Thursday 8 July 2010

ဇူလိုင်လ ဗေဒင် ဟောကိန်းများ

# (၇)ရက်သားသမီးများအတွက် ဇူလိုင်လ ဟောကိန်းများ


ဘောလုံးပွဲနဲ့ အလုပ်ရှုပ်နေတာနဲ့ လစဉ်တင်ပေးနေကြလည်း နောက်ကျ ၊ အီးမေးလ်တွေလည်း မပြန်နိုင် ၊ အမေး/အဖြေ ကဏ္ဍကိုလည်း ပစ်ထားရ။ တော်တော်ကို အလုပ်ပျက် အကိုင်ပျက်တဲ့ ကမ္ဘာ့ဖလား ပါဗျာ။ မတတ်နိုင်ဘူး။ ဘောလုံးကလည်း အရိုးထဲ စွဲအောင် ၀ါသနာပါနေတော့ ခက်တယ်။ ဒီကြားထဲ ကိုယ့်တွက်ကိန်း လေးတွေကို အဟုတ်မှတ်ပြီး လိုက်လောင်းကြလို့ နိုင်တဲ့အခါ ပြုံးနိုင်ပျော်နိုင် ကြပေမယ့် နောက်ပိုင်းမှာ ကွဲကြပြဲကြတယ်လို့ ကြားရတယ်။ အတော့်ကို စိတ်မကောင်းပါဘူး။ ဒါကြောင့် “ကြည့်ကြမလား၊ ကမ္ဘာ့ဖလား” ဆောင်းပါးမှာ လောင်းကစားရဲ့ အပြစ်တွေကို ကြိုပြော ထားတာပေါ့။

တကယ်တော့ လောင်းကစား အနိုင်/အရှုံး တွက်တယ်ဆိုတာ ဗေဒင်တွက်နည်းထဲမှာတော့ အခက်ဆုံးဘဲဗျ။လူတစ်ယောက်ရဲ့ ကံကြမ္မာကို တွက်ရင် အနည်းဆုံး (၇၅-၈၀)%လောက် အသာလေး မှန်နိုင်ပေမယ့် “အနိုင် အရှုံး” နဲ့ ပက်သက်လာရင်တော့ (၆၀)%တောင် မမှန်ချင်တော့ဘူးဗျို့။ အတွေ့အကြုံတွေလည်း များခဲ့ပါပြီ။ ၁၉၉၈ ခု ကမ္ဘာ့ဖလား မှာ ကိုယ်ပိုင်တဲ့ မြေကွက်လေးလည်း ပြုတ်။ အကြွေးလည်း သိန်း (၂၀)လောက် တင်သွားတာ ၄-၅ နှစ်လောက် ဆပ်ယူရသဗျ။ ရွှေတစ်ကျပ်သားကို ငါးသောင်းလောက်အချိန်က သိန်း (၂၀)နော်။ ကိုယ့်အင်အားနဲ့ ဆိုရင် အတော်ကို ရုန်းခဲ့ရပါတယ်။

အဲဒီကတည်းက လောင်းကစားဆိုရင် လုံးဝတော်ခဲ့ တန်ခဲ့ပါပြီ။ တစ်ခါတစ်လေ ထီဖွင့်ရက်တောင် ဘယ်ရက်မှန်း မသိပါဘူး။ အခု ၂၀၁၀ ကမ္ဘာ့ဖလားဆိုရင် အခုအချိန်အထိ တစ်ပွဲတစ်လေမှ ကျွန်တော် မလောင်းသေးပါဘူး ။ အပျော်ကြေးတောင်မှ မလုပ်ချင်တော့ဘူး။ ဒီတိုင်း ဘယ်သူနိုင်မလဲ ဆိုတာ တွက်ကြည့် ပြီး ထိုင်ကြည့်ရတာက အရသာ ပိုရှိပါတယ်။ ကိုယ်တွက်တဲ့အတိုင်း “၀င်” သွားရင် “ဟေး ! ဟေး !” ပေါ့ဗျာ။ မ၀င်ရင်တော့ “ဟာ ကွာ !” ပေါ့ဗျာ။ ပိုက်ဆံ မပါတော့ ဘာမှ စိတ်ဆင်းရဲစရာ မရှိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ ကိုယ့်တွက်ကိန်း ကြည့်ပြီး လောင်းတဲ့သူတွေအတွက် “သတင်း ကြားရတာ မကောင်းလို့” စိတ်ဆင်းရဲ နေရတယ်ဗျာ။

ကဲ- ဘောလုံးပွဲအကြောင်းပြောနေလို့ မပြီးသေးဘူး။ (၇)ရက်သားသမီး ဟောကိန်းလေး အမြန်တင်မှ။ တော်ကြာ အရင်အပါတ်ကလို အားလုံးတစ်ချိန်တည်း တင်မပေးကောင်းလားဆိုပြီး “အဆဲခံရမှာ” စိုးရသေးတယ်။ (လူ့ သဘာဝများနော် – ချီးမွမ်းဖို့သာ ခက်ခဲကြတာ/ အပြစ်တင်ဖို့တော့ လွယ်သမှ သိပ်လွယ်တာကလား)။ ကဲ – ဖတ်ကြည့်ကြရအောင်လား ဗျာ။

တနင်္ဂနွေသားသမီးများ

ယခု ဇူလိုင်လအတွက် ကံကြမ္မာ အသင့်အတင့်ရှိမယ်။ ငွေဝင်ကိန်း ရှိတယ်။ လာဘ်လာဘ ရွှင်လန်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ၀င်ရောက်စရာ ရှိမယ်။ အိမ်တွင်းရေး အနည်းငယ် မပြေမလည် ဖြစ်မယ်။ ကျန်းမာရေး အနည်းငယ် ချုခြာမယ်။ ဒီလထဲမှာ ငွေများများဝင်ရင် ကျန်းမာရေး ပိုပြီး ညံ့တတ်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ပြဿနာကို ကိုယ်က လိုက်ပြီး ဖြေရှင်းနေရမယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ငွေကြေးကိစ္စတစ်ခုကြောင့် စကားများရတတ်တယ်။ သားသမီးရှိသူများ သားသမီးကျန်းမာရေးအတွက် ပူပင်ရမယ်။ ငယ်ရွယ်သူများ အချစ်ရေး စန်းပွင့်နေတတ်ပေမယ့် ပြဿနာလည်း များတတ်တယ်။ အချစ်ရေးမှာ မလည်ရှုတ်လုပ်သူများ၊ လှေနံ နှစ်ဘက်နင်းချင်သူများ သတိထား။ အိုးအိမ် နေရာထိုင်ခင်း ကိစ္စနဲ့ ပတ်သက်ပြီး စိတ်အနည်းငယ် ပူပန်စရာ ပေါ်နိုင်တယ်။ အကြီးအကဲ အထက်လူကြီးများနှင့်လည်း အနည်းငယ် မသင့်မတင့် ဖြစ်တတ် တယ်။

နာမည်မှာ တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ နှင့် ကြာသပတေး ဆုံးသူများ ကျန်းမာရေးသော်၎င်း၊ အလုပ်အကိုင်မှာသော်၎င်း ပြဿနာ ကြီးနိုင်တယ်။

တနင်္ဂနွေ စ,ပြီး စနေ နှင့် ဗုဒ္ဓဟူး ဆုံးသူ နာမည်ပိုင်ရှင်များ အသေးစား မတော်တဆ ထိခိုက်မှုများ ၊ သွေးထွက်သံယိုမှုများ ကြုံရဖွယ်ရှိတယ်။ ကျန်သော တနင်္လာ၊ အင်္ဂါ ၊ ကြာသပတေး၊ သောကြာ ဆုံးသူများ ပြဿနာကြီးကြီးမားမား မရှိနိုင်ပါ။ တစ်လလုံး ကံဇာတာကို အကျဉ်းချုပ်ပြောရရင် မဆိုး/မကောင်း ၊ အသင့်အတင့်ထဲမှာ ရှိပါတယ်။

ယတြာပြုလုပ်လိုလျှင် - တနင်္ဂနွေနေ့မှာ ကိုကာကိုလာ အချိုရည် တစ်ပုလင်းကို ဘုရားမှာ ကပ်လှူလိုက်ပါ။

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများ ယခုလ ကံကြမ္မာ သင့်မြတ်ပါတယ်။ သူလည်း မဆိုး/မကောင်း ပေါ့။ နှောင်ကြိုးမကင်းတဲ့ငွေ၊ အန္တရာယ် မကင်းလှတဲ့ ငွေမျိုး ၀င်ရောက်စရာ ရှိတယ်။ သို့မဟုတ် စက်ပစ္စည်း တစ်ပတ်နွမ်းတစ်ခုခုဖြစ်ဖြစ် ၀င်လိမ့်မယ်။ မောင်နှမ ဆွေမျိုးသားခြင်းကြောင့် စိတ်ညစ်ရမယ်။ အထက်လူကြီး နဲ့ မသင့်မတင့် ဖြစ်ကိန်းရှိပေမယ့် နောက်ပိုင်းမှာ ပြန်ပြီး ချီးမွမ်းခံရမယ်။ သက္ခတ်ကောင်း ရောက်နေသူများ ရာထူးတက်ကိန်း ရှိတယ်။ ဘာသာရေး ကိစ္စတွေ ကို လုပ်လိုစိတ် ဖြစ်ပေါ်နေမယ်။ တနင်္လာနံဖြစ်တဲ့ ငွေ၊ ကျောက် ၊ ကား တွေနဲ့ စီးပွားရေး လုပ်စားနေသူများ သတိထားပါ။ ငွေကြေး ဆုံးရှုံးကိန်း ရှိပါတယ်။ သက္ခတ်ကောင်းတွေမှာ ရောက်နေသူများ လုပ်ငန်းသစ်များ တိုးတက်ချဲ့ထွင်စရာ ဖြစ်လာမယ်။ ဒီလထဲမှာ ချွန်ထက်တဲ့အရာ၊ ဒါး စသည်များ ကိုင်တွယ်ရာမှာ အထူးသတိထားပါ။ သွေးထွက်သံယို ဖြစ်ဖွယ် ရှိပါတယ်။ လျှပ်စစ် နဲ့ မီး ကိုလည်း သတိပြုပါ။ ကိုယ်တိုင် ကားမောင်းသူများ အသေးစား ကား Accident တစ်ခု ဖြစ်ဖွယ်ရှိပြီး အဲဒီအတွက် အိပ်ထဲက ပိုက်ဆံ အတော်များများ ခုန်ထွက်ဖို့ ရှိနိုင်ပါတယ်။ ငယ်ရွယ်သူများ ပညာရေး မထင်မှတ်တဲ့ကြားက ကံကောင်းမှု တစ်ခုခု ကြုံလိမ့်မယ်။

ဒီလအတွက် နာမည်မှာ တနင်္လာ စ,ပြီး တနင်္လာ ၊ စနေ နဲ့ ဗုဒ္ဓဟူး ဆုံးထားသူများ Accident နဲ့ သွေးထွက်သံယိုမှုတွေ သတိပြုပါ။ (သိပ်ကြီး မစိုးရိမ်ရပါ)။ သတိထားနိုင်အောင်ပါ။

ကျန်နေ့နံ တွဲလုံးများကတော့ သိပ်ပြဿနာ မရှိလှပါ။

တနင်္လာ စ,ပြီး စနေ နဲ့ ကြာသပတေး ဆုံးသူ အချို့မှာ ငွေကြေး ပမာဏ အတော်များများလေး ၀င်ဖို့ရှိပါတယ်။

ယတြာ လုပ်လိုသူများအတွက် – ဘုရားမှာ “စံပယ်ပန်း” များကို မကြာခဏ ကပ်လှူပူဇော်ပေးပါ။ စံပယ်ပန်း မရလျှင် စံပယ်နံ့ ရှိသော အမွှေးရည်များကို ဘုရားခန်းအတွင်း မကြာခဏ ပက်ဖြန်းပေးပါ။

အင်္ဂါ သားသမီးများ

ယခုလမှာ အင်္ဂါသားသမီးများ ကံကြမ္မာ နဲနဲ ညံ့နေပါတယ်။ အထူးသဖြင့် ကျန်းမာရေး အညံ့ရှိပါတယ်။ နဂိုကတည်းက ကျန်းမာရေး ပြဿနာ အခံရှိသူများ ရောဂါ တိုးတတ်ပါတယ်။ ရောဂါဟောင်းများ ပြန်ထ တတ်ပါတယ်။ ခရီးတို ခရီးရှည်များ ထွက်စရာ ကိစ္စပေါ်လာတတ်ပြီး ထွက်ရင် ပြဿနာ မရှိပါ။ ဒီလထဲမှာ လူလိမ်လူကောက် သတိထားပါ။ သားသမီးရှိသူများ သားသမီး ကျန်းမာရေး ရှောင်တခင် ဖြစ်တတ်ပါတယ်။ ဒီလမှာ ငွေကြေးနဲ့ ပတ်သက်ပြီး အတော် ခေါင်းခဲ ရလိမ့်မယ်။ ငွေကြေး ၀င်ကိန်း ရှိသလို အမြောက်အများ ပြန်ထွက်ကိန်းလည်း ရှိတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေးကံ ကောင်းနေမယ်။ ချစ်သူမရှိသူများ ချစ်သူရခြင်း၊ ချစ်ရေးဆိုခံရခြင်းများ ရှိလိမ့်မယ်။ လှပတဲ့ လက်ဆောင်ပစ္စည်းတစ်ခု ရရှိတတ်တယ်။ ဒီလထဲမှာ ခရီးထွက်တာ ပြဿနာ မရှိဘူးဆိုပေမယ့် “ရေလမ်း” ခရီးကိုတော့ ရှောင်နိုင်ရင် ကောင်းမယ်။ သိပ်အေးတဲ့ ရေချိုးမိပြီး အဖျားအနာ ၀င်တတ်တယ်။ လေအောင့် လေနာ မကြာခဏ ဖြစ်တတ်တယ်။ ၀မ်းနဲ့ ပတ်သက်ပြီး ဒုက္ခပေးတတ်တယ်။ ဒီလထဲမှာ ရွှေဝင်ရင် မမြဲပါ။ ပြန်ပြီး ထွက်တတ်တယ်။

ယခုလအတွက် နာမည်မှာ အင်္ဂါ စ,ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ဆုံးသူများ အညံ့ရှိတတ်ပြီး ကျန်နေ့နံအတွဲများက သိပ်မဆိုးလှပါ။

နာမည်မှာ အင်္ဂါ စ,ပြီး စနေ နဲ့ ကြာသပတေး ဆုံးသူများ ကံဇာတာ ကောင်းမွန်မှုကို ပိုပြီး ခံစားရဖွယ် ရှိပါတယ်။

ယတြာပြုလိုသူများအတွက် - သရက်သီး၊ သရက်ယို များကို ဘုရားမှာ မကြာခဏ ကပ်လှူပေးပါ။ အထူးသတိပြုရန် အချက်က ယခုလ တစ်လလုံး မိမိကိုယ်တိုင် “သရက်သီး၊ သရက်ယို ” စတဲ့ သရက်နဲ့ ပတ်သက်တာမျိုး လုံးဝမစားရပါ။ ကျန်းမာရေး ဒုက္ခပေးတတ်ပါတယ်။ (ဥပမာ – ၀မ်းလျှောတာမျိုး)

.

ဗုဒ္ဓဟူး သားသမီးများ

ယခုလ ဗုဒ္ဓဟူးသားသမီးများ ကံဇာတာ အတော်ညံ့နေပါတယ်။ ဘာလုပ်လုပ် တလွဲတချော် ဖြစ်နေပါမယ်။ ဆုံးဖြတ်ချက်တွေ မှားတတ်ပါတယ်။ အသေးအဖွဲ ကိစ္စလေးတွေက စ,ပြီး ခေါင်းရှုပ်စရာတွေ တစ်ခုပြီး တစ်ခု ကြုံရတတ်ပါတယ်။ သက္ခတ်ညံ့များ အတွင်းရောက်နေသူများ ကျန်းမာရေး သတိပြုပါ။ အိမ်ထောင် ရှိသူများ အိမ်တွင်းရေး မပြေမလည်ဖြစ်မယ်။ ကတောက်ကဆဖြစ်မယ်။ ရန်ဖြစ်မယ်။ ဒီလမှာ ဘာသာတရား များများလုပ်ဖို့ လိုပါတယ်။ အသက်ကြီးသူ အမိ၊ အဘ ၊ အဖိုး ၊ အဖွား တစ်ဦးဦး ကျန်းမာရေး အပြင်းအထန် ထိခိုက်တတ်ပါတယ်။ ဒီလမှာ ကောင်းတာတစ်ခုက ငွေကြေးကိစ္စမှာတော့ ကံကောင်းနေမယ်။ ဒါပေမယ့် ငွေကြေး လှည့်ပတ်ချေးငှားလိုသူများကြောင့် စိတ်အလွန်ရှုတ်ရမယ်။ ကိုယ့်ကို ငွေကြေးအကူအညီတောင်းသူ များလိမ့်မယ်။ ပညာသင်ကြားနေသူ များမှာ ပညာရေးကံ ညံ့တော့မလိုနဲ့ ကောင်းလာမယ်။ ပညာရေး ပြဿနာ သိပ်မရှိဘူး။ ကျန်းမာရေး အထူးချုခြာနိုင်တဲ့ လ, ဖြစ်တာမို့ စားသောက်နေထိုင်ရာ မှာ သတိပြုပြီးနေပါ။

နာမည်မှာ ဗုဒ္ဓဟူး စပြီး ဗုဒ္ဓဟူး နဲ့ တနင်္လာ ဆုံးသူများ ယခုလ ကံကြမ္မာ အထူးညံ့ဖွယ် ရှိပါတယ်။

ဗုဒ္ဓဟူး စ,ပြီး ကြာသပတေး ဆုံးသူများ တစ်ဖက်က ငွေကြေး အမြောက်အများ ၀င်ကိန်း ရှိပြီ တစ်ဖက်မှာ ကျန်းမာရေး အညံ့ရှိပါတယ်။

နာမည်မှာ ဘာနဲ့ စ,စ ၊ ဘာနဲ့ ဆုံး , ဆုံး ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ စနေနံတွေ ပါနေရင် ဒီလထဲမှာ အမှုအခင်း ဖြစ်ဖွယ်ရှိပါတယ်။ တရားဥပဒေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ (သက္ခတ် ညံ့သူများသာ . . )

ယတြာပြုလုပ်လိုလျှင် - မွေးနေ့ ဗုဒ္ဓဟူးနေ့ တစ်နေ့နေ့တွင် မိမိ၏ ဖိနပ်အဟောင်းတစ်ရံ ကို “ထုံး” အနည်းငယ် သုတ်လိုက်ပြီး မိမိနေအိမ်မှ အနောက်မြောက် အရပ်သို့ (ခပ်ဝေးဝေး) သွားရောက် စွန့်ပစ်လိုက်ပါ။

ကြာသပတေး သားသမီးများ

ယခုလမှာ ကြာသပတေးသားသမီးများအတွက် ကံဇာတာ အထူးကောင်းမွန်နိုင်တဲ့ လ, ဖြစ်ပါတယ်။ ၀န်ထမ်းလုပ်ကိုင်နေသူများ ရာထူး၊ နေရာ ၊ အခွင့်အရေး များ တိုးတက်ရရှိနိုင်သလို စီးပွားရေးသမားများအတွက်လည်း လုပ်ငန်း တိုးတက်မှု အထူးရနိုင်ပါတယ်။ ဘာသာရေး အလှူအတန်းများ ပြုလုပ်ရဖို့ရှိပြီး လုပ်လျှင် အထူးကောင်းမွန်ပါမယ်။ ငယ်ရွယ်သူများလည်း ပညာရေး တိုးတက်ကောင်းမွန်ပြီး နာမည်ဂုဏ်သတင်း ကျော်စောနိုင်ပါတယ်။ ယခုလမှာ အိမ်ထောင်သည်များအတွက်သာ အနည်းငယ် ညံ့ပါတယ်။ အထူးသဖြင့် ကြာသပတေးသားသမီး အချင်းချင်း လက်ထပ်ထားတဲ့ အတွဲမျိုး၊ ကြာသပတေး နဲ့ စနေ၊ ကြာသပတေး နဲ့ ဗုဒ္ဓဟူး အတွဲများမှာ အိမ်ထောင်ရေး ကတောက်ကဆ မကြာခဏ ဖြစ်ပြီး တစ်ချို့မှာ ပြဿနာ အလွန်ကြီးနိုင်ပါတယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်အလွန်ကြီးနိုင်တဲ့ လ, ဖြစ်ပါတယ်။ ကိုယ့်နာမည် တိုးတက်ကျော်ကြားမှုကြောင့် ငွေကြေး စီးပွားများပါ တိုးတက်ရရှိလာနိုင်ပါတယ်။ ၀န်ထမ်းများမှာ ခက်ခဲတဲ့ တာဝန်ကြီးများကို ပေးအပ်ခံရပေမယ့် အောင်မြင်အောင် ဆောင်ရွက်နိုင်တာကြောင့် အထက်လူကြီးများရဲ့ မျက်နှာသာ ပေးမှုကို ခံရ နိုင်ပါတယ်။ အိုးအိမ်အဆောင်အဦး ၀ယ်ဖို့ကြံရွယ်ထားသူများ ယခုလထဲမှာ ၀ယ်ဖြစ်နိုင်တယ်။ နာမည်မှာ တနင်္ဂနွေ နဲ့ သောကြာ တွဲထားတဲ့ လူတစ်ယောက် ရဲ့ ဒုက္ခပေးမှုကို ခံရဖွယ် ရှိပါတယ်။ ဒီနာမည်တွဲလုံးမျိုးရှိသူနဲ့ ယခုလ ကြုံဆုံ လာရင် သတိထားပါ။

ယခုလအတွက် နာမည်မှာ ကြာသပတေး စ, ပြီး နောက်မှာ ကြာသပတေး ၊ စနေ ၊ တနင်္လာ နံများဖြင့် အဆုံးပြုထားသူများ အထူးကံကောင်းနိုင်ပါလိမ့်မယ်။

ကြာသပတေး စ, ပြီး တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး ဆုံးသူများ ကံကြမ္မာ နဲနဲ အညံ့ရှိတတ်ပေမယ့် အခြားနေ့သားသမီးများထက်တော့ သာပါတယ်။ ကျန်နာမည် တွဲလုံးများက ပြဿနာ သိပ်မရှိပါ။ ဒီလအတွက် ကောင်းကြပါတယ်။

ယတြာ ပြုလိုသူများအတွက် – မွေးနေ့ ကြာသပတေးနေ့မှာ အိမ်ကဘုရားမှာ “နာနတ်သီး” စိတ် (သို့) နာနတ်ဖျော်ရည် နှင့် ပဲပေါင်မုန့် တစ်လုံးကို ကပ်လှူပေးပါ။

သောကြာ သားသမီးများ

ယခုလအတွက် သောကြာသားသမီးများ ကံဇာတာဟာ အကောင်းအဆိုး ချိန်ကြည့်ရင် အကောင်းဖက်က များပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်သူများထက် ၀န်ထမ်းများက ပိုမို ကောင်းမွန်ဖွယ်ရာ ရှိပါတယ်။ လုပ်ငန်းရှင်များမှာ မြုတ်နေတဲ့ ငွေများ ပြန်ပေါ်နိုင်ဖို့  အခွင့်အလမ်းများပါတယ်။ မရောင်းရလို့ ပစ်ထားတဲ့ မြေ၊ အဆောက်အဦများ ရောင်းထွက်တတ်ပါတယ်။ အမွေရကိန်း ၊ ထီပေါက်ကိန်းများလည်း ရှိနေပါတယ်။ ဒီလမှာ သောကြာသားသမီးများ တနည်းမဟုတ် တနည်းနဲ့ ငွေကြေးလာဘ်လာဘ ရရှိနိုင်ပါတယ်။ အနုပညာနဲ့ အသက်မွေးသူများ အထူးကံကောင်းနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ ယခုလ ဟာ “ဖိအားများ” တတ်ပြီး စိတ်ညစ်ညူးရတဲ့ လ, တစ်လဖြစ်နိုင်တယ်။ အသက်အရွယ်ကြီးရင့်သူ အမိ၊ အဖများအတွက် စိတ်သောက ရောက်ရမယ်။ ကိုယ်တိုင်လည်း ကျန်းမာရေး ချုခြာတတ်ပေမယ့် အသေးအမွှားလောက်ဘဲ ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ ရှိတယ်။ ဒီလ သောကြာသားသမီးတွေ ကံကောင်း နိုင်ပေမယ့် အင်္ဂါ၊ ဗုဒ္ဓဟူး ၊ စနေ သက္ခတ်များအတွင်း ရောက်နေပြီး ဥပဒေ မကင်းတဲ့ အလုပ်များ လုပ်နေသူများ ဒီလမှာ “တရားရုံး၊ ထောင်၊ အချုပ်” တို့နဲ့ တော်တော်နီးစပ်လှပါတယ်။ စနေ သက္ခတ်အတွင်း ရောက်နေလျှင် အထူးသတိထားပါ။ ကျန်တာတွေ ကောင်းပါတယ်။

သောကြာ သားသမီးများအတွက် နာမည်တွဲလုံးအနေနဲ့ ယခုလမှာ အထူးကံကောင်းသူ ၊ ကံဆိုးသူ မရှိပါ။ ကံဇာတာခြင်း အနည်းနဲ့ အများ တူညီနေကြပါတယ်။

ယတြာပြုလုပ်လိုလျှင် – ငွေကြေးတတ်နိုင်သူဖြစ်လျှင် “အခမဲ့ ဆေးရုံဆေးခန်း” များမှာ လူနာအိပ် “ကုတင်” တစ်လုံးလှူဒါန်းလိုက်ပါ။ မတတ်နိုင်လျှင် “ခေါင်းအုံး နှင့် ခြင်ထောင်” တစ်စုံ လှူဒါန်းလိုက်ပါ။

စနေ သားသမီးများ

စနေသားသမီးများရဲ့ ယခုလ ကံကြမ္မာက အကောင်းများပါတယ်။ ဒီလထဲမှာ စနေ နဲ့ ကြာသပတေး သားသမီးများ အထူးကံကောင်းနိုင်ပါတယ်။ ငွေစုငွေပုံ ၀င်ကိန်းရှိတယ်။ နာမည်ကျော်ကြား ကိန်းရှိတယ်။ ထီပေါက်ကိန်း ရှိတယ်။ အမွေရကိန်း ရှိတယ်။ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်တယ်။ မြုတ်နေတဲ့ ငွေတွေ ပြန်ပေါ်နိုင်တယ်။ ကြွေးဟောင်းပြန်ရကိန်း ရှိတယ်။ မရောင်းရတဲ့ ပစ္စည်းတွေ ရောင်းထွက်နိုင်တယ်။ စစ်ဘက် အုပ်ချုပ်ရေးဘက် ဆိုင်ရာ လုပ်ငန်းများမှာ လုပ်ကိုင်နေသူများ ရာထူးတက်ကိန်းရှိတယ်။ ကုန်လှောင်ရောင်းဝယ်သူများ အမြတ်ကြီးကြီး ရနိုင်တယ်။ မကောင်းတာ တစ်ခုက ကျန်းမာရေးဘဲ။ ကျန်းမာရေးတော့ အထူးသတိထားရမယ်။ ထိခိုက်မှု အန္တရာယ် ရှိတယ်။ မီး ၊ အပူ လောင်ခြင်း၊ ဓာတ်လိုက်ခြင်းများ ဖြစ်ဖွယ်ရှိတယ်။ လျှပ်စစ် ပစ္စည်း၊ စက်ပစ္စည်းများ ကိုင်တွယ်ရာမှာ သတိပြုပါ။

သာမန် ကျန်းမာနေသူ များထက် နာတာရှည်ရောဂါ ရှိသူများ ပိုမို သတိထားသင့်တယ်။ ရန်အတိုက် အခိုက်ရှိတယ်။ မလိုသူတို့ရဲ့ လုပ်ကြံ ဂျောက်တွန်းမှု ခံရနိုင်တယ်။ ဒါပေမယ့် သိပ်ဆိုးဆိုး ရွားရွား ဖြစ်စရာ မရှိပါ။ မိခင်၊ ဘခင် ဖြစ်စေ၊ ညီအစ်ကို မောင်နှမထဲက ဖြစ်စေ ကျန်းမာရေး အသည်းအသန် ဖြစ်ကိန်း ရှိပြီး စိတ်ပူပန်စရာ ကြုံတတ်တယ်။ ဘာဘဲပြောပြော ယေဘူယျ ကံကြမ္မာ (ယခုလအတွက်) ကောင်းပါတယ်။

နာမည်မှာ စနေ စ, ပြီး စနေ နှင့် ကြာသပတေး ဆုံးသူများ အထူးကံကောင်းနိုင်တယ်။

စနေ စ, ပြီး တနင်္လာ နှင့် သောကြာ ဆုံးသူး အသေးစား ထိခိုက်မိခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း ၊ အပူလောင်ခြင်း ၊ ဓာတ်လိုက်ခြင်းများ ဖြစ်ဖွယ်ရှိတယ်။

တနင်္ဂနွေ နှင့် အင်္ဂါ သက္ခတ်များအတွင်း ရောက်နေသူများမှာတော့ အညံ့ကြုံနိုင်တယ်။

ယတြာ ပြုမယ်ဆိုရင်တော့ – မိမိနေအိမ်ဘုရားမှာဘဲ “အုန်းသီးစိပ် (၆) စိပ်” နှင့် ဇီးယို (သို့) ဇီးဖျော်ရည် တစ်ဖန်ခွက်နှင့် တွဲဖက် ကပ်လှူပေးပါ။

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်းမွေးသူများ)

ရာဟုသားသမီးများအတွက် ယခုလဟာ ဗုဒ္ဓဟူးသားသမီးများနှင့် ကံကြမ္မာခြင်း အတူတူလောက်ပါဘဲ။ ခပ်ညံ့ညံ့ ဘဲပေါ့။ ကျန်းမာရေး အထူးညံ့မယ်။ ဂုဏ် သိက္ခာ ကျဆင်းစရာ ကိစ္စတွေ ပေါ်မယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး ၊ စနေ သက္ခတ်များအတွင်း ရောက်နေသူများ အမှုအခင်း၊ တရားတဘောင် ဖြစ်နိုင်တယ်။ အိမ်တွင်းရေး ပြဿနာ ၊ အိမ်ထောင်ရေး ပြဿနာ ကြီးမယ်။ ကိုယ့်ထက် အသက်ကြီးသူ မုဆိုးဖို၊ မုဆိုးမ၊ တခုလပ်များနှင့် ညိစွန်းတတ်ပြီး ပြဿနာ ကြုံတတ်တယ်။ လူမျိုးခြား ဒုက္ခပေးမယ်။ ငွေရေး ကြေးရေး ကံလေးကတော့ သိပ်မဆိုးလှပါဘူး။ သူ့ဟာနဲ့ သူ ကြံဖန်ပြီး ငွေဝင်နေမယ်။ ဒီလအတွင်း တရားအားထုတ်ရင် တရားထူး ရနိုင်တယ်။ အသိအမြင် ပေါက်နိုင်တယ်။ ငွေကြေးကို ကိုယ်ကဘဲ သူများဆီက ချေးချေး ၊ သူများကိုဘဲ ချေးထားထား အဲဒီအတွက် ပြဿနာ ပေါ်မယ်။ ငွေကိစ္စ စကားပြောရမယ်။

နာမည်မှာ ဗုဒ္ဓဟူး/ရာဟု စပြီး ဗုဒ္ဓဟူး/ရာဟု (သို့) တနင်္လာ ဆုံးသူများ ယခုလ ကံကြမ္မာ အထူးညံ့ဖွယ် ရှိပါတယ်။

ဗုဒ္ဓဟူး/ရာဟု စ,ပြီး ကြာသပတေး နှင့် စနေနံ ဆုံးသူများ တစ်ဖက်က ငွေကြေး အမြောက်အများ ၀င်ကိန်း ရှိပြီ တစ်ဖက်မှာ ကျန်းမာရေး အညံ့ရှိပါတယ်။

နာမည်မှာ ဘာနဲ့ စ,စ ၊ ဘာနဲ့ ဆုံး , ဆုံး ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ စနေနံတွေ ပါနေရင် ဒီလထဲမှာ အမှုအခင်း ဖြစ်ဖွယ်ရှိပါတယ်။ တရားဥပဒေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဗုဒ္ဓဟူးသားသမီးများနဲ့ အတူတူပါဘဲ။

ယတြာပြုလုပ်လိုလျှင် – မိမိနေအိမ်ဘုရားမှာဘဲ “မုန့်ဖက်ထုပ်” ကို ကပ်လှူပူဇော်ပေးပါ။ မုန့်ဖက်ထုပ် မရှိလျှင် “ပေါင်မုန့် ထောပတ်သုတ်” ကို ကပ်လှူပေးပါ။

(၇)ရက်သားသမီးအားလုံး ဘေးဘယာ ဝေးကွာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ – ဗေဒသုခုမ)

number of view: 4171(Visited 1,801 times, 254 visits today)

0 comments:

 

blogger templates | Make Money Online