ခဲ့ ရင်……..
ဖွေးဖွေးလုပ်နေတဲ့ စပါးရုံတွေ
ကြပ်တီးကုန်း အရပ်တိုင်းမှာ
အဖိုးမယူဘဲ စိုက်ပေးနိုင်ခဲ့ ရင်……….
သက်ကြီးရွယ်အိုတွေကို
မောကြီးပန်ြး့ကီး ပခုံးထမ်းပိုး
မြတ်နိုးတတ်ခဲ့ရင်……
ပိုင်ဆိုင်လာသမျှ အိမ်မက်မကောင်းတာတွေကို
ဘယ်သူမှမပြောဘဲ နှုတ်ပိတ်နေတတ်ခဲ့မယ်ဆိုရင်
မင့်ကို….အမေ
အသက်ပေးမွေးရကျိုးနပ်ပြီတဲ့ ……….. ။

နိုဝယ်(တန့်ဆည်)

အမျိုးသားတွေ မသိမဖြစ်ရောဂါများ(၂)

အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်

Masters and Johnson method ခေါ် ဂျွန်ဆင်နည်းစနစ် နူးညံ့သိမ်မွေ့ပြီး အလုပ်ရ ခက်ပေမယ့် တကယ် ထိရောက်တဲ့ နည်းမို့ ဦးစားပေး တင်ပြလိုက် ပါတယ်။

မိမိရဲ့ ခံစားချက်အမြင့်ဆုံး ရောက်တော့မယ့် အချိန်မတိုင်ခင် စက္ကန့် ပိုင်း အလိုမှာလာတဲ့ ဖီလင်တွေကို သေချာ အာရုံခံစားပြီင်္း မှတ်သားထားပါ (ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခါနီး ဖြစ်လာတဲ့ ခံစားချက်ပေါ့)။ ဒီခံစားချက် ရအောင် အဖော်နဲ့ ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် လေ့ကျင့်ရင်း ရယူပါ။

အဲလို ကြိုသိလာနိုင်ပြီဆိုရင် အဲလို သိတာနဲ့တပြိုင်နက် ရပ်ပစ်လိုက်ပြီး အနားယူလိုက်ပါ။
အဲလို လေ့ကျင့်ဖူးတာ ကြာလာပြီဆိုရင် ကြိမ်ဖန်များလာပြီဆို ပြီးချင်တဲ့ ခံစားချက် တစ်ခါပေါ်တိုင်း ပြီးပစ်လိုက်တဲ့ မထိန်းနိုင်တဲ့ အကျင့်ကို ထိန်းနိုင် လာကြပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့ ဒီပြဿနာက ရောဂါကြောင့်ဖြစ်တာက နည်းပြီး ခံစားမှုနောက် လိုက်မိကြလို့ ဖြစ်ပါတယ်။
ထိန်းနိုင်လာရင် သင်သဘောပေါက်လာပါလိမ့်မယ်။သင့်ရဲ့  Point of No Return လို့ ခေါ်တဲ့ လိုသလောက်ဆွဲထားနိုင်တဲ့ ခံစားချက်ပါ ။ ဘာဆေးမှမလိုပဲ တကယ် ထိရောက်ပါတယ်။ နောက်ပြီး အောင်မြင်သွားရင်လဲ လွယ်လွယ်နဲ့ ပြီးတဲ့ အကျင့်ကို ပြန်မလုပ်ပါနဲ့ ။ ပြန်ပျက်သွား တတ်တယ်။
နောက်တန်ဖိုး ရှိတာတစ်ခုပြောရရင် အဲလိုပြီးခါနီးတိုင်း တစ်ခါထိန်း နောက်တစ်ခါထပ်ထိန်းရင် ခံစားချက်က မကျသွားပဲ အရင်ပြီး တာတွေနဲ့ မတူတော့ပဲ အရမ်းမြင့်မားတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ Multiorgasm လို့ ခေါ်ပါတယ်။ နောက်တော့ ဆွေးနွေးပေးပါ့မယ်။ လောလောဆယ် မမြန်အောင်ပဲ လုပ်ကြဦး။ အဓိကက စိတ်ပဲဖြစ်ပါတယ်။ ပြီးချင်တာကိုပဲ ကြိုက်နေရင် မြန်မှာပဲပေါ့။ ခရီးကြာကြာဆက်ရတာ ပျော်မွေ့တဲ့စိတ်ထားမှ တကယ် ပျော်ရတာမှန်း သဘောပေါက်အောင်လုပ်ပါ။

Kegel exercises ခေါ် ကြွက်သားလေ့ကျင့်ခန်းများ
ဒါကတော့ စအိုနဲ့ အင်္ဂါကြားက ကြွက်သားတွေသန်စွမ်းပြီး ထိန်းနိုင်လာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ ဆီးသွားရင်း ၀င်လေနဲ့ အတူ အောင့်လိုက်ပါ။ ၅စက္ကန့်ကနေ ၁၀ စက္ကန့်အောင့်ထားပြီး ထွက်လေနဲ့ အတူ ပြန်ပေါက်ပါ။ ဒီအတိုင်း ဆီးတစ်ခါ သွားတိုင်းမှာ အနည်းဆုံး ၃ခါရအောင်လုပ်ပါ။ အရမ်း အောင့်တက်သွားတတ်လို့  အားနဲ့  အရမ်းမလုပ်ပါနဲ့  သက်တောင့် သက်သာပဲလုပ်ပါ။ သေချာလေ့ကျင့်သွားလို့  အသားကျ သွားချိန်မှာ ကြွက်သား တွေဟာ တကယ်မြန်မြန်မပြီးသွားအောင် ပြီးခါနီးတိုင်းညှစ်လိုက်ရုံနဲ့ ထိန်းနိုင်လာပြီး ဒီလို သန်စွမ်းလာလို့ ပိုညှစ်နိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို အတိုင်းဆမရှိ ရစေပါတယ်။

စိတ်ကျရောဂါကျဆေးများနှင့် ကုသခြင်း
စိတ်ကျ ရောဂါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီးကုတဲ့နည်းပါ။ စိတ်ကျဆေးတွေက သုက်လွှတ်တာ ကြာစေပါတယ်။ (ဒီဆေးတွေရဲ့ တခြားဆိုးကျိုးတွေများလှတာမို့ ဆရာဝန် ညွှန်ကြားချက်နဲ့ သာသောက်သင့် ပါတယ်။ ကမ္ဘာမှာ အသုံးများပြီး ထိရောက်မှုရှိတဲ့ဆေးတစ်မျိုးကတော့ Dapoxetine ဖြစ်ပါတယ်။ အားလုံး သိချင်နေကြပြီး အမေးအများဆုံးကိစ္စမို့ အချိန်မဆိုင်းပဲ အမြန် ဖြေပေးလိုက်ရပါတယ်။ လတ်တလော ဖြေရှင်းနည်းတွေကော အချိန်နဲ့ အမျှ တိုးတက်လာအောင် ဖြေရှင်းနည်းတွေကိုကော သေချာ ဖြေပေးလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်။ အချိန်မတန်ခင် ကျေနပ်မှုမရခင် ကိစ္စပြီးခြင်းရဲ့ အကြောင်းချင်းရာစုံကို နောက်ဆက်လက် တင်ပြပေးပါဦးမယ်။

ဒေါ်လာတစ်သန်းအမှတ်သို့ ဖိနှိပ်ခြင်း
အရင်တုန်းက ဘုရင်တစ်ပါးက ပညာရှင်တွေကို ဒီအမှတ်လေး အကြောင်း သိချင်လို့ မေးရတာ ဒေါ်လာတစ်သန်းပေးရတယ်လို့ ဆိုရိုးစကားရှိလို့ ဒီလိုခေါ်ကြတာ ဖြစ်ပါတယ်။သူက ကပ္ပါယ်အိတ်ရဲ့ အဆုံးနဲ့ စအိုကြား အချိုင့်လေး ဖြစ်ပါတယ်။ လတ်တလောသုတ်လွှတ်ချင်လာရင် လက်ခလယ်နဲ့ ပေါင်ကြားကနေဖိပိတ်ထားလို့ ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လဲ ဒါက တကယ်မထိန်း နိုင်တဲ့သူတွေ အတွက် သိပ်မထူးလှဘူး လို့လဲ သိရပါတယ်။
(ဆက်လက်ဖော်ပြပေးပါ့မယ်)

Last Updated at 2009-12-02 on 02:50:43 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

အမျိုးသားတွေ မသိမဖြစ်ရောဂါများ(၁)

(၁)အမျိုးသားသဘာဝတောင့်တင်းရန် အခြေခံလိုအပ်ချက်များ

လိင်စိတ်လှုံ့ဆော်တဲ့ မြင်ကွင်း၊ အသံ၊အထိအတွေ့ အနံ့(သို့) စိတ်ကူးပုံဖော်မှု စသဖြင့် တစ်ခုခုကြောင့် ဖြစ်လာရတဲ့ သဘာဝဖြစ်စဉ် တစ်ခုဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ဒီအခါမှာ ဗဟိုအာရုံကြောအဖွဲ့အစည်းက လိင်တံဆီသွားတဲ့ သွေးပမာဏများလာအောင် လှုံ့ဆော်မှုတွေထုတ်ပေးပါတယ်။
ဖိုအင်္ဂါကို အဓိကဖွဲ့စည်းထားတဲ့ ကေဗားနပ်စ်တစ်သျှူးအမျိုးအစားတွေဟာ ရေမြှုပ်လို ဂုဏ်သတ္တိရှိပြီး သွေးတွေကို စုပ်ယူထားကာ မာခဲလာပါတယ်။အထွက်သွေးပြန်ကြောတွေကိုလည်းကျဉ်းပစ်လိုက်တဲ့အတွက် သွေးဟာလိင်တံထဲမှာ ဆက်လက်ပိတ်မိနေပြီး မာတောင့်မှုကို လိုသလောက်ထိန်းထားနိုင်တာဖြစ်ပါတယ်။ ပုံမှန်မာတောင့်မှုဖြစ်စေဖို့ အောက်ပါ အချက်(၄)ချက်လိုအပ်ပါတယ်။
(၁) လိင်တံသွေးကြောများဆီသို့လှုံ့ဆော်မှုများ ပုံမှန်ပို့နိုင်သော ကောင်းမွန်သည့်အာရုံကြောအဖွဲ့အစည်း
(၂) လိင်တံရှိသွေးလွှတ်ကြောသွေးပြန်ကြောများ၏ ချို့ယွင်းချက်ကင်းခြင်း၊
(၃) ပုံမှန်သွေးများ ထိန်းထားနိုင်ပြီး ကြီးထွားလာစေရန်လိုအပ်သော smooth muscles ချောမွတ် ကြွက်သား များ၏ ကောင်းမွန်သန်စွမ်းမှု၊
(၄) ၀င်လာသောသွေးများပြန်မထွက်လာနိုင်အောင်ထိန်းထားနိုင်ခြင်း ဒီတော့ ပန်းသေပန်းညှိုးဖြစ်ရခြင်းဟာ အထက်ပါ အချက်(၄)ချက်ထဲက တစ်ချက်(သို့)တစ်ချက်ထက်ပို ချို့ယွင်းနေလို့ ဖြစ်ပါတယ်။

(၂)ပန်းသေပန်းညှိုးခြင်းဆိုတာဘာလဲ
ကာမဆက်ဆံမှုလုပ်လို့ရလောက်အောင် မာတောင့်မှုမရနိုင်တာ (သို့) အဆုံးထိ မထိန်းထားနိုင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေရာမှာပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် မရနိုင်တာဖြစ်ပါတယ်။ အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာပိုဖြစ်လေ့ရှိတာက ပန်းသေခြင်းဟာ အခြားရောဂါတွေနဲ့ ဆက်စပ်ဖြစ်လေ့ ရှိလို့ ပါ။

(၃)အကြောင်းအရင်းများ
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုကြောင့် အရွယ်တိုင်းမှာ ဖြစ်တတ်ပါတယ်။အ မျိုးသားအင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြော၊အာရုံကြောတွေ တစ်နည်းနည်းနဲ့ထိခိုက်သွားရင် ဖြစ်နိုင်ပါတယ်။ ဆီးချို၊ သွေးတိုး၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော များခြင်း၊ အ၀လွန်ခြင်း၊ သွေးကြောနံရံတွေမှာ အဆီခဲတွေ ပိတ်တဲ့ Atherosclerosis ရောဂါတွေနဲ့ ဆက်စပ်ပါတယ်။
တခြား အာရုံကြောရောဂါများ၊ Multiple Sclerosis - စတဲ့ ရောဂါတွေကြောင့် လဲဖြစ်နိုင်ပါတယ်။
နောက် အခြားရောဂါတွေဖြစ်လို့ သောက်ရတဲ့ဆေးတွေကြောင့် အမျိုးသားသဘာဝ ထိခိုက်ရတာလဲရှိပါတယ်။ ဒါကတော့ယာယီလောက်ပါပဲ။
ဒီတော့ သင်ဟာ ဆေးတစ်ခုခုကို စသောက်လို့ သိသိသာသာစိတ်သွားတိုင်းကိုယ်မပါတော့ဘူးဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ တကယ်လို့ ဆေးကြောင့်ဆိုရင် ဆရာဝန်က ဆေးရဲ့အချိန်အဆ သို့ မဟုတ် အချိုးအဆကို ပြောင်းပေးပါလိမ့်မယ်။
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ တခြားတရားမ၀င်ဆေးဝါးတွေမှီဝဲခြင်း၊ သောက၊ စိတ်ဖိစီးမှု စိတ်ကျရောဂါတွေကလဲ တိုက်ရိုက်ဖြစ်စေပါတယ်။ ခါးရိုးနဲ့တင်ပဆုံပိုင်း ထိခိုက်မှု၊ ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်မှု တို့ရဲ့ နောက်ဆက်တွဲ အနေနဲ့လဲ ဖြစ်တတ်ပါတယ်။
အခြားအကြောင်းရင်းတွေကတော့.........
လေဖျန်းဖူးခြင်း၊ခန္ဓာကိုယ်အောက်ပိုင်းအကျိတ်ဖြစ်လို့ဓာတ်ကင်ဖူးခြင်း၊လည်ပင်းက သိုင်းရွိုက်အကျိတ်က သိုင်းရွိုက်ဟော်မုန်းလုံလောက်စွာမထုတ်နိုင်ခြင်း ၊အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) အားနည်းခြင်း၊ဆေးရွက်ကြီးသုံးစွဲခြင်း၊ကိုယ်နဲ့ အဖော်ကြားမှာ ပြဿနာတစ်ခုခုရှိခြင်း၊ ဘ၀ရဲ့ပုံရိပ်များ ပြောင်းလဲခြင်း (ဥပမာငြိမ်းစားယူပြီးသွားခြင်း ၊အလုပ်အကိုအပြောင်းအလဲတွင် အဆင်မပြေခြင်း၊ အထီးကျန်အဖော်မဲ့ခြင်း) စသဖြင့်တို့ ဖြစ်ပါတယ်။
ထူးထူးခြားခြားအနေနဲ့ မာကျောပြီးသေးတဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး နေ့ စဉ်ရက်ဆက်ခရီးရှည်ကို စက်ဘီးနင်းရင် ပန်းသေပန်းညှိုးဖြစ်ဖို့ အားပေးတယ်လို့ သိရပါတယ်။
ဘာလို့လဲဆိုတော့ အမျိုးသားအင်္ဂါရဲ့ သွေးကြောတွေပုံမှန်ကျဉ်းနေကျဖြစ်သွားတတ်လို့ ပါပဲ။ဒီတော့ စက်ဘီးစီးတဲ့ မက်ဖန်ပရိသတ်တွေလဲ သတိထားဦး။ (သိပ်တော့မပူပါနဲ့။ဒီကိစ္စကို အတည်ပြုဖို့ ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ အသေးစိတ်ကို http://news.softpedia.com/news/Bike-Riding-Induces mpotence46676.shtml မှာဖတ်ကြည့်ပါ။) အမျိုးသားတွေ သားကြောဖြတ်လိုက်ခြင်းကတော့ သဘာဝမလာနိုင်တော့ခြင်းကို လုံးဝမဖြစ်စေနိုင်ပါဘူး။ ခွဲစိတ်မှုလုပ်ထားလို့ နာကျင်မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ အနှောင့်အယှက်ဖြစ်ရုံပါပဲ။

(၄)လက္ခဏာများ
မာကျောမှုသဘာဝမလာနိုင်တော့ပေမယ့် ကာမစိတ်ကတော့ ရှိနေမြဲဖြစ်နိုင်ပါတယ်။ သုက်လွှတ်နိုင်ပါတယ်။ ပြီးဆုံးမှုအရသာ ခံစားနိုင်ပါသေးတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ၊မိမိကိုယ်ကိုယုံကြည်မှုနည်းပြီး လုပ်ငန်းခွင် စွမ်းဆောင်ရည်ကျမှု တွေနောက်ကလိုက်လာလို့ သေချာကုသင့်ပါတယ်။ တိတိကျကျပြောရရင် တချို့က ပထမတော့လာတယ်၊ လမ်းတစ်ဝက်မှာ ကျသွားတယ် ဒါမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါမျိုးဆိုရင်တော့ သွေးကြော သို့  အာရုံကြောပြဿနာဖြစ်ဖို့ များပါတယ်။

(၅)ကုသခြင်းနည်းလမ်းများ
ပန်းသေပန်းညှိုးခြင်းဟာစိတ်ပိုင်းဆိုင်ရာထက်ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်အများဆုံးဖြစ်လို့ အစားအသောက်သင့်တင့် မှန်ကန်စွာ စားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုမှန်မှန် လုပ်ပေးခြင်း တို့ နဲ့ပြန်ကောင်းလာနိုင်ပါတယ်။ ပြီးတော့အထက်ကဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေထဲက ကိုယ်လျှော့လို့ ရတဲ့ အချက်တွေကို လျှော့ချရပါမယ်။ အဓိကကတော့ ဆေးလိပ်ပါ။ သူကသွေးကြောအာရုံကြောတွေကို တိုက်ရိုက်ဖျက်ဆီးပါတယ်။ သင့်ရဲ့ယောက်ျား ပီသမှုစွမ်းပကားကို ဆေးလိပ်မီးခိုးငွေ့တွေကြားမှာလွင့်မျောမသွားပါစေနဲ့။

(က) နေထိုင်မှုပုံစံပြောင်းပစ်ခြင်း ဆေးလိပ်၊ဆေးရွက်ကြီး(ကွမ်းယာ) စတာတွေကို တတ်နိုင်ရင်ဖြတ်ပါ။ အရက်ကို ဆင်ခြင်ပါ။ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။ စွဲသောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်တာလားသိရအောင် ဆရာဝန်ကို ပြန်မေးပါ။
(ခ) ဆေးကုထုံးနဲ့ကုခြင်း Viagra , Cialis, Levitra တို့ လိုဆေးတွေကို သင့် အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်ပါတယ်။သင်ဟာနှလုံးရောဂါရှိလို့ လျှာအောက်ငုံရတဲ့ Nitrol (GTN) နဲ့ တခြား Nitrate ပါတဲ့ဆေးတွေသောက်နေရရင်တော့ ၂၄ နာရီအတွင်းတွဲသောက်လို့ အန္တရာယ်ရှိတယ် သိရပါတယ်။မပူပါနဲ့ ။ အပ်စိတ်ကုထုံး၊စိတ်ပညာကုထုံး.......ဘာကုထုံးညာကုထုံး ဖြင့်တွေရှိပါသေးတယ်။ အကောင်းနီးပါး ပြန်ကောငိးုင်ပါသေးတယ်။

(၆) ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

(၁) ခါး၊ခြေထောက်၊တင်ပါး၊ပေါင်၊အမျိုးသားအင်္ဂါ၊ဝှေးစေ့ စသည်တို့ ထိခိုက်မှုနောက်မှာ သဘာဝ မလာတော့ဘူး ဆိုရင်
(၂) ဆီးခုံမွေးတွေ ချိုင်းမွေးတွေ သိသိသာသာ ကျွတ်ပြီး ရင်သားတွေကြီးလာရင်
(၃) ခါးနာနေပြီးနောက်မှာဖြစ်ရင်
(၄) ဆေးတစ်ခုစသောက်လို့ နောက်မှာဖြစ်ရင်
(၅) ဆီးချို၊သွေးတိုး စတဲ့အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေဖြစ်ပြီနောက် မှာဖြစ်ရင် ပြသင့်ပြီဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာပဲဖစ်ြတာဆိုရင်တော့ မပြပါနဲ့ဦး။အကြိမ်အရေအတွက်စိတ်လာတယ်ဆိုရင်တော့ ပြသင့်ပါတယ်။များသောအားဖြင့် တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ပြဿနာတွေကတော့ သူ့ အလိုလိုပျောက်သွားတတ်တာ များပါတယ်။နောက်တစ်ခါပြန်ဖြစ်မှာပဲဆိုပြီး ကြောက်မနေပါနဲ့ ။ သင့်ရဲ့အဖော်ကိုလည်း ပွင့်လင်းစွာတိုင်ပင်ပြီး စည်းဝါးကိုက်ညီမှုကို ရယူပါ။ ဆရာဝန်တွေနဲ့ ကျန်းမာရေးပညာရှင်တွေနဲ့  တိုင်ပင်ဆွေးနွေးဖို့  မရှက်ပါနဲ့ ။ ပွင့်လင်းစွာဖွင့်ဟပါ။

Last Updated at 2009-12-01 on 03:18:43 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

Wednesday 17 March 2010

ဗိုက်မရွှဲစေဖို့


ညစဉ် အိပ်ချိန် ၅နာရီနှင့် ၅နာရီ အောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ်ချိန် ပြည့်ဝသူများထက် ၀မ်းဗိုက်အဆီစုဆောင်းမှု ငါးနှစ်အတွင်း သိသိသာသာ များလာကြောင်း ကျန်းမာရေး သုတေသီများက တွေ့ရှိထားကြသည်။ ထို့ကြောင့် အိပ်ရေးမ၀ခြင်းသည် အ၀လွန်၍ ဗိုက်ရွှဲစေသည်ဟူသော သဘောတရားသည် မှန်ကန်ကြောင်း သက်သေ ဖြစ်စေခဲ့သည်။

သို့သော် တစ်ဖက်မှ လေ့လာချက်တစ်ရပ်မှလည်း အိပ်ချိန် ၈ နာရီနှင့် ၈ နာရီအထက် ရှိသူများသည်လည်း ဤကဲ့သို့ အ၀လွန်၍ ဗိုက်ရွှဲစေကြောင်း သိရှိရပြန်သည်။ ထို့ကြောင့် ဤသုတေသန ပြုလုပ်ချက်များ၏ ရလဒ်အနှစ်ချုပ်ကို တင်ပြရလျှင် ၀မ်းဗိုက်အဆီ တက်ရန် အခွင့်အလမ်း အနေဖြင့် အိပ်ချိန် ၅ နာရီခန့်သာ ရှိသူများသည် ၃၂%၊ ၆ နာရီမှ ၇ နာရီ ရှိသူများသည် ၁၃%၊ ၈ နာရီရှိသူများသည် ၂၂% ရှိသည်ဟု သိရသည်။


ဤ ရလဒ်ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက်တည်းအပေါ် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်ပြီး အ၀လွန်စေသော အခြား အရေးပါသော အချက်များဖြစ်သည့် အစားအသောက် ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်းအများ၊ ပညာတတ်မြောက်မှုနှင့် ဆေးလိပ်သောက်မသောက် စသည့် အချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အိပ်ရေးပျက်လျှင် ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်း တစ်မျိုး ထွက်လာခြင်း၊ အစားအသောက်ကို တင်းတိမ်စေသော ဟော်မုန်းတစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များကြောင့် နေ့စဉ် အိပ်ချိန်နည်းခြင်းသည် အ၀လွန်ခြင်းကို အားပေးသည်ဟု မြောက်ဥက္ကလာပ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးက ပြောကြားသည်။

အိပ်ချိန်များလွန်းခြင်း နည်းလွန်းခြင်းတို့သည် အ၀လွန်ခြင်း၊ ဗိုက်ရွှဲခြင်းတို့အပေါ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းများဖြင့် ဆက်နွယ်နေလေရော တတ်နိုင်လျှင် အထက်ပါရလဒ်များအရ အိပ်ချိန် ၆ နာရီမှ ၇ နာရီကြား ထားလျှင် အကောင်းဆုံး ဖြစ်မည်ဟု ကျန်းမာရေးပညာရှင်များက ပြောဆိုကြသည်။

Last Updated at 2010-03-17 on 12:10:49 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

Tuesday 16 March 2010

ဆံပင်ဖြူ

အရွယ်မတိုင်ခင်ဆံပင်ဖြူရခြင်းအကြောင်းရင်းများနှင့်လွယ်ကူသောကာကွယ်ကုသနည်းများ

ဆံပင်ဖြူလာခြင်းဆိုတာ လူကြီးတွေမှာ အရွယ်ကျလာခြင်းရဲ့ ပထမဆုံးမြင်သာတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် လူငယ်တွေမှာ ဆံပင်ဖြူခြင်းဆိုတဲ့ ပြဿနာ ရင်ဆိုင်နေရတာ တွေ့လာရပါတယ်။ ဒီကိစ္စဟာ သဘာဝထက်စောပြီး ခန္ဓာကိုယ်ရဲ့ နုပျိုမှုကျဆင်းလာခြင်း တစ်မျိုးလို့ ဆိုနိုင်မလို့ တကယ်လဲ စိုးရိမ်ထိုက်ပါတယ်။

ဘာကြောင့်ဆံပင်ဖြူရတာလဲ?
ဆံပင်မွေးအိတ်တွေရဲ့ အောက်ခြေမှာရှိတဲ့ မယ်လနင်(Melanin)လို့ခေါ်တဲ့ အမည်းရောင်ခြယ် ထုတ်ပေးနေတဲ့ ဆဲလ်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းပြီး မယ်လနင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားရင်၊ လျော့နည်းသွားရင် ဆံပင်ဖြူလာပါတယ်။
ဒါဟာ အသက်ကြီးရင်တော့ သဘာဝအလျောက်ဖြစ်လာပါတယ်။ဒါပေမယ့် လူငယ်တွေမှာ ဆံပင်ဖြူစေရတဲ့အကြောင်းရင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတို့က အများဆုံးဖြစ်စေတဲ့အကြောင်းလို့ သိရပါတယ်။
အမြဲတမ်းပူပန်သောက ရောက်အတွေးများနေရခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့ကလည်း အကြောင်းအရင်းတွေပါပဲ။ မျိုးရိုးလဲ လိုက်တတ်ပါတယ်။
အလှပြင်ဆိုင်တွေမှာ တစ်ခုခုလုပ်လို့ ရေနွေးနဲ့ ခေါင်းလျှော်ရခြင်း၊လျှပ်စစ်ဒရိုင်ယာကြာကြာသုံးခြင်းနဲ့ ဦးရေပြားသန့်ရှင်းမှုကို ဂရုမစိုက်ခြင်းတို့ကလည်း အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ပညာရှင်များ ပြုစုထားတဲ့ အကြောင်းရင်းများကတော့. . .
(၁) စိတ်ဖိစီးမှု၊
(၂) အလုပ်များ၍ ပင်ပန်းလွန်းခြင်း၊
(၃) နာမကျန်းဖြစ်ခြင်း(အချို့ရောဂါများသည် ဆံပင်ဖြူစေတတ်၏)၊
(၄) အာဟာရချို့တဲ့ခြင်း၊
(၅) နေရောင်နှင့်ထိတွေ့မှုများခြင်း၊
(၆) အပျော်တမ်းခဏခဏပေါင်းတင်ခြင်း၊ ဆံပင်အပေါ်ဆေးတစ်ခုခုသုံးရာတွင် ကြိမ်ဖန်များလွန်းခြင်း၊ ကျွမ်းကျင်မှု မရှိသူနှင့် လုပ်ခြင်း၊ဆေးကြောရာတွင်မစင်ခြင်း စတာတွေကြောင့်လူငယ်တွေမှာ ဆံပင်ဖြူရတယ်လို့ ဆိုပါတယ်။

ကာကွယ်ကုသရမယ့် နည်းလမ်းများ
ကာကွယ်ကုသရမယ့် နည်းလမ်းများကို ဆံကေသာအလှအပ ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်များအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁)ဆေးလိပ်စွဲနေရင်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အိုမင်းခြင်းရဲ့လက္ခဏာတွေအရွယ်မတိုင်ခင်ပေါ်လာခြင်းကို ဖြစ်စေကြောင်း တွေ့ရှိအတည်ပြုပြီးဖြစ်ပါတယ်။ ဆေးလိပ်သောက်ရင် ဆံပင်ကိုအာဟာရပြုပေးတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပိတ်သွားတဲ့အတွက် အမည်းရောင်ခြယ် ပစ္စည်းထုတ်တဲ့ဆဲလ်တွေ သေဆုံးလျော့နည်းကုန်ခြင်းကြောင့် ဆံပင် ဖြူလာရခြင်း ဖြစ်ပါတယ်။

အဆင့်(၂)စိတ်လျှော့အနားယူပါ။
စိတ်ဖိစီးမှု အမျိုးအမျိုးဟာ ငယ်ငယ်နဲ့ ဆံပင်ဖြူခြင်းကို တကယ်ဖြစ်စေပါတယ်။ ဒီတော့ သင့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို အေးဆေးတည်ငြိမ်အောင် ထားနိုင်မည့်နည်းလမ်း (ဥပမာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားရှုမှတ်ခြင်း) စတာတွေကို လုပ်ပေးပါ။ သောကကို ရင်ထဲမှာမွေးထားတတ်တဲ့ အကျင့်၊ လိုတာထက်ပိုပြီး စိုးရိမ်တတ်တဲ့အကျင့်၊ အဆိုးကို ကြိုမျှော်လင့်တတ်တဲ့ အကျင့် စတာတွေဖျောက်ပစ်ပါ။

အဆင့်(၃)အာဟာရပြည့်အောင်စားပါ။
အာဟာရပြည့်ခြင်း မပြည့်ခြင်းဆိုတာ ပိန်ခြင်းဝခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်ပါ။ လိုအပ်တဲ့ဗိုက်တာမင် သတ္တုဓာတ်များချို့တဲ့နေရင် မပိန်နေပေမယ့် အာဟာရချို့တဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။ အသားဓာတ်မလုံလောက်ခြင်း၊ သံ(Iron)၊သွပ်(Zinc)၊ကြေးနီ(Copper) စတဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေရင် ဆံပင်ဖြူလွယ် ကျွတ်လွယ်ပြီး ဆံပင်အလုံးသေးကာ မသန်စေတော့ပါဘူး။ နောက် ဗိုက်တာမင် ဘီအုပ်စု၊ ဗိုက်တာမင်စီနဲ့အီး တို့ချို့တဲ့တာကလဲ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းများ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေအတွက် ပုံမှန်စားသင့်တဲ့ အစားအစာတွေကတော့ အသည်းအမြစ်များ၊ အသားမျိုးစုံ၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်များ
(စည်သွပ်ဘူးများကျသိပ်မကောင်းလှပါ)၊ ဂျုံ၊ အခွံမာအသီးအဆံများ၊ အ၀ါရောင် အနီရောင် အစိမ်းရင့်ရောင်ရှိသော အသီးအရွက်များ၊ ဥအမျိုးမျိုး၊ မြေပဲ၊ ပဲကြီး၊ ရွှေဖရုံသီးစေ့နဲ့ အစေ့အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥ၊ နာနတ်သီး စတာတွေဖြစ်ပါတယ်။ ပုံမှန်စားပေးရင် ဖြူပြီးသားတွေ ပြန်မနက်ပေမယ့် နောက်ထွက်မယ့်ဆံပင်တွေ မဖြူနိုင်တော့ပါဘူး။

အဆင့်(၄)သံလွင်ဆီနဲ့ ကုသပါ။
သံလွင်ဆီ ရွှဲရွှဲလိမ်းပြီး ပေါင်းထားပါ။ တစ်နာရီခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ကြက်ဆူဆီ နွေးနွေး (ကိုယ်ဝန်သည်များ သောက်ရသော ကြက်ဆူဆီကို ဆိုလိုသည်)နဲ့ သံလွင်ဆီ ရောပြီး လိမ်းရင်လဲ ကောင်းတယ်လို့ ပညာရှင်များက ညွှန်ကြားပါတယ်။ ဒီလိုလိမ်းထားတုန်း မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကိုပေါင်းထားရင် စုပ်ယူမှုကို ပိုကောင်းစေပါတယ်။ တစ်ပတ်၂-ကြိမ်အနည်းဆုံး လုပ်ပေးသင့်ပါတယ်။ ဦးရေပြားအနှိပ်ခံခြင်းဟာလဲ သွေးလှည့်ပတ်မှုကောင်းစေလို့ ဆံပင်ဖြူခြင်းကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ ခေါင်းလျှော်ပြီးလို့ ရေနဲ့ဆေးချတဲ့အခါ ပျားရည် ၂စက် ၃စက်ထည့်ထားတဲ့ ရေတစ်ဖန်ခွက်နဲ့ခေါင်းလောင်းဆေးပေးပါ။

သင့်ဆံပင်တွေကို ကျန်းမာသန်စွမ်းတောက်ပြောင်စေပြီး ဆံပင်ဖြူလာခြင်းမှကာကွယ်နိုင်တဲ့ သဘာဝပေါင်းတင် ဆေးဖော်စပ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။ (ဒီနည်းတွေဟာ ကမ္ဘာ့အလှကုန် ကျွမ်းကျင် သိပ္ပံပညာရှင်များရဲ့ နည်းလမ်းများ ဖြစ်ပါတယ်)

နည်း(၁)

ကြက်ဥတစ်လုံး၊ကြက်ဆူဆီစားပွဲဇွန်း၂ဇွန်း၊ရှာလကာရည်လက်ဖက်ရည်ဇွန်း၁ဇွန်း၊အလှဆီ(ဂရစ်စလင်း)လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို အမြှုပ်ထလာအောင် ခေါက်ပြီးဦးရေပြားနဲ့ ဆံပင်တွေကို သုတ်လိမ်းပေးပါ။တတ်နိုင်သမျှကြာကြာထားပြီး ပြန်ဆေးပစ်ပါ။
နည်း(၂)
ကြက်ဥတစ်လုံး၊ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း၂-ဇွန်းတို့ကို အထက်ပါအတိုင်း သုံးနိုင်ပါတယ်။

အဆင့်(၅)အထွေထွေဆောင်ရန်ရှောင်ရန်နည်းလမ်းများ
ရှေ့ကဖော်ပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှ မှန်မှန်လေးစားပေးပါ။ ဆံပင်အပေါ် ဆေးတွေသုံးခြင်းကို တတ်နိုင်သမျှ အကြိမ်အနည်းဆုံး လုပ်ပါ။
ပလတ်စတစ်ဘီးတွေ မသုံးပါနဲ့။ သံ၊သစ်၊၀ါး စတာတွေနဲ့လုပ်ထားတဲ့ဘီးတွေက ဆံပင်အတွက်ပိုကောင်းပါတယ်။
ဦးရေပြားသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခေါင်းမှန်မှန်လျှော်ပါ။ ရေဖန်ခွက်၁၀-ခွက်ကနေ ၁၂-ခွက်လောက်ကုန်အောင် နေ့စဉ်သောက်ပါ။
အိုမင်းရင့်ရော်စေတဲ့ အတွေးများကိုရှောင်ပါ။
တီဗီကိုရီမုနဲ့ပဲ ပိတ်ပါ။ ရှေ့သွားပြီး ခလုတ်ဖိပြီး မပိတ်ပါနဲ့။ အဲလိုပိတ်လိုက်ရင်တီဗီကX-ray နဲ့ သံလိုက်လှိုင်းတွေ ထုတ်လွှတ်လို့ နေ့စဉ်ရက်ဆက်ဆို သင့်ကို အိုမင်း ဆံပင်ဖြူလာစေမှာ ဖြစ်ပါတယ်။ ဒီတော့ တီဗီကို ရီမုနဲ့ ၉-ပေအကွာ လောက်ကနေ ပိတ်တဲ့အကျင့်ကိုလုပ်ပါ။ အိမ်သားတွေကိုလဲ ပြောပြပါ။
ဦးခေါင်းနှိပ်နယ်မှုကို ခံယူနိုင်ရင် ခံယူပေးပါ။ ကျန်းမာရေးကောင်းစေမယ့် လမ်းညွှန်ချက်မှန်သမျှ တတ်နိုင်သလောက်လိုက်နာပေးပါ။
ဒီနည်းတွေလောက်ပဲ လိုက်နာနိုင်ရင်ကို ဆံပင်ဖြူခြင်းကိုကာကွယ် တိုက်ဖျက်ဖို့ တကယ်လုံလောက်ပြီဖြစ်ပါတယ်။

မျက်စိရေတိမ်ရောဂါ ပညာရှင်များ တွေ့ရှိ

မျက်စိရေတိမ်ရောဂါသည် မျက်လုံးမှ စဖြစ်ခြင်းမဟုတ်ဘဲ ဦးနှောက်အလယ်ပိုင်းမှ စသည်ဟု ပညာရှင်များ တွေ့ရှိ

မျက်စိရေတိမ်ရောဂါသည် ဦးနှောက်အလယ်ပိုင်း (mid-brain) မှ အစပျိုးသော ရောဂါတစ်မျိုးဖြစ်ကြောင်းနှင့် ၄င်း၏ စဖြစ်ကာစ ရှေးဦးလက္ခဏာများကို မျက်လုံးအတွင်း ဝေဒနာများ မခံစားရသေးခင်ကတည်းက ဦးနှောက်အတွင်းတွင် ကြိုတင် စမ်းသပ်စစ်ဆေး နိုင်ကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ သိရှိရသည်။

ယခုစမ်းသပ်ချက်မတိုင်ခင်က ရေတိမ်ရောဂါသည် မျက်စိတွင်းဖိအား မြင့်တက်လာသောကြောင့်သာ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆေးပညာရှင်ယူဆခဲ့ကြသည်။ ထို့ကြောင့် အမြင်အာရုံကြော နှင့် မျက်ကြည်လွှာတို့ အပါ် ဖိအားသက်ရောက် ပျက်စီးစေတတ်သောမျက်လုံးတွင်းဖိအားကို လျှော့ချခြင်း ကုထုံးနည်းလမ်းတစ်ခု ကိုသာ အဓိကထား၍ အားကိုးခဲ့ကြသည်။

ဤလေ့လာမှု၏ ဦးဆောင်သူ ဖြစ်သော Vanderbilt Eye Institute ၏ သုတေသနညွှန်ကြားရေးမှူး David Calkins နှင့် အဖွဲ့က ဦးနှောက်အလယ်ပိုင်း နှင့် အမြင်အာရုံကြောမှ စတင်လာသော ရေတိမ်ဖြစ်စေသည့် ယိုယွင်းမှုများကို ဓာတ်ခွဲခန်းတွင်း တိရိစ္ဆာန်များတွင် တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် ယခုတွေ့ရှိချက်မှ ယခင်နှင့် မတူညီသော ရေတိမ်ဖြစ်စေသော အကြောင်းရင်းများ တွေ့ရှိခဲ့ရခြင်းကြောင့် ပိုမိုပြီးပြည့်စုံသော ကုသမှုလမ်းကြောင်း (Treatment Approaches) များ ရရှိနိုင်တော့မည် ဖြစ်သည်။
Last Updated at 2010-03-15 on 23:24:01 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

Monday 15 March 2010

ကမ္ဘာအမှောင်သို့

အကြင်နာအောက်၊ ခိုဝင်ရောက်တော့၊ သူ့စကားသံက တမျိုးတစား။
သူ့အချစ်အောက်၊ စုန်းစုန်းရောက်တော့၊ သူ့ဟားသံ က အဆိုးသား။
သောကတွေ အောက်၊ ပြားပြားမှောက်တော့၊ သူ့ရယ်သံက ၀ိုးတ၀ါး။
သစ္စာတွေဖောက်၊ အလင်းပျောက်တော့၊ ကမ္ဘာအမှောင်သို့ တိုးသွား။

ချစ်သူ့ဘဝ

ခံစားမှုတွေကို၊ ရစေဖို့၊ မရွယ်စူးပါဘူး၊ ချစ်သူဘ၀ အေးမြစေဖို့။
ပူပင်မှုတွေကို၊ ရစေဖို့၊ မရွယ်စူးပါဘူး၊ ချစ်သူဘ၀ ငြိမ်းချမ်းစေဖို့။
လိုချင်တာတွေကို၊ ရစေဖို့ ဖန်တီးပေးပါ့မယ်၊ ချစ်သူဘ၀ လှပစေဖို့။

နင့်နင့်သီးသီး အရူးအမူးကြီးပဲ

သောကဆိုတဲ့ ဝေဒနာက မခေါ်လာပဲ နှိပ်စက်တယ်။
ဒါ ဟာ ချစ်ခြင်းတရားရဲ့ ရလဒ်လား။
ချိုမြိန်ကောင်းမြတ်၊ ချစ်ခြင်းရဲ့ ရလဒ်က ဘယ်မှာလဲ။
ဧ၀ နဲ့ အာဒံ ဖန်တီးပေးလိုက်တဲ့ အချစ်က ဒါတွေလား။
ဘာတွေပဲ ဖြစ်ဖြစ် နင့်နင့်သီးသီး အရူးအမူးကြီးပဲ ငါ ခံစားတော့မယ်။

တော်ဝင်ပိတောက်



တော်ဝင်ပိတောက် မြေသို့ရောက်လည်း
မဖောက်မေတ္တာ အကြင်နာဖြင့်
ယုယလျှက် သူနှုတ်ဆက်သည်
မင်္ဂလာပါ နှစ်သစ်မဟာ။

ပိတောက်နဲ့ ရင်ခွင်

ကြွေရှာတဲ့ ပိတောက်မှာတောင်၊
ခိုဝင်စရာ မြေပြင်ကမ္ဘာ ရှိသေးတယ်။
ခံစားနေရတဲ့ ငါ့ကမ္ဘာ၊
ဘယ်ရင်ခွင်ကို ခိုဝင်ရမှာလဲ ကွယ်။

လမ်းပျောက်လို့နေတော့မယ်

ဆုံဆည်းခွင့် မရှိတော့ပြီလား ခင်၊
သောကတွေ တပူတပင်နဲ့၊
ခိုဝင်ရာ လမ်းတကြော့၊ မောလှပေါ့ ခင်။
ချစ်သူရဲ့ စေစားရာ ပျော်လို့သာ နေခဲ့တယ်။
သူ လာရာ လမ်းကလေး၊ မျှော်ငေးလို့ နေခဲ့တယ်။
ဘယ်ဆီကို ဘယ်ဝယ်ရောက်၊
ငါ့ ဘ၀တော့ လမ်းပျောက်လို့ နေတော့မယ်။

ဝမ်းနည်းပက်လက်

မောင့် အတွက် မျက်ရည်၊ မင်း ဟားစေဖို့ အခါခါ ကျခဲ့ရတယ်။
မျက်ရည်ဆိုတာ သောကရဲ့အဖော်၊
ဝမ်းနည်းမှုရဲ့ အပေါင်းအသင်း၊
သူတို့တတွေ၊ ညီညီညွတ်ညွတ်နဲ့ မောင့်မျက်ဝန်းထဲ ဆင်းခဲ့ကြတယ်။
မောင်ကတော့ မတားပါဘူး။
အပေါင်းအသင်းဆိုတာ ဆိုးတူ ကောင်းဖက်၊
သူတို့ကို ၀မ်းနည်းပက်လက်နဲ့ မောင်ဆီးကြိုခဲ့ပါတယ် ကွယ်။

Friday 5 March 2010

နှလူံးသားကိုစမ်းစစ်နည်းလေးပါ

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစား ကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။ ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။ ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။ ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။ ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။ ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။ ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။ ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။ ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။ ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။ ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။ အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။ ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။ ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။ အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။ ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။ ဒါဟာ အချစ်ပဲပေါ့။ အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။ ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။ အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။ ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

Posted by ငြိမ်းချမ်းဦး

ပြော၇မယ့်စကားများ

ကောင်လေးတွေ ၊ ကောင်မလေးတွေအတွက် ပြော၇မယ့်စကားများ ဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ နိုင်းနိုင်းစနေပါ။
တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။
ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီး က ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။
သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။
"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။
ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။
"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။
တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။
သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။
"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။
"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"
"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"
"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။

နိုင်းနိုင်းစနေ

မရိုးနိုင်သော အဖိုးတန်စကားလေး "ချစ်တယ်"

ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူး ဆိုတာမျိုးတွေရှိနေတတ်ကြမှာပါပဲ ။
အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားကအချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ - ကြိမ် လောက် တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊
ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။
ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။
၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ လန်းဆန်း အားတက်မှုကို ဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့ဆိုချင်ပါတယ် ။
၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂-ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်ကသတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။
၅။ ပြုံးပြပါ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ။ တစ်ဦးနဲ့တစ်ဦးပြုံးပြီးကြည့်ပါ။
၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံး ပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။
၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ။ ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ်။ ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက
အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။
၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။

အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကြပါစေ

Thursday 4 March 2010

သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့ တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှ ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက် အသက်ပိုတိုတယ်လို့ စစ်တမ်းများအရ တွေ့ရှိထားရတာ ဖြစ်ပါတယ်။ (အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့ ရှိပါတယ်)။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှု စောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာတစ်ဝန်း ကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။
“အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ စိတ်ဝင်စားစရာတွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့ ထင်နေတတ်ကြပါတယ်” လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပြပါတယ်။
အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့ အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။
အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ “အမျိုးသားတွေဟာ အလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့ စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ်အရက်၊ မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်” လို့ ကောက်ချက်ချပါတယ်။
ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကို မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။ ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina) ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး သေတတ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး တစ်ခုတောင် ဖြစ်နေပါပြီ။
အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များလွန်းလို့ သွေးကြော နံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ စတင်ခံစားရတော့တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေကတော့ ဒီထက် စောတတ်ပါတယ်။
မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြောတွေက ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အနေနဲ့ မိန်းကလေးတွေမှာ သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော တစ်မျိုး ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..
(၁) အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ် တစ်ကြိမ် ဆက်တိုင်းပါ။
(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃)ဆေးလိပ်ကို ရှောင်ပါ။
(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

(၂) အဆုတ်ကင်ဆာ
တကယ်ကို ကြောက်စရာကောင်းလှတဲ့ ကင်ဆာ ရောဂါဖြစ်ပါတယ်။ ရောဂါဒဏ်ခံရမှု အရမ်းဆိုးခြင်း၊ ရောဂါတိုးတက်မှု မြန်ခြင်း၊ ကင်ဆာဆဲလ်များ နေရာအနှံ့ ပျံ့ခြင်းတွေမှာ တခြားကင်ဆာတွေထက်ကို ဆိုးပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုရင် ရောဂါလက္ခဏာတစ်ခုခု မပေါ်ခင်အချိန်၊ စစ်ဆေးတွေ့ရှိမှု မရှိသေးခင် စဖြစ်တဲ့ အချိန် ကတည်းကကို စပျံ့ နေပြီ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင် နောက်ကျနေပြီလို့ကို တစ်ထစ်ချ ပြောနိုင်တဲ့အထိ ကြောက်စရာကောင်း ပါတယ်။
ကမ္ဘာပေါ်မှာ ရှိရှိသမျှသော အဆုတ်ကင်ဆာတွေ အားလုံးရဲ့ ၉၀% ကျော်ဟာ ဆေးလိပ်ကြောင့် ဖြစ်ရတာ အသေအချာပါပဲ။ CT scan ကလွဲလို့ ကြိုစစ်နိုင်တဲ့ ဆေးစစ်ချက်မျိုးလဲ မရှိသေးပါဘူး။
လက်ရှိစွဲပြီးနေတာ ကြာခဲ့ပြီ ဖြစ်လို့ ငါကတော့ နောက်ကျနေပါပြီ မထူးတော့ပါဘူးလို့ မထင်ပါနဲ့တဲ့။ ဆေးလိပ်ကို ဘယ်အသက်အရွယ်မှာ ဖြတ်ဖြတ် နောက်မကျသေးဘဲ အဆုတ်ကင်ဆာနဲ့ အခြားရောဂါတွေ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာ လျော့နည်းမှာ သေချပါတယ်လို့ ပညာရှင်များက အဆိုပြုထားပါတယ်။

(၃)ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်က မိန်းမတွေမှာ မရှိဘဲ ယောက်ျားတွေမှာသာ ရှိလို့ ယောက်ျားတွေပဲ ဆီးကျိတ်ကင်ဆာ ဖြစ်ကြပါတယ်။ အမျိုးသား ၆ယောက်မှာ တစ်ယောက်နှုန်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တဲ့သူတွေထဲက ကုသမယ်ဆိုရင် ၃၅ယောက်မှာ တစ်ယောက်သာသေနိုင်တာမို့ တော်သေးတာပေါ့ လို့ပဲ ဆိုရမှာပဲ။

(၄)စိတ်ကျရောဂါနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း
စိတ်ဓာတ်ကျဆင်းခြင်းဟာ ကျန်းမာရေးအပေါ် သိသိသာသာ ဆိုးဝါးစေပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေတယ် လို့ ပြောရမှာပေါ့။ စိတ်ကျရောဂါရဲ့ ဒဏ်ကို စိတ်မာပါတယ်ဆိုတဲ့ ယောက်ျားတွေက မိန်းမများလောက်တောင် မခံနိုင်တာ အံ့သြဖွယ်ရာ တွေ့ရပါတယ်။ ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို သတ်သေမှုများရဲ့ ၇၀% နီးပါးဟာ ယောက်ျားတွေ ဖြစ်နေတာပါ။
နောက်ပြီး စိတ်ကျရောဂါ (depression) ၀င်နေတဲ့ သူဟာ နံပတ်(၁)မှာ ပြောခဲ့တဲ့ နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ဖို့ အခွင့်အလမ်းလဲ ပိုများပါတယ်။
မိန်းမတွေဟာ ယောက်ျားတွေလောက် စိတ်ဓာတ်မကျတတ်တာ မဟုတ်ပါဘူး။ တူတူပါပဲ။ ဒါပေမယ့် မိန်းမတွေက ဒီလို စိတ်ညစ်ရမှုကို မျက်ရည်တို့ ဘာတို့နဲ့ ဖြေဖျောက်လို့ရပြီး စိတ်ဓာတ်ကြံ့ခိုင်သူများ လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမျိုးသားများကတော့ ၀မ်းနည်းမှုကို မျက်ရည်အစား ဒေါသတွေ ပေါက်ကွဲမှုတွေ နဲ့ပဲ ထွက်ပေါက်ပေးတော့ ကြာတော့ ပိုဆိုးလာတာဖြစ်ပါတယ်။ (ငိုရင် ပေါ့သွားတယ်ဆိုတာ ဒါဖြစ်မယ်)
နောက်တစ်ချက်က အဆုံးစီရင်ဖို့ ကြိုးစားကြတဲ့ အကြိမ်အရေအတွက်ကတော့ မိန်းမနဲ့ယောက်ျား မကွာလှဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဘာလုပ်လုပ် အောင်မြင်အောင် လုပ်တတ်တဲ့ ယောက်ျားတို့က လုပ်တိုင်းနီးပါး အောင်မြင်ကြလို့ ပိုသေကြပါသတဲ့။
အသိဥာဏ် ဆင်ခြင်တုံတရား မြဲတဲ့ သူများကတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုကို meditation ဆိုတဲ့ တရားထိုင်ခြင်း၊ ဆေးကုသခြင်း စတာတွေနဲ့ ကုသပြီး အောင်မြင်မှုကို ပြန်လည်ရယူတတ်ကြပါတယ်။

(၅)ဆီးချိုရောဂါ
တဖြည်းဖြည်းချင်း လုံးဝမသိသာအောင် စလာတတ်တဲ့ ရောဂါမို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီး ကာကွယ်ဖို့ မေ့နေတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ စဖြစ်ပြီဆိုတာနဲ့ ပိုလျှံနေတဲ့ သွေးတွင်း သကြားဓာတ်တွေဟာ သွေးကြောတွေနဲ့ အာရုံကြောတွေအတွက် အဆိပ်အတောက်များ အဖြစ် နေရာ ယူလာကြပါတယ်။ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်နိုင်တော့ခြင်းနဲ့ ခြေလက်တွေ ဖြတ်ရခြင်းတွေအထိ ဖြစ်နိုင်လို့ တကယ့် ကြောက်စရာ ရောဂါပါပဲ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ သင့်ကို ဆီးချိုရောဂါကနေ ရာသက်ပန် ကာကွယ်ပေးနိုင်ပါတယ်။

(၆)ပန်းသေပန်းညှိုးခြင်း
ဒါဟာ အသက်အန္တရာယ် မရှိပေမယ့် အမျိုးသားတိုင်းနီးပါး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ အလွယ်မှတ်ရရင် အသက်၄၀ ပြည့်ပြီးသား အျမိုးသားတိုင်းရဲ့ ၄၀% ဟာ ဒီပြဿနာ ခံစားနေရပါတယ်။ ဒီလိုဖြစ်လာရင် နံပတ်(၄)မှာ ပြောခဲ့တဲ့ စိတ်ဓာတ်ကျဆင်းခြင်းကို ထိရောက်စွာ အားပေးရာရောက်လို့ ကာကွယ်သင့်လှပါတယ်။
နောက်ပြီး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့အထဲက atherosclerosis သွေးကြောမှာ အဆီခဲတွေ ပိတ်ခြင်းကြောင့်လဲ ဖြစ်နိုင်တာမို့ ဒါကြောင့်သာ အမျိုးသားသဘာဝ မလာတော့ဘူးဆိုရင် နှလုံးသွေးကြောပိတ် လေဖြတ် စတဲ့ ရောဂါတွေလဲ တွဲဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဆရာဝန်များက ပန်းသေပန်းညှိုးခြင်းကို နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများရဲ့ ရှေ့ပြေးသတိပေး လက္ခဏာ တစ်ရပ် အဖြစ် ထည့်သွင်းစဉ်းစား ကြပါတယ်။
ဒီတော့ ဆိုလိုချင်တာက ပန်းသေပန်းညှိုးကို ကုသလို့ရတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေ အများကြီးရှိပေမယ့် ဒါတွေဟာ ဒီကိစ္စကိုပဲ ကုသလို့ ရပြီး နောက်ခံ အကြောင်းတရားဖြစ်တဲ့ သွေးကြောဆိုင်ရာ ပြဿနာများကို မကုသ မကာကွယ်နိုင်တဲ့ အတွက် အမျိုးသားများ ဒီလို ခံစားလာရပြီဆိုရင် ဆေးစစ်သင့်ပြီလို့ အကြံပြုချင်ပါတယ်။
ဒီကမ္ဘာလောကကြီးမှာ ယောက်ျားတွေဟာ မိန်းမတွေထက် ပိုအရေးကြီးတဲ့ တာဝန်တွေကို ယူထားကြရသူတွေ ဖြစ်ပါတယ်။ ဒီတော့ အသက်တိုလို့ မဖြစ်ပါဘူး။ လူသားတိုင်းအနေနဲ့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘ၀မှာ ပျော်ရွှင် တာဝန်ကျေစွာ နေနိုင်ဖို့၊ မိမိဆန္ဒရှိတာလေးတွေ လုပ်နိုင်ဖို့ ကျန်းမာအသက်ရှည်ရန် လိုအပ်လှတာမို့ ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။

(အထက်ပါ ရောဂါ တော်တော်များများရဲ့ ကာကွယ်နည်းတွေကို ကျွန်တော့် ဆောင်းပါးတွေမှာ ဖော်ပြပြီးဖြစ်လို့ ကျန်းမာရေးဆောင်းပါးများမှာ ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်ပါတယ်)

Last Updated at 2010-03-04 on 10:19:27 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

 

blogger templates | Make Money Online