Friday 19 March 2010

အမေမှာသော ဝိဉာဉ်သစ်

ဒီကဗျာလေးက သူငယ်ချင်းလေး နိုဝယ် (တန့်ဆည်) ရဲ့ ကဗျာလေးပါ။ နားလည် ခံစားကြည့်ကြပါဦး။

အမေရေ………
ဟောဒီ မဟာပထဝီမြေကြီးကို
နတ်စောင်းညှင်းပဉ္စလက်သံစဉ်
ထွက်လာမလားလို့……..ကျုပ်လေ
တီးခတ်ခဲ့တာ လက်နှစ်ဖက်လုံး
တိတိရိရိပြတ်ခဲ့ပြီ… ။
ကျုပ်စိုက်ပျိုးခဲ့သမျှ
စိမ်းမြတောသုံးတောင်အလယ်မှာ
ရွက်ကြွေတောအဖြစ်
ဇာတ်သိမ်းခဲ့ရမယ်လို
ကျုပ်တကယ်မတွေးမိဘူး..အမေရေ . . .။
ဘဝတခုလုံး ပုံအောချစ်သမျှ
ကမ္ဘာမြေကြီးဆီက ကြေကွဲမူဝေစုပဲ
ကျုပ်ရရှိခဲ့ရဲ့ …… ။
လာခြင်းမကောင်းခဲ့လို့လား
ပြန်ခြင်းမကောင်းခဲ့လို့လား
ဒွိဟစိတ်ကအိမ်မက်ထဲအထိ…စီးဆင်းဆဲ။
သေချာတယ်…အမေရေ….
သူတို့ကဆေးပေးမှားနေသမျှ
ကျုပ်တို့တွေ ဆေးစားမှားနေအုံးမှာ… ။
ဝင်သက်ထွက်သက် တဖြေးဖြေးလေးလံလာလို့ 
ကျုပ်သေပြီလို့မထင်လိုက်ပါနဲ .
မသေရဲလို့ အခုထိစကားပြောနေတာမဟုတ်ဘူး
လိုအပ်ရင်…ကိုယ်အုတ်ဂူ
ကိုယ်တိုင်လုပ်ဝံ့ သူပါ။
အမေကပေးလိုက်လို့ကျုပ်မှာ
လူပုံသဏ္ဍာန်ဦးခေါင်းကြီးရလာတယ်.. ?
လူသားတို့ရဲ့ လူဆန်တဲ့ ဦးခေါင်းကြီးဖြစ်နေပြီလားလို့ 
မကြာမကြာမေးပေမယ်.
ရေရာတဲ့အဖြေမရသေးဘူး…
အမေကတော့ ပြောပါတယ်။
ငါ့သား…ချစ်စရာကောင်းတဲ့သူကရော
မုန်းစရာ ကောင်းတဲ့သူကိုရော ချစ်လေ။
သားအပေါ် ရက်စက်တဲ့ သူကိုရော
ကြင်နာတဲ့ သူကိုရော ကြင်နာလေ။
သားပိုင်ဆိုင်တဲ သက္ကရာဇ်တိုင်း
ကမ္ဘာမြေကို ကြင်နာယုယပြီး
ကမ္ဘာမြေရဲ့  တုန့် ပြန်ကြင်နာမူကို
မတမ်းတခဲ့ ရင်…….
အဆင့်အတန်းမခွဲခြား လူသားအားလုံးကို
တန်းတူလက်ခံကြိုဆိုတဲ့သုဿာန်မြေတစ်ခုနဲ.
ငါ့သားနှလုံးသား ထပ်တူဖြစ်ခဲ့ ရင်…….
အရိပ်ရသစ်ပင်တစ်ပင်လို
သတ္တဝါတွေအပေါ် လေ့ကျင့်အောင်မြင်ခဲ့ ရင်..
တကယ်အေးမြကြင်လင်တဲ့ရေစင်တစ်ခွက်လို
မနက်ဖြန်တွေကို ထုဆစ်နိုင်ခဲ့ရင်…….
စိုက်ပျိုးထားသမျှ သစ်သီးဝလံကို
သူစိမ်းတွေ ရိပ်သိမ်းသွားတာတောင်
ပါးစပ်က ခွေးတစ်ကောင်လို မဟောင်တတ်ခဲ့ ရင်……
အနဂ္ဃရတနာ များများရှာပြီး
ရှာလိုရသမျှ သူခပ်သိမ်းထံ
ပခုံးထမ်း ပို့တတ်ခဲ့ရင်……
လူသတ်ဝရမ်းပြေးတစ်ယောက်ရဲ့ လက်ထဲက
ချိုအိမွေးနေတဲ့ သစ်သီးတစ်လုံးဖြစ်ခဲ့ ရင်……..
ဖွေးဖွေးလုပ်နေတဲ့ စပါးရုံတွေ
ကြပ်တီးကုန်း အရပ်တိုင်းမှာ
အဖိုးမယူဘဲ စိုက်ပေးနိုင်ခဲ့ ရင်……….
သက်ကြီးရွယ်အိုတွေကို
မောကြီးပန်ြး့ကီး ပခုံးထမ်းပိုး
မြတ်နိုးတတ်ခဲ့ရင်……
ပိုင်ဆိုင်လာသမျှ အိမ်မက်မကောင်းတာတွေကို
ဘယ်သူမှမပြောဘဲ နှုတ်ပိတ်နေတတ်ခဲ့မယ်ဆိုရင်
မင့်ကို….အမေ
အသက်ပေးမွေးရကျိုးနပ်ပြီတဲ့ ……….. ။

နိုဝယ်(တန့်ဆည်)

0 comments:

 

blogger templates | Make Money Online