Saturday 22 January 2011

မန်ချက်စတာ ယူနိုက်တက်ရဲ့ အနာဂတ်ကို ဘယ်သူတွေ ထုဆစ်မလဲ







မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အင်္ဂလန် ပရီးမီးယား လိဂ်မှာ တင်မက တစ်ကမ္ဘာလုံး အတိုင်းအတာထိ နာမည်ကျော်ကြား အောင်မြင်နေတဲ့ အနီရောင် တပ်ဖွဲ့ဝင် တွေကို မျက်စိထဲ ပြေးမြင် မိကြမှာပါ။


တစ်ယောက်နဲ့ တစ်ယောက် အမြင် ကွဲလွဲမှုတွေ ရှိနေကြမယ် ဆိုရင်တောင် ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အကြီးကျယ်ဆုံး ဘောလုံးကလပ် အသင်းတစ်ခု ဖြစ်တယ်ဆိုတာ ဘောလုံး ပရိသတ်တိုင်း လက်ခံကြမှာ ဖြစ်ပါတယ်။ ယူနိုက်တက် ခုလို အောင်မြင်မှုတွေ ဝေေ၀ဆာဆာ ရရှိလာဖို့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အဓိက ပဲ့ကိုင် ပုံဖော်ခဲ့တာ ဖြစ်ပြီး ဒေးဗစ်ဘက်ဟမ်း၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ နစ်ကီဘတ်၊ ဂယ်ရီနဗီးလ်၊ ဖိလစ်နဗီးလ် တို့လို ငယ်မွေး ခြံပေါက်တွေရဲ့ အားနဲ့ အသင်းကို တည်ဆောက် ခဲ့တာပါ။ နောက်ပြီး ကမ္ဘာတလွှားက အလားအလာ ရှိတဲ့ လူငယ်တွေ ကိုလည်း စနစ်တကျ ၀ယ်ယူ စုဆောင်း ခဲ့ပါသေးတယ်။

ယူနိုက်တက်ရဲ့ လူငယ် စီမံကိန်းဟာ ခုချိန်ထိ အသီးအပွင့်တွေ ဝေဆာနေဆဲ ဖြစ်ပြီး ဒါရင် ဖလက်ချာ၊ ဂျွန်နီအီဗန်စ် တို့လို မျိုးဆက်သစ် တွေဟာ အသင်းကြီးမှာ နေရာ ရနေပါပြီ။ ယူနိုက်တက်ရဲ့ အောင်မြင်မှုတွေ အတွက် အဓိကကျတဲ့ ထောက်တိုင် တစ်ခုဖြစ်တဲ့ လူငယ် စီမံကိန်းကနေ နောက်ထပ် ဘယ်ကမ္ဘာကျော် ဘောလုံးသမားတွေ ထွက်ပေါ်လာ ဦးမလဲဆိုတာ ရင်ခုန်စရာ ကိစ္စတစ်ခုပါ။ ဒါကြောင့်လည်း ယူနိုက်တက်ကို ချစ်တဲ့ ပရိသတ်တွေ အတွက် အသင်းရဲ့ မျိုးဆက်သစ် လူငယ် ကစားသမားတွေ အကြောင်း ခုလိုမျိုး မိတ်ဆက် ဖော်ပြ လိုက်ပါတယ်။

ဘန်အာမို့စ် (ဘန်ဂျမင် ပေါလ် အာမို့စ်)

အသက်(၂၀) အရွယ် အင်္ဂလန် လူငယ် ဂိုးသမား လေးဟာ မက်ကလက်စ်ဖီးလ် ဇာတိ ဖြစ်ပါတယ်။ ယူနိုက်တက်ကို အသက်(၁၁)နှစ် ကတည်းက ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးသမား ဘ၀ အစကတော့ ခရူဝဲလ် အလက်ဇန္ဒား အသင်းကပါ။ (၂၀၀၅) ခုနှစ်က ယူနိုက်တက် အသက်(၁၈)နှစ်အောက် အသင်းမှာ အထုတ်ခံရတဲ့ ရွန်ရော ဘတ်ဇီလာ အစား လူစားဝင် ကစားရင်း အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်ဟာ ဘော်လ်တန် လူငယ်တွေကို (၂-၀)နဲ့ ရှုံးခဲ့ပေမယ့် အာမို့စ်ရဲ့ လက်စွမ်းကို ဆာအဲလက်စ် ဖာဂူဆန်က သတိပြုလာ မိပါတယ်။ သူဟာ (၂၀၀၈)ခုနှစ်၊ ဇူလိုင်(၂၇)ရက်နေ့ ပို့စ်မောက်သ်နဲ့ တောင်အာဖရိက ခြေစမ်း ခရီးစဉ်မှာ အသင်းကြီး အတွက် ပထမဆုံး ပွဲထွက် ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့်လည်း အတွေ့အကြုံ နုနယ် လှသေးတဲ့ အာမို့စ်ဟာ ယူနိုက်တက်ရဲ့ စီနီယာ ဂိုးသမား တွေကို ကျော်လွှားဖို့ မလွယ်သေး တာကြောင့် ပီတာဘရော့ဂ် ယူနိုက်တက်နဲ့ နော်ဝေးကလပ် မိုဒေးလ်တို့ကို အငှားသွား ကစား ခဲ့ရပါတယ်။ ဒါပေမယ့် ဘန် ဖော်စတာကို ယူနိုက်တက်က ရောင်းထုတ် ခဲ့ချိန်မှာတော့ အသင်းရဲ့ တတိယ ဂိုးသမား ဖြစ်လာ ခဲ့ပါတယ်။ (၂၀၁၀)၊ ဒီဇင်ဘာ (၇)ရက်နေ့မှာတော့ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပွဲဦးထွက် အဖြစ် စပိန်ထိပ်သီး ဗလန်စီယာနဲ့ တွေ့ဆုံရာမှာ အာမို့စ်ဟာ ဂိုးပေါက်ကို တာဝန်ယူခွင့် ရခဲ့ပါတယ်။ အဲဒီပွဲမှာ ပက်ဘလို ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုး တစ်ဂိုးထဲပဲ အာမို့စ် အနေနဲ့ ခွင့်ပြုခဲ့ရတာပါ။ သူဟာ အနာဂတ်မှာ ယူနိုက်တက် အတွက် အားထားရမယ့် လူငယ်လေး တစ်ယောက် ဖြစ်လာ နိုင်တယ်လို့ လေ့လာ သူတွေက သတ်မှတ် ထားပါတယ်။ ခုလောလော ဆယ်တော့ အာမို့စ်ကို အတွေ့အကြုံ ကောင်းတွေ ပိုရလာအောင် နည်းပြကြီး ဆာဖာဂူဆန်က အိုးလ်ဟမ် အက်သလက်တစ်ကို အငှားချ ထားပါတယ်။

ဂျွန်နီ အီဗန်စ် (ဂျိုနသန် ဂရန့်တ် အီဗန်စ်)

သူ့ကိုတော့ ထူးထူးထွေထွေ မိတ်ဆက် ပေးစရာ လိုမယ် မထင်ပါဘူး။ အသက်(၂၃)နှစ် ရှိပြီဖြစ်တဲ့ မြောက် အိုင်ယာလန် လက်ရွေးစင်ဟာ ယူနိုက်တက် အသင်းကြီးမှာ ဗဟို ခံစစ်မှူး အဖြစ် အတော်လေး နေရာ ရနေပါပြီ။ ဘဲလ်ဖတ်မှာ မွေးဖွားခဲ့တဲ့ အီဗန်စ်ဟာ ဂရင်းအိုင်းလန်း ကလပ်မှာ ဘောလုံး သမားဘ၀ စတင် ခဲ့ပါတယ်။ အဲဒီ ကလပ်မှာပဲ ယူနိုက်တက်ရဲ့ လူငယ် ရှာဖွေရေး ကင်းထောက်တွေက အီဗန်စ်ကို တွေ့သွားခဲ့တာပါ။ ယူနိုက်တက် လူငယ် အကယ်ဒမီကို ရောက်လာပြီး တဲ့နောက် (၂၀၀၆)ခုနှစ်လောက်က စပြီး အသင်းရဲ့ နိုင်ငံခြား ခြေစမ်း ခရီးစဉ်တွေမှာ ပွဲထွက်ခွင့် ရလာ ခဲ့ပါတယ်။ သူဟာ ဒါရွန် ဂစ်ဘ်ဆန်၊ ဖရေဇာ ကမ့်ဘဲလ်နဲ့ ဒင်နီဆင်ဆမ် တို့နဲ့အတူ အသင်းကြီးကို ရောက်လာ ခဲ့ပေမယ့် ခုချိန်မှာတော့ ဂစ်ဘ်ဆန် တစ်ဦးသာ ယူနိုက်တက်မှာ ဆက်ရှိ နေပါတော့တယ်။ တခြားလူငယ် ကစားသမား တွေလိုပဲ အီဗန်စ်ဟာ အတွေ့အကြုံ ရဖို့ အငှားထွက် ကစားခဲ့ရပြီး ဆန်းဒါးလန်းမှာ အထူးခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆာ ဖာဂူဆန်ဟာ အီဗန်စ် တစ်ယောက် အငှားက ပြန်လာတဲ့ အချိန်မှာ စပိန်လူငယ် ဂျရတ် ပစ်ကေးကို ရောင်းထုတ်ပစ်ပြီး သူ့ကို နေရာပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နောက်တန်း အတွင်းလူ နေရာမှာ နီမန်ဂျာ ဗီဒစ်နဲ့ ရီယိုဖာဒီနန် တို့ဟာ အဓိက ကစားသမားတွေ အဖြစ် ရှိနေဆဲပါ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ယောက် မကစား နိုင်ရင်လည်း ပြဿနာ မရှိပါဘူး။ ဒီနေရာ အတွက် အီဗန်စ်ဟာ အမြဲတမ်း အရန်သင့်ပါပဲ။

ခရစ် စမောလင်း (ခရစ္စတိုဖာ လွိုက်ဒ် စမောလင်း)

အသက်(၂၁)နှစ်ပဲ ရှိသေးတဲ့ ဗဟို ခံစစ်မှူးဟာ အရပ်အမောင်း ကောင်းပြီး အမြင့်ဘောတွေ ဖျက်ထုတ်ရာမှာ ထူးချွန်လှသူပါ။ ကွင်းလယ် ခံစစ်မှာလည်း ပိုင်ပိုင်နိုင်နိုင် ကစားတတ်တဲ့ စမောလင်းဟာ ယူနိုက်တက် လူငယ် စီမံကိန်းက ထွက်ပေါ် လာသူတော့ မဟုတ်ပါဘူး။ သူ့ကို လန်ဒန်မြို့က ဂရင်းဝစ်ခ်ျမှာ မွေးဖွားခဲ့ပြီး (၉)နှစ်အရွယ်မှာ ၀ယ်လ်ဒါစလိတ် ဘွိုင်းစ် အသင်းမှာ ကစားခဲ့ပါတယ်။ ချက်သ်ဟမ်း ယောက်ျားလေး သဒ္ဒါကျောင်းမှာ ပညာသင်ရင်း ကျောင်းလက်ရွေးစင် ဘ၀ကနေ အသက်(၁၈)နှစ်အောက် အင်္ဂလန် လက်ရွေးစင် အဖြစ် ခေါ်ယူစမ်းသပ် ခံခဲ့ရပါတယ်။ အင်္ဂလန် ကျောင်းပေါင်းစုံ လက်ရွေးစင်နဲ့ စကော့တလန် ကျောင်းပေါင်းစုံ လက်ရွေးစင်တို့ (၂၀၀၈)ခုနှစ်က ၀င်ဘလေ ကွင်းကြီးမှာ ခြေစမ်းတဲ့ အခါမှာလည်း အရွေးချယ် ခံခဲ့ရပါတယ်။ နောက်ပိုင်းတော့ သူဟာ မေ့ဒ်စတုန်း ယူနိုက်တက်မှာ ကစားခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်၊ ဇွန်လမှာတော့ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်က သူ့ကို လူငယ်စီမံကိန်း အတွက် ခေါ်ယူသွားခဲ့ ပါတော့တယ်။ ဖူလ်ဟမ်မှာ ပွဲအနည်းငယ် လောက်ပဲ ကစားခွင့် ရခဲ့ပေမယ့် အလားအလာ ရှိပြီး တောက်ပတဲ့ ခြေစွမ်းကို စမောလင်း တစ်ယောက် ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်ဟာ စမောလင်း အတွက် ပေါင်စတာလင် (၁၀)သန်းထိ ရဲရဲရင့်ရင့် ရင်းနှီးမြှုပ်နှံ ခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ယူနိုက်တက် အသင်းအတွက် ပွဲအများကြီး ကစားခွင့် မရသေးပေမယ့် ပရီးမီးယား လိဂ်ရဲ့ ပါရမီ အပြည့်ဝဆုံး လူငယ် ကစားသမားလေး တစ်ယောက်အဖြစ် သတ်မှတ် ခံထားရပါပြီ။

ရာဖေးလ် ဒါဆေးလ်ဗား (ရာဖေးလ် ပီရီရာ ဒါဆေးလ်ဗား)

အသက်(၂၀)ဆိုတဲ့ အရွယ်မှာ ဂယ်ရီနဗီးလ်၊ ၀က်စ်ဘရောင်း တို့ကို ကျော်ဖြတ်ပြီး ယူနိုက်တက်ရဲ့ အမာခံ ညာတောင်ပံ ခံစစ်မှူး နေရာကို အပိုင် သိမ်းလိုက်ပြီ ဆိုတော့ ဒီဘရာဇီးလ် လူငယ်လေးရဲ့ ကိုယ်ရည် ကိုယ်သွေးကို သိပ်ပြီး ညွှန်းဆိုစရာ မလိုတော့ပါဘူး။ ဘရာဇီးလ် ကလပ် ဖလူမီးနီးစ် ကနေ အစ်ကိုဖြစ်သူ ဖေဘီယို ဒါဆေးလ်ဗားနဲ့ အတူ ယူနိုက်တက်ကို ပြောင်းရွှေ့လာ ကတည်းက ရာဖေးလ်ရဲ့ ခြေစွမ်းဟာ ပိုပိုပြီး မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါဆေးလ်ဗား ညီအစ်ကို နှစ်ယောက်ကို ရီယိုဒီဂျနေရိုး မြို့တော်နဲ့ သိပ်မဝေးတဲ့ ပီထရို ပိုးလစ်မှာ မွေးဖွား ခဲ့ပါတယ်။ သူတို့နှစ်ယောက် အသက်(၁၁)နှစ်မှာ ဖလူမီးနီစ် လူငယ်ရှာဖွေရေး ကင်းထောက်တွေက တွေ့သွားပြီး တဲ့နောက် ဇီရမ်မှာရှိတဲ့ လူငယ် လေ့ကျင့်ရေး စင်တာမှာ ကျောင်းအိပ်ကျောင်းစား ခေါ်ထား ခဲ့ပါတယ်။ ဒါဆေးလ်ဗား ညီအစ်ကို နှစ်ယောက် ဖလူမီးနီးစ်မှာ အပြိုင်းအရိုင်း တိုးတက် လာတာကို ယူနိုက်တက်ရဲ့ လူငယ် ရှာဖွေရေး ကင်းထောက် လက်စ်ကာရှောက (၂၀၀၅)ခုနှစ်မှာ ခြေရာ ခံမိသွား ပါတော့တယ်။ အဲဒီတုန်းက ဟောင်ကောင်က လူငယ်ပြိုင်ပွဲ တစ်ခုမှာ ဘရာဇီးလ် ကိုယ်စားပြုပြီး လာကစား ကြတာပါ။ ပြိုင်ပွဲအပြီးမှာ အာဆင်နယ် အသင်းက အေးဂျင့် တချို့ဟာ ဖလူမီးနီးစ်ရဲ့ ခွင့်ပြုချက် မရဘဲ ညီအစ်ကို နှစ်ယောက်ကို အသင်းမှာ လေ့ကျင့်ခန်း လာဆင်းဖို့ တိုက်တွန်း ခဲ့ပေမယ့် အဆင်မပြေ ခဲ့ပါဘူး။ စပိန်ထိပ်သီး ရီးယဲလ် မက်ဒရစ်ကလည်း ဘရာဇီးလ်ရဲ့ ဘောလုံး ကျောက်မျက် ရိုင်းလေးတွေကို ချဉ်းကပ် ခဲ့ပေမယ့် ခြေသွက်လက်သွက် လှုပ်ရှားခဲ့တာက ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ (၂၀၀၇)ခုနှစ်၊ ဖေဖော်ဝါရီမှာ အမြွှာ ညီအစ်ကို အတွက် ဖလူမီးနီးစ်ကို လျော်ကြေးပေးပြီး စာချုပ်ခဲ့ပါတယ်။ ရာဖေးလ်ဟာ (၂၀၀၈)ခုနှစ်၊ ဇူလိုင်လမှာ အသက်(၁၈)နှစ် ပြည့်ခဲ့ပြီး တဲ့နောက် ယူနိုက်တက်နဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ခုချိန်မှာတော့ အသင်းအတွက် အကောင်းဆုံး ညာနောက်ခံလူ အဖြစ် ရပ်တည် နေနိုင်ပြီ ဖြစ်ပါတယ်။ သူဟာ လိုအပ်ရင် ညာတောင်ပံ အလယ်တန်းလူ အဖြစ်လည်း ခြေစွမ်း ပြနိုင်သူပါ။ ရာဖေးလ်ရဲ့ အစ်ကို ဖေဘီယိုကတော့ အသင်းအတွက် (၂)ဂိုး သွင်းပေးထားပြီ ဖြစ်တဲ့ သူ့ညီလောက်တော့ ပုံမှန် ပွဲထွက်ခွင့် မရရှာ သေးပါဘူး။

ဖေဘီယို ဒါဆေးလ်ဗား (ဖေဘီယို ပီရီရာ ဒါဆေးလ်ဗား)

အမြွှာ ညီအစ်ကို နှစ်ယောက်မှာ အကြီးဖြစ်တဲ့ ဖေဘီယိုဟာ ရာဖေးလ်ထက် ပိုထူးချွန်တဲ့ သူလို့ ဖလူမီးနီးစ်က လူငယ် အသင်းနည်းပြ အဖွဲ့က မှတ်ချက် ပေးထားတာပါ။ ခံစစ်မှာ ဘယ်အစွန်၊ ညာအစွန် ကစား တတ်ပေမယ့် ညာခြမ်းမှာ ရာဖေးလ် ကစားနေကျမို့ ဖေဘီယိုဟာ ဘယ်ဖက်မှာ ပိုပြီးကစား ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ပက်ထရစ် အီဗရာ အကောင်းဆုံး အခြေအနေ ရှိနေတာမို့ ဖေဘီယို အတွက် သိပ်ပြီး ပွဲထွက်ခွင့် မရရှာပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ရာဖေးလ်လိုပဲ တောက်မယ့်မီးခဲ၊ တရဲရဲလို့ သတ်မှတ် ခံထားရတာပါ။ သူရော၊ ရာဖေးလ်ပါ ခံစစ်ကနေ တိုက်စစ်ထိ မမောနိုင်၊ မပမ်းနိုင် လိုက်ကစားလေ့ ရှိပြီး တစ်ချိန်က ယူနိုက်တက်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နဗီးလ်ညီနောင် လက်သစ်တွေ အဖြစ် ခိုင်းနှိုင်းသတ်မှတ် ခံနေရပါပြီ။

ရစ်ချီဒီလိတ် (ရစ်ချီရီယာ အယ်လ်ဖွန်စ် ဒီလိတ်)

အသက် (၂၂)နှစ် ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယမ် လူငယ် ခံစစ်မှူးဟာ ဘယ်နောက်ခံ နေရာရော၊ ခံစစ်အတွင်းလူ အဖြစ်ပါ ကစားနိုင်သူပါ။ အန့်တ၀ပ်မှာ မွေးခဲ့တဲ့ ဒီလိတ်ဟာ ဟိုဘိုကန်၊ မီချီလန်နဲ့ ၀ီလ်ရစ်ဂ်ျ အသင်းတွေမှာ ပြောင်းရွှေ့ ကစားခဲ့ပြီး ဒေသခံ နာမည်ကြီး ကလပ် ရိုင်ရယ်လ် အန့်တ၀ပ်ကို ရောက်ရှိ လာပါတယ်။ အရပ်(၆)ပေ၊ (၁)လက်မရှိတဲ့ ဒီလိတ် အနေနဲ့ အင်္ဂလန် မြေကို ပထမဆုံး ခြေချ ခဲ့တာကတော့ စတုတ်စီးတီး အသင်းကိုပါ။ (၂၀၀၇)ခုနှစ်၊ ဩဂုတ်လမှာ အန့်တ၀ပ်ကနေ ပေါင်တစ်သိန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ (၂၀၀၉) နှစ်ဆန်းမှာတော့ ဒီလိတ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို မထုတ်ပြန် ခဲ့ပေမယ့် စွမ်းဆောင်ရည် အလိုက် တိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ (၂၀၀၉)ခုနှစ်၊ မေလ (၂၄)ရက်နေ့က ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် ဟူးလ်စီးတီးနဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်နောက်ခံ နေရာက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒီလိတ် အနေနဲ့ အတွေ့အကြုံပိုင်း နုနယ် သေးတာကြောင့် ပရက်စတန် နော့သ်အန်းကို (၂၀၁၀)၊ နိုဝင်ဘာလက အငှား ပြောင်းရွှေ ခဲ့ပါတယ်။ (၂၈)ရက် ကြာတဲ့အခါ အသင်းကို ပြန်ရောက်လာပြီး (၂၀၁၁)၊ ဇန်န၀ါရီလ (၁၄)ရက် နေ့မှာတော့ ရာသီကုန်တဲ့ထိ ပထမတန်း ကလပ် ပို့စ်မောက်သ်ကို အငှား သွားကစားနေပြီ ဖြစ်ပါတယ်။

အိုလီဗာ ဂီးလ် (အိုလီဗာ ဒေးဗစ် ဂီးလ်)

အသက်(၂၀) ရှိပြီဖြစ်တဲ့ ဗဟို ခံစစ်မှူးဟာ ယူနိုက်တက်ရဲ့ CEO ဖြစ်သူ ဒေးဗစ်ဂီးလ်ရဲ့ သားပါ။ အင်္ဂလန် နိုင်ငံ၊ ဆာရေးနယ်က ဖရင်မ်လီမှာ မွေးဖွားတဲ့ ဂီးလ်ဟာ မိသားစုနဲ့ အတူ (၁၉၉၇)ခုနှစ်မှာ မန်ချက်စတာ မြို့ကို ရောက်လာ ခဲ့ပါတယ်။ ဖခင်ဖြစ်တဲ့သူ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး ဒါရိုက်တာ တာဝန်ကို ယူလိုက်လို့ မိသားစုလိုက် ပြောင်းရွှေ့ လာတာပါ။ သူဟာ ယူနိုက်တက် လူငယ် အကယ်ဒမီမှာ သင်တန်းသား အဖြစ် တက်ရောက် ခဲ့ပါတယ်။ အသက် (၁၈)နှစ်အောက် အသင်းမှာ စပြီး ပါဝင်ခွင့် ရလာ တာကတော့ (၂၀၀၆)ခုနှစ်မှာပါ။ (၂၀၀၉)ခုနှစ်၊ ဇူလိုင်လမှာတော့ ယူနိုက်တက်က သူ့ကို ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆို ခဲ့ပါတယ်။ ဂီးလ်နဲ့ ယူနိုက်တက် လူငယ် အသင်းဖော် ရီးစ် ဘရောင်းတို့ဟာ (၂၀၁၀)၊ စက်တင်ဘာ လမှာ ဘရတ်ဖို့ဒ် စီးတီးကို တစ်လလောက် အငှားသွားကစား ခဲ့ကြ ပါသေးတယ်။ သူတို့ဟာ အောက်တိုဘာ (၂၅)ရက်နေ့မှာ အသင်းကို ပြန်ရောက်လာပြီး လက်ရှိမှာတော့ အရန် အသင်းမှာ ကစားနေဆဲ ဖြစ်ပါတယ်။

စကော့ ၀ုတန် (စကော့ ဂျိမ်းစ် ၀ုတန်)

အသက်(၁၉)နှစ် ရှိပြီဖြစ်တဲ့ ၀ုတန်ဟာ ခံစစ်မှာ အလားအလာ ကောင်းတဲ့ လူငယ် တစ်ယောက်ပါ။ ဘာကန်ဟတ်မှာ မွေးဖွားတဲ့ အင်္ဂလိပ် လူငယ်လေးဟာ အသက်(၁၃)နှစ် အရွယ်မှာ ထရန်မီယာ ရိုဗာစ် အသင်းက အားကစား စင်တာကို ရောက်လာ ခဲ့ပါတယ်။ တစ်နှစ်ကြာတော့ လီဗာပူးလ် လူငယ် အသင်းကို ပြောင်းရွှေ့ သွားပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လီဗာပူးလ် နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က ၀ုတန်ရဲ့ အလားအလာနဲ့ ပတ်သက်ပြီး စိတ်မ၀င်စား ခဲ့တာကြောင့် အသက်(၁၆)နှစ်အရွယ်မှာ သူဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ယူနိုက်တက် လူငယ် အကယ်ဒမီ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာတဲ့နောက် (၂၀၁၀/၁၁) ဘောလုံးရာသီ မှာတော့ အရန် အသင်းကို တစ်ဆင့်တက်ပြီး ရောက်လာ ခဲ့ပါတယ်။ သူဟာ (၂၀၁၀)၊ အောက်တိုဘာ လဆန်းမှာ ငယ်ဘ၀က ကစားဖူးတဲ့ ထရမ်မီယာ ရိုဗာစ်ကို (၁)လ အငှားပြန် ကစားခဲ့ပြီး အခုတော့ ယူနိုက်တက် အရန် အသင်းမှာ ပြန်ကစား နေပါပြီ။

ရီးစ်ဘရောင်း

ရီးစ်ဘရောင်းဟာ ယူနိုက်တက်မှာ ကစားနေတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဗဟို နောက်ခံလူ ၀က်စ်ဘရောင်းရဲ့ ညီဖြစ်ပါတယ်။ အသက် (၁၉)နှစ် ရှိပြီဖြစ်တဲ့ ဘရောင်းဟာ ယူနိုက်တက် လူငယ် အသင်းမှာ ကစားခွင့် ရလာပြီးတဲ့နောက် အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကို (၂၀၀၉)ခုနှစ်၊ နွေရာသီမှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ (၂၀၁၀)၊ စက်တင်ဘာလက ဘရတ်ဖို့ဒ် စီးတီးကို ကာလတို အငှားသွား ကစားခဲ့ပြီး ခုတော့ အသင်းကို ပြန်ရောက် နေပါပြီ။ ယူနိုက်တက် ပထမအသင်းမှာ ပါဝင်ခွင့်ရဖို့ မနီးစပ် သေးပေမယ့် ဘရောင်းဟာ လက်ရှိ အင်္ဂလန် အသက် (၁၉)နှစ်အောက် လက်ရွေးစင် အဆင့်ကိုတော့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တွမ် ကလီဗာလီ (သောမတ်စ် ၀ီလျံ ကလီဗာလီ)

ယူနိုက်တက်ရဲ့ အလားအလာ အကောင်းဆုံး ကွင်းလယ်လူ တစ်ယောက်အဖြစ် သတ်မှတ် ခံထားရသူပါ။ ကလီဗာလီကို ဘက်ဆင် စတုတ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၁)နှစ်အရွယ် ကလီဗာလီဟာ ကွင်းလယ်နဲ့ တောင်ပံတွေမှာ အကောင်းဆုံး ကစားနိုင်သူပါ။ ဘရတ်ဖို့ဒ် စီးတီးမှာ ဘောလုံးသမား ဘ၀ စတင်ခဲ့ပြီး တဲ့နောက် မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့် ရလာပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေ့အကြုံ လိုအပ်ချက် အရ လီဆက်စတာ စီးတီးကို ရာသီဝက် အငှား သွားကစား ခဲ့ပါတယ်။ အသင်းကို ပြန်ရောက် လာချိန်မှာတော့ ယူနိုက်တက် လူငယ် အသင်းနည်းပြ အိုလေဂန်နာ ဆိုးလ်ရှား အနှစ်သက်ဆုံး ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပြီး အရန် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်၊ ဩဂုတ်လ မှာတော့ ကလီဗာလီဟာ ၀တ်ဖို့ဒ်ကို အငှားပြောင်းရွှေ့ ခဲ့ပြန်ပါတယ်။ ခုဘောလုံးရာသီ အစမှာတော့ ယူနိုက်တက်ကို ပြန်ရောက်လာပြီး မြောက် အမေရိက ခြေစမ်းပွဲ ခရီးစဉ်မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ တိုရန်တိုမှာ ဆဲလ်တစ်ကို အနိုင်ရတဲ့ပွဲနဲ့ အမေရိကန်လိဂ် အကောင်းဆုံး လက်ရွေးစင် အသင်းတို့ကို အနိုင်ရတဲ့ ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့ သလို ခြေစွမ်းလည်း ပြခဲ့တာမို့ သူ့ရဲ့ အနေအထားက ကျေနပ်စရာ ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် နည်းပြကြီး ဆာဖာဂူဆန်က ကလီဗာလီကို ပိုပြီး အတွေ့အကြုံ ရင့်ကျက်စေဖို့ (၂၀၁၀-၁၁) ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကလပ်အသင်း ၀ီဂန် အက်သလက်တစ်ကို အငှားချ ထားလိုက်ပါပြီ။

မက်သရူး ဂျိမ်းစ် (မက်သရူး လီး ဂျိမ်းစ်)

အသက် (၁၉)နှစ်အရွယ် ဂျိမ်းစ်ဟာ ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်သူပါ။ ဒါပေမယ့် လိုအပ်ရင် ခံစစ်မှာ ဆင်းကစားနိုင်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင် ထားပါတယ်။ ဘားကပ်မှာ မွေးဖွားတဲ့ ခံစစ်မှူးဟာ ငယ်ငယ်လေး ကတည်းက ယူနိုက်တက် အကယ်ဒမီကို ရောက်လာ ခဲ့တာပါ။ သူဟာ အသက် (၁၈)နှစ်အောက် အသင်းအတွက် (၂၀၀၅)ခုနှစ်၊ အောက်တိုဘာ လမှာ စအရွေးခံ ရပါတယ်။ အဲဒီတုန်းက ဂျိမ်းစ်ရဲ့ အသက်ဟာ (၁၄)နှစ်ပဲ ရှိပါသေးတယ်။ ကွင်းလယ် အဖျက်မှာ အားသန်တဲ့ ဂျိမ်းစ်ကို ယူနိုက်တက်က (၂၀၀၉)ခုနှစ်၊ ဇူလိုင်လမှာ ပရော်ဖက်ရှင်နယ် စာချုပ် ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ (၂၀၁၀)ပြည့်နှစ်၊ ဖေဖော်ဝါရီ လမှာ ပရက်စ်တန် နော့သ်အန်းကို တစ်ရာသီ အငှား သွားကစား ခဲ့ပါတယ်။ (၂၀၁၀)၊ ဒီဇင်ဘာ (၃၀)မှာတော့ ယူနိုက်တက် နည်းပြ ဆာအဲလက်စ် ဖာဂူဆန်ဟာ ပရက်စတန်မှာ ကစားနေတဲ့ ယူနိုက်တက် လူငယ် ကစားသမား (၃)ယောက်ကို ချက်ချင်း ပြန်ခေါ် ခဲ့ရာမှာ ရစ်ချတ် ဒီလိတ်နဲ့ ဂျိုရှူအာကင်း တို့က အသင်းကို ပြန်သွား ခဲ့ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကိုတော့ အထူး ခွင့်ပြုချက်နဲ့ (၂၀၁၁)၊ ဇန်န၀ါရီ (၄)ရက်ထိ ဆက်ရှိဖို့ ဆာဖာဂူဆန်က သဘောတူ ခဲ့ပါတယ်။ သူဟာ လက်ရှိမှာတော့ ယူနိုက်တက် အရန် အသင်းကို ပြန်ရောက် နေပါပြီ။

အိုလီဗာ နောဝုဒ် (အိုလီဗာ ဂျိမ်းစ် နောဝုဒ်)

အသက် (၁၉)နှစ်အရွယ် နောဝုဒ်ဟာ ယူနိုက်တက် အရန် အသင်းမှာ အားထားရတဲ့ ကွင်းလယ်လူ တစ်ဦးပါ။ ဘန်လေမှာ မွေးဖွားခဲ့တဲ့ သူ့ကို အသက် (၆)နှစ် အရွယ်မှာ ယူနိုက်တက် လူငယ် ရှာဖွေရေး ကင်းထောက်တွေက တွေ့ခဲ့တာ ဖြစ်ပါတယ်။ (၇)နှစ်သား မှာတော့သူဟာ ယူနိုက်တက် အကယ်ဒမီကို ရောက်လာ ခဲ့ပါပြီ။ (၂၀၀၅-၀၆) ဘောလုံး ရာသီမှာ အသက် (၁၈)နှစ်အောက် အသင်းကို ရောက်လာ ခဲ့ပါတယ်။ နောဝုဒ်ဟာ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ် လူတစ်ယောက် ဖြစ်လာခဲ့တဲ့ အတွက် အသင်းက (၂၀၀၉)ခုနှစ်၊ ဇူလိုင်လမှာ ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ် ချုပ်ဆို ခဲ့ပါတယ်။ သူဟာ (၂၀၁၀)စက်တင်ဘာ (၁၆)ရက်နေ့မှာ ကာလစ်ဆလီ ယူနိုက်တက် အသင်းကို (၁)လအငှား သွားကစား ခဲ့ပါတယ်။ အဲဒီတုန်းက ကာလစ်ဆလီ အသင်းခေါင်းဆောင် ပေါလ်သီရာဝဲလ် ဒဏ်ရာ ရနေတာကြောင့် နောဝုဒ်ကို အရေးပေါ် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။ နောဝုဒ်ရဲ့ ထူးခြားချက်ကတော့ အင်္ဂလန်မှာ မွေးပေမယ့် မြောက် အိုင်ယာလန် လက်ရွေးစင် အသင်းကို ကိုယ်စားပြုဖို့ပဲ ရွေးချယ် ထားတာပါ။ သူဟာ လက်ရှိမှာ လက်ရွေးစင် အသင်းကြီး မှာလည်း ပွဲထွက် ပါဝင်ခွင့် ရနေပြီ ဖြစ်ပါတယ်။

ရေဗယ်လ် မောရစ်ဆင် (ရေဗယ်လ် ရိုင်ယန် မောရစ်ဆင်)

အသက် (၁၇)နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ် ကစားသမားလေး ဖြစ်ပါတယ်။ မန်ချက်စတာ မြို့က ၀ိုင်သန်ရှာဝီမှာ မွေးဖွားတဲ့ မောရစ်ဆင်ဟာ ငယ်ငယ် ကတည်းက ယူနိုက်တက် လူငယ် အကယ်ဒမီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ (၂၀၁၀)၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ သူ့ရဲ့ (၁၇)နှစ်ပြည့် မွေးနေ့မှာ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ် ချုပ်ဆို နိုင်ခဲ့ပါတယ်။ မောရစ်ဆင်ဟာ သူ့ရဲ့ ပထမဆုံး အသင်းကြီး ပွဲဦးထွက် အဖြစ် (၂၀၁၀) အောက်တိုဘာ (၂၆)ရက်နေ့ ၀ုလ်ဗ်ဗာဟမ်ပတန် ၀မ်းဒါးရားစ်ကို ယူနိုက်တက်က (၃-၂)နဲ့ အနိုင်ရတဲ့ ကားလင်းဖလား ပွဲစဉ်မှာ ပါ့ခ်ဂျီဆန် နေရာ လူစားဝင်ခွင့် ရခဲ့ပါတယ်။

ကော်ရေး အီဗန်စ် (ကော်ရေး ဂျွန် အီဗန်စ်)

အသက် (၂၀)အရွယ် မြောက် အိုင်ယာလန် ကွင်းလယ် ကစားသမား လေးဟာ လက်ရှိမှာ မြောက် အိုင်ယာလန် လက်ရွေးစင် ကစားသမား တစ်ယောက် ဖြစ်နေပါပြီ။ သူဟာ ယူနိုက်တက် လူငယ် အကယ်ဒမီကို သူ့အစ်ကိုနဲ့ အတူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူ့အစ်ကိုကတော့ ဂျွန်နီအီဗန်စ် ဖြစ်ပြီး ခုဆိုရင် ယူနိုက်တက် ပထမ အသင်းမှာ နေရာ ရနေပါပြီ။ သူဟာ (၂၀၁၀)ပြည့်နှစ်၊ အောက်တိုဘာ (၂၂)ရက် နေ့မှာ ကာလစ်ဆလီ ယူနိုက်တက်ကို တစ်လအငှား သွားကစား ခဲ့ပါတယ်။ ကာလစ်ဆလီက ပြန်ရောက် လာချိန်မှာလည်း တစထက်တစ ခြေစွမ်း ထက်လာနေတဲ့ အီဗန်စ်ကို ပရီးမီးယားလိဂ် ကလပ် ဟူးလ်စီးတီးက မျက်စိကျ လာခဲ့ပါတယ်။ ယူနိုက်တက် နည်းပြကြီး ဆာဖာဂူဆန် ကလည်း အီဗန်စ် အနေနဲ့ ပိုပြီး ကစားခွင့်ရမယ့် ဟူးလ်စီးတီးကို အငှား သွားကစားဖို့ ခွင့်ပြု လိုက်တာကြောင့် (၂၀၁၁)၊ ဇန်န၀ါရီ (၁၄)မှာ ဟူးလ်ကို ရောက်ရှိ ခဲ့ပါတယ်။ သူဟာ ကွင်းလယ် အဖျက်အပြင် ဗဟို ခံစစ်မှာပါ အံဝင်အောင် ကစား နေသူလည်း ဖြစ်ပါတယ်။

ကင်မရွန် စတီးဝပ် (ကင်မရွန် ရီးစ် စတီးဝပ်)

အသက်(၁၉)နှစ် ရှိနေပြီ ဖြစ်တဲ့ စတီးဝပ်ဟာ တောင်ပံ ကစားသမား အဖြစ် ကစားနိုင်တဲ့ အပြင် လိုအပ်တဲ့အခါ နောက်ချန် တိုက်စစ်မှူး၊ တိုက်စစ်မြှားဦး နေရာတွေမှာလည်း အံဝင်တဲ့သူပါ။ မန်ချက်စတာ မြို့မှာ မွေးဖွားတဲ့ စတီးဝပ်ဟာ ငယ်ငယ် ကတည်းက ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိ နေခဲ့ပြီး (၂၀၀၇)ခုနှစ်မှာ ပရော်ဖက်ရှင်နယ် စာချုပ်တစ်ရပ် ချုပ်ဆိုခွင့် ရခဲ့ပါတယ်။ လူငယ် အသင်းမှာ ကစားနေတဲ့ သူဟာ (၂၀၀၉)ခုနှစ်မှာ အရန် အသင်းဆီ အဆင့်မြှင့် ခံရပြီး (၂၀၀၉)ခုနှစ်၊ ဒီဇင်ဘာလက ဥရောပ ချန်ပီယံလိဂ်မှာ ၀ုလ်ဖ်ဘာ့ဂ်နဲ့ ကစားတဲ့ပွဲ အတွက် ဆင့်ခေါ် ခံရပါတယ်။ ဒါပေမယ့် ပွဲထွက်ခွင့်တော့ မရခဲ့ပါဘူး။ (၂၀၁၀)ပြည့်နှစ်၊ ဇူလိုင်လ မှာတော့ စတီးဝပ်ဟာ ယိုဗီးလ်တောင်း အသင်းကို (၆)လအငှား ပြောင်းရွှေ့ ခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ဟူးလ်စီးတီးမှာ အငှားသွား ကစားနေဆဲ ဖြစ်ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ခွင့်ရလာ ခဲ့ပါတယ်။

ဒန်နီ ဒရင့်ခ်ဝါးတား (ဒန်နီ နိုဝဲလ် ဒရင့်ခ်ဝါးတား)

ဒရင့်ခ်ဝါးတားဟာ ယူနိုက်တက် လူငယ် အသင်းကို ရောက်လာတုန်းက အသက်(၉)နှစ်ပဲ ရှိပါသေးတယ်။ မန်ချက်စတာ ဇာတိ ကွင်းလယ် ကစားသမား လေးဟာ (၂၀၀၆) ခုနှစ်မှာ (၁၈)နှစ်အောက် အသင်းအတွက် အရွေးခံရပြီး တဲ့နောက် ပုံမှန် ကစားသမား ဖြစ်လာ ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူဟာ အရန်အသင်း မှာလည်း ပွဲတချို့ ၀င် ကစားခွင့် ရလာ ခဲ့ပါတယ်။ (၂၀၀၈)ခုနှစ် မှာတော့ ဒရင့်ခ်ဝါးတားဟာ အရန်အသင်းရဲ့ ပုံမှန် ကစားသမား တစ်ယောက် ဖြစ်နေပါပြီ။ သူ့အနေနဲ့ ပထမအသင်း အတွေ့အကြုံ လိုအပ်တာကြောင့် (၂၀၀၉-၁၀) ဘောလုံးရာသီမှာ ဟက်ဒါဖီးလ်စ် တောင်းကို အငှားသွား ကစားခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးသွင်း စွမ်းရည်တို့ဟာ ဟက်ဒါဖီးလ်စ် အတွက် အများကြီး အထောက်အကူ ဖြစ်စေ ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဟက်ဒါဖီးလ်မှာ ရာသီကုန်ထိ မနေဘဲ မိခင်ကလပ် ယူနိုက်တက်ကို ပြန်လာ ခဲ့ပါတယ်။ (၂၀၁၀)၊ ဇူလိုင်လ (၈)ရက်နေ့ မှာတော့ ကားဒစ်ဖ်စီးတီးက ဒရင့်ခ်ဝါးတားကို တစ်ရာသီ အငှားခေါ်ဖို့ ကမ်းလှမ်းမှုကို ယူနိုက်တက်က လက်ခံ ခဲ့ပါတယ်။ အသက်(၂၀) ရှိပြီဖြစ်တဲ့ သူဟာ ပထမတန်း ကလပ် ကားဒစ်ဖ်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ရတဲ့ ကွင်းလယ်လူ တစ်ဦးအဖြစ် ခြေစွမ်း ပြနေဆဲ ဖြစ်ပါတယ်။

ဂါဘရီရယ်လ် အိုဘာတန် (ဂါဘရီရယ်လ် အန်တိုအင် အိုဘာတန်)

(၂၀၀၉-၁၀) ဘောလုံးရာသီ အစောပိုင်းက ယူနိုက်တက်ဟာ ပြင်သစ်လူငယ် ကစားသမားလေး အိုဘာတန်ကို ပေါင်(၃)သန်း ၀န်းကျင်နဲ့ ၀ယ်ယူ ခဲ့ပါတယ်။ ဒါပေမယ့် အိုဘာတန်ဟာ ယူနိုက်တက် ပထမအသင်း အတွက် ပွဲအများကြီး ကစားခွင့် မရခဲ့ဘဲ အရံအသင်း မှာသာ ပုံမှန် ပွဲထွက်ခွင့် ရနေ ခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် အိုဘာတန်ဟာ ပြင်သစ်လိဂ်မှာ တုန်းက သီအာရီ အွန်နရီ လက်သစ်လို့ ကျော်ကြား ခဲ့သလို အလားအလာ အကောင်းဆုံး လူငယ်တစ်ယောက် အဖြစ် သတ်မှတ် ခံထားရတာပါ။ ခုဘောလုံးရာသီ မှာတော့ အိုဘာတန်ဟာ ယူနိုက်တက် ပထမ အသင်းရဲ့ ပွဲစဉ် တချို့မှာ ပါဝင်ခွင့် ရနေပါပြီ။ ဒါပေမယ့် သူ့ရဲ့ အတွေ့အကြုံပိုင်း အားနည်းမှုကြောင့် ခြေစွမ်း မတည်ငြိမ် သေးတာဟာ အိုဘာတန်ရဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် အဟန့်အတား ဖြစ်နေ ခဲ့ပါတယ်။ သူဟာ ဘယ်ညာတောင်ပံ နှစ်ဖက်မှာ အဓိက ကစားနိုင်ပေမယ့် လိုအပ်ရင် ကွင်းလယ်ထဲ ၀င်ကစား တတ်သလို တိုက်စစ်မှူး အဖြစ်လည်း အသုံးတော် ခံနိုင်ပါတယ်။ အိုဘာတန်ဟာ ပဲရစ်စိန့် ဂျာမိန်း၊ ကလယ်ရီ ဖောင်တိန်၊ ပဲရစ်၊ ဘောဒိုးစ်နဲ့ လော်ရီယန့် စတဲ့ ပြင်သစ်ကလပ် တွေမှာ ပြောင်းကစား ခဲ့ပြီးမှ ဘောဒိုးစ်ကနေ တဆင့် ယူနိုက်တက်ကို ရောက်လာသူပါ။ သူဟာ လူငယ် လက်ရွေးစင် အဖြစ် အမြဲလိုလို အရွေးချယ် ခံရပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းကြီးက ခေါ်ယူမယ့် အချိန်ကိုတော့ စောင့်နေရဆဲ ဖြစ်ပါတယ်။

ဒါရွန် ဂစ်ဘ်ဆန် (ဒါရွန် သောမတ်စ် ဒင်နီရယ်လ် ဂစ်ဘ်ဆန်)

အသက်(၂၃)နှစ် ရှိနေပြီဖြစ်တဲ့ အိုင်ယာလန် လက်ရွေးစင်ဟာ ယူနိုက်တက် ပထမ အသင်းမှာ အတော်လေး နေရာ ရနေတဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ အားပါ ပြင်းထန်တဲ့ အဝေးကန်ချက် တွေကြောင့် ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့ ခိုင်းနှိုင်း ခံရသူ ဖြစ်ပါတယ်။ မြောက် အိုင်ယာလန်က ဒယ်ရီမှာ မွေးဖွားပေမယ့် သူဟာ အိုင်ယာလန် အသင်းကိုပဲ ကိုယ်စားပြုဖို့ ဂစ်ဘ်ဆန်က ရွေးချယ် ခဲ့ပါတယ်။ ကွင်းလယ် အဖျက်မှာ ပိုင်နိုင် ကျွမ်းကျင်သူ ဖြစ်ပြီး တိုက်စစ်ကို လိုက်ပါ နိုင်စွမ်းလည်း ရှိတဲ့ ဂစ်ဘ်ဆန်ရဲ့ ဘောလုံးသမား ဘ၀ဟာ အိုင်ယာလန် ပညာရေး ကလပ်မှာ စတင်ခဲ့ပါတယ်။ (၂၀၀၄)မှာတော့ ယူနိုက်တက်ကို ရောက်ရှိလာပြီး လူငယ်အသင်း ကနေတဆင့် အရန် အသင်းမှာ အမာခံ ဖြစ်လာပါတယ်။ (၂၀၀၆)ခုနှစ် လောက်မှာ ဖရေဇာ ကမ့်ဘဲလ်၊ ဂျွန်နီအီဗန်စ်၊ ဒန်နီဆင်ဆမ်နဲ့ ဒေါင်ဖန်ဇူး တို့ဟာ အရန် အသင်းမှာ ဂစ်ဘ်ဆန်ရဲ့ အတွဲအညီဆုံး ကစားဖော်တွေ ဖြစ်လာ ခဲ့ပါတယ်။ ဂစ်ဘ်ဆန်ဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို (၂၀၀၈)ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့က စတုတ်ခ်စီးတီးနဲ့ ပွဲမှာ ရလာခဲ့ပါတယ်။ အဲဒီနောက် (၁၀)ရက် အကြာမှာ ဒါရင် ဖလက်ချာမှာ လူစား ၀င်ခွင့်ရပြီး ပထမဆုံး ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ခွင့် ရခဲ့ပါတယ်။ သူဟာ ရိုင်ရယ်လ် အန့်တ၀ပ်နဲ့ ၀ုလ်ဗ်ဗာဟမ်ပတန် ၀မ်းဒါးရားစ် တို့ကို အငှားသွား ကစားပြီး တဲ့နောက် ပိုပြီးတော့ ရင့်ကျက်လာ ခဲ့ပါတယ်။ ခုချိန်မှာတော့ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့ ပေါလ်စခိုးလ် နေရာမှာ ဆက်ခံနိုင်မယ့် သွေးသစ်အဖြစ် ယူနိုက်တက် ပရိသတ်က သူ့ကို အများကြီး မျှော်လင့် နေကြပါပြီ။

ဒေးဗစ် ပီထရူစီ

အသက်(၁၉)နှစ်အရွယ် ပီထရူစီဟာ ယူနိုက်တက်ရဲ့ နားလည်ရ အခက်ဆုံး ၀ှက်ဖဲ တစ်ချပ်လို့ ယူဆ နိုင်ပါတယ်။ ရောမ မြို့တော်မှာ မွေးဖွားခဲ့တဲ့ သူ့ကို အီတလီ ထိပ်သီးကလပ် အေအက်စ် ရိုးမားရဲ့ လူငယ် အသင်းကနေ ယူနိုက်တက်က ခေါ်ယူ ခဲ့တုန်းက ကလပ် နှစ်သင်းကြား မပြေမလည်တောင် ဖြစ်ခဲ့ ရသေးတာပါ။ ရိုးမားမှာ သူနောက်ဆုံး ကစားခဲ့တဲ့ (၂၀၀၇/၀၈) ဘောလုံးရာသီ တုန်းက လူငယ်လိဂ် ပြိုင်ပွဲမှာ (၁၉)ပွဲ ကစားပြီး (၁၄)ဂိုး သွင်းပြ ခဲ့ပါတယ်။ ရိုးမားအသင်း ခေါင်းဆောင် ဖရန်ဆက်စကို တော့တီနဲ့ တင်စား ခိုင်းနှိုင်းခံရသူ ပီထရူစီဟာ အီတလီ လူငယ် လက်ရွေးစင် တစ်ယောက်လည်း ဖြစ်ခဲ့ ပါသေးတယ်။ သူဟာ ယူနိုက်တက် လူငယ် အသင်းမှာ တခြား အီတလီလူငယ် တစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ဖက်ဒရီကို မာချီဒါနဲ့လည်း အတွဲညီ ခဲ့သူပါ။ ကွင်းလယ် တိုက်စစ်သမား တစ်ယောက်ဖြစ်တဲ့ ပီထရူစီဟာ လူပေး တိကျတာ၊ အကွက်မြင်တာ၊ ဂိုးသွင်းကောင်းတာ တွေအတွက် နာမည်ကြီးသူ ဖြစ်ပေမယ့် ယူနိုက်တက်က သူ့ကို အရံအသင်း အဆင့်မှာတောင် သိပ်မသုံးသေးဘဲ လျှိုထားဆဲပါ။ သူဟာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာတယ် ဆိုပေမယ့် ဒဏ်ရာ ပြဿနာက သူ့ရဲ့ အကောင်းဆုံး တက်လှမ်းမှု အတွက် အဟန့်အတား တစ်ခု ဖြစ်နေ စေတာကတော့ စိတ်မကောင်းစရာ ပါပဲ။

ဘီဘီ (တီယာဂို မန်နျူရယ်လ် ဒိုင်ယက်စ် ကော်ရီယာ)

ခရစ္စတီယာနို ရော်နယ်လ်ဒို တစ်ယောက် ယူနိုက်တက်ကို အသက် (၁၈)နှစ်အရွယ် ချာတိတ်လေး အဖြစ် ရောက်လာတုန်းက သူဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆုရှင် ဖြစ်လာမယ်လို့ ဘယ်သူမှ မျှော်လင့်ခဲ့မှာ မဟုတ်ပါဘူး။ အဂူဗာဆာကမ်မှာ မွေးဖွားတဲ့ ဘီဘီဟာလည်း ခန့်မှန်းရ ခက်လှတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ သာမန် အဆင့်လောက်နဲ့ အဆုံးသတ် သွားမလား၊ တစ်နိုင်ငံတည်းသား ရော်နယ်လ်ဒိုလို ကမ္ဘာ့ဘောလုံး စင်မြင့်ကို တက်လှမ်း နိုင်မလား ဆိုတာ ဘယ်သူမှ ကျိန်းသေ မပြောရဲတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဘီဘီဟာ (၂၀၁၀-၁၁) ဘောလုံးရာသီ အစောပိုင်းက ယူနိုက်တက်ကို ပေါင်(၇)သန်း ၀န်းကျင်နဲ့ ဘယ်သူမှ မထင်ဘဲ ယူနိုက်တက်ကို ရောက်လာ ခဲ့ပါတယ်။ နည်းပြကြီး ဆာဖာဂူဆန်က သူကိုယ်တိုင် ကစားပုံ မမြင်ဖူးဘဲ ၀ယ်ခဲ့တဲ့ ကစားသမားဟာ ဘီဘီ တစ်ယောက်ထဲ ရှိပါတယ်လို့ ၀န်ခံ ထားပါတယ်။ ဘီဘီဟာ သူ့ရဲ့ ဇာတိမြေ ပေါ်တူဂီ မှာလည်း ထင်ထင်ရှားရှား ကလပ်တွေမှာ မကစားဖူးဘဲ အက်စထရယ်လ်လာ ဒါအမာဒိုရာ၊ ဗစ်တိုးရီးယားဒီ ဂွီမာရက်စ်တို့လို အောက်တန်း အသင်းမျိုး တွေမှာသာ ပွဲအနည်းငယ် ကစားဖူး ခဲ့တာပါ။ အသက်(၂၀)အရွယ် ချာတိတ်လေးကို ရီးယဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေတဲ့ အချိန် ယူနိုက်တက်က လက်ဦးမှုယူပြီး ၀ယ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ တောင်ပံ တိုက်စစ်မှူး နေရာမှာ အားအသန်ဆုံး ဖြစ်ပြီး တိုက်စစ်မှူး အဖြစ်လည်း ကစား နိုင်ပါတယ်။ လက်ရှိ အနေအထား အရတော့ ယူနိုက်တက် အရန် အသင်းမှာ ကစားနေတဲ့ ဘီဘီရဲ့ ခြေစွမ်းဟာ စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ဖြစ်မလာ သေးပါဘူး။ သူရဲ့ နိုင်ငံတကာ ပွဲအတွေ့အကြုံ ဆိုလို့လည်း အိမ်ခြေရာမဲ့များ ကမ္ဘာ့ဖလားမှာ ကစားဖူး တာလောက်ပဲ ရှိသေး တာကလည်း ပြောစရာ တစ်ခုပါ။ ဒါကြောင့် ဘီဘီဟာ ယူနိုက်တက် မှာတော့ အသိရ အခက်ဆုံး ကစားသမား တစ်ယောက်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

ဒန်နီ ၀ဲလ်ဘက်ခ် (ဒန်နီရယ်လ် နီးတက္ကီ ၀ဲလ်ဘက်ခ်)

အသက်(၂၀) ရှိပြီဖြစ်တဲ့ ၀ဲလ်ဘက်ခ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အနာဂတ်မှာ အားထားရမယ့် တိုက်စစ်မှူးလေး တစ်ယောက်လို့ ယူဆ ခံထားရပါတယ်။ တိုက်စစ်မြှားဦး အပြင် ညာခြမ်းမှာပါ ထွက်ကစား နိုင်တဲ့ ၀ဲလ်ဘက်ခ်ဟာ ဂါနာလူမျိုး မိဘတွေကနေ မန်ချက်စတာ မြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ အသင်းငယ် တချို့မှာ ကစား ခဲ့ဖူးပေမယ့် တကယ်တမ်း အရောင် တောက်လာတာ (၂၀၀၆)ခုနှစ် ယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှပါ။ အရပ်(၆)ပေ၊ (၁)လက်မရှိတဲ့ တိုက်စစ်မှူးဟာ လူငယ်အသင်း၊ အရန် အသင်းတို့ကနေ တဆင့်တက်ပြီး (၂၀၀၉-၁၀) ဘောလုံးရာသီမှာ ယူနိုက်တက် ပထမ အသင်းကို ရောက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံ ပိုရအောင်လို့ ပရက်စတန် နော့သ်အန်းကို ကာလတို အငှား သွားကစား ခဲ့ပါသေးတယ်။ ယူနိုက်တက်ကို ပြန်ရောက် လာချိန်မှာ လျင်မြန်မှု၊ အလိမ်အခေါက် ကျွမ်းကျင်မှုတွေနဲ့ အစွမ်းပြ ခဲ့ပေမယ့် ၀ဲလ်ဘက်ခ်ဟာ တိုက်စစ်မှူး တစ်ဦးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဂိုးသွင်း သေချာမှုမှာတော့ အားနည်းမှုတွေ ရှိနေဆဲ ဆိုတာ သူကစားတဲ့ ပွဲတွေမှာ မြင်သာ လာခဲ့ပါတယ်။ ဒါကြောင့်လည်း နည်းပြကြီး ဆာ ဖာဂူဆန်ဟာ ၀ဲလ်ဘက်ခ်ကို (၂၀၁၀-၁၁)ဘောလုံးရာသီ အစောပိုင်းမှာ ဆန်းဒါးလန်းကို တစ်ရာသီ အငှားချ လိုက်ပါတော့တယ်။ ဆန်းဒါးလန်းမှာ ကစားခွင့်ရတဲ့ အခါ ၀ဲလ်ဘက်ခ်ဟာ ပိုတိုးတက်လာပြီး ပွဲ(၂၀)မှာ (၆)ဂိုးသွင်းပြ ခဲ့ပါတယ်။ ခုဆိုရင် ဆန်းဒါးလန်းဟာ ၀ဲလ်ဘက်ခ်ကို အပြီး စာချုပ်ဖို့ ကြိုးစား နေပေမယ့် ယူနိုက်တက် ကတော့ သူတို့ရဲ့ အလားအလာ ကောင်းတဲ့ တိုက်စစ်မှူးကို လက်လွှတ်ချင်ပုံ မရပါဘူး။ ဘာဆက်ဖြစ် လာမလဲ ဆိုတာကတော့ အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့ ၀ဲလ်ဘက်ခ် တစ်ယောက် ရာသီကုန် ချိန်မှာ အသင်းကို ပြန်ရောက်လာတဲ့ အခါမှ သိရမှာပါ။

ဂျာဗီးယား ဟာနန်ဒက်ဇ် (ဂျာဗီးယား ဟာနန်ဒက်ဇ် ဘယ်လ်ကာဇာ)

ချီချာရီတို ဆိုတဲ့ စာလုံးကို ရေးထိုးပြီး ကျောနံပါတ်(၁၄) တပ်ထားတဲ့ အင်္ကျီကို ၀တ်ဆင်ထားတဲ့ ချာတိတ်လေးဟာ အခုနှစ် ယူနိုက်တက်ရဲ့ ဂိုးသွင်းစက် အသစ်ကလေး ဖြစ်လာ နေပါပြီ။ (၂၀၀၆)ကနေ (၂၀၁၀)ထိ မက္ကစီကို ကလပ် ဂွာဒါလာဂျာရာမှာ ကစား ခဲ့ပေမယ့် ဟာနန်ဒက်ဇ်ရဲ့ အရည်အသွေးကို သတိ ထားမိတဲ့ ဥရောပ ထိပ်တန်းအသင်းတွေ တော်တော်လေး ခေါင်းပါး ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကတော့ ဂွာဒါလာဂျာရာမြို့ ဇာတိဖွားလေးကို အမြဲ စောင့်ကြည့် နေခဲ့ပုံပါပဲ။ သူ့အတွက် ပေါင်စတာလင် (၁၀)သန်းလောက် ရက်ရက်ရောရော သုံးလိုက်ပြီလို့ (၂၀၁၀)ပြည့်နှစ် ဧပြီလမှ ယူနိုက်တက်က ကြေညာ ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေ ကတောင် သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်သေးပါဘူး။ ဒါဟာ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲလို့ ပေါ့ပေါ့လေး တွက်ထား ကြတာပါ။ ဒါပေမယ့် တောင် အာဖရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ရောက်လာတဲ့ အခါ အားလုံး ပါးစပ် အဟောင်းသား ဖြစ်လောက်အောင် ဟာနန်ဒက်ဇ်က လုပ်ပြ လိုက်ပါတော့တယ်။ ချီချာရီတို (ပဲကလေး)လို့ ချစ်စနိုး ခေါ်ကြတဲ့ မက္ကစီကန် ချာတိတ်ဟာ လျင်မြန်မှု၊ ပါးနပ်မှု၊ ဂိုးသွင်းအမြင် ထက်သန်မှုတွေကို အသက်(၂၂)နှစ် ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် ပြသရင်း ကမ္ဘာ့ ဘောလုံးပရိသတ်ကို ဖမ်းစား နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ် ဂိုးသမား ဟူဂိုလောရစ်ကို ဖြတ်ကျော်ပြီး တစ်ကိုယ်တော် အစွမ်းနဲ့ ဂိုးသွင်းပြ လိုက်တဲ့ အချိန်မှာ ဥရောပ ထိပ်တန်း အသင်းတွေဟာ သူ့ကို လက်လွတ် ခံလိုက်ရတဲ့ အတွက် မချိတင်ကဲ ဖြစ်ကုန် ကြပါတယ်။ ဒီအချိန်မှာတော့ ဆာ ဖာဂူဆန်ကြီးက ဈေးနည်းနည်းနဲ့ ကြိုပြီး ၀ယ်ထားပြီး ဖြစ်တဲ့ သူ့ရဲ့ အကွက်မြင်မှု အတွက် ပြုံးပြုံးကြီး လုပ်နေ နိုင်ပြီပေါ့။ ဟာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီး အများကြီး ရေးပြနေစရာ လိုမယ် မထင်ပါဘူး။ ဒီရာသီ သူ့ရဲ့ ခြေစွမ်းကြောင့် ရီးယဲလ် မက်ဒရစ် နည်းပြကြီး ဂျို့စ်မော်ရင်ဟို ကတောင် အသည်းအသန် လိုချင်နေတာ မန်ယူ ပရိသတ်တိုင်း သိနေပြီ ထင်ပါတယ်။ တကယ်တော့လည်း ဟာနန်ဒက်ဇ် ဆိုတာ မျိုးရိုးစဉ်ဆက် ဘောလုံးကစား လာတဲ့ သူတွေပဲဟာ။ မက္ကစီကို ဂန္တ၀င် ကစားသမားကြီး တိုမက်စ် ဘယ်ကာဇာက သူ့အဖိုး၊ နာမည်ကြီး တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ် ဂူတီရက်ဇ်က သူ့အဖေပဲ မဟုတ်လား။

ဖက်ဒရီကို မာချီဒါ

ဂိုးလာဘ်ရှိပြီး နေရာ ယူတတ်တဲ့ အီတလီ တိုက်စစ်မှူး လေးကိုတော့ မန်ယူ ပရိသတ်တိုင်း လိုလို သိနေပြီး ဖြစ်ပါလိမ့်မယ်။ (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ တုန်းက မာချီဒါကို လာဇီယို လူငယ် အသင်းကနေ ယူနိုက်တက်က ခေါ်ယူ ခဲ့တုန်းက လူမသိ သူမသိ အခြေအနေ မျိုးပါ။ ဒါပေမယ့် ယူနိုက်တက်မှာ တစထက်တစ ခြေစွမ်းပြ လာတဲ့အခါ သူ့ရဲ့ အသင်းဟောင်းက ယူနိုက်တက်ဟာ သူတို့ရဲ့ ကျောက်မျက် ရတနာကို လုယူ သွားပါတယ်လို့ စွပ်စွဲလာတဲ့ အထိ မာချီဒါရဲ့ အရည် အသွေးဟာ လင်းလက် လာခဲ့ပါတယ်။ သူ့ကို ရောမမြို့တော်မှ မွေးဖွားခဲ့တာ ဖြစ်ပြီး ငယ်စဉ်က လာဇီယို လူငယ် အသင်းကို ရောက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အသက် (၁၈)နှစ်ပြည့်ရင် လာဇီယိုက ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုဖို့ စိတ်မ၀င်စား သလို လုပ်နေတာကြောင့် ယူနိုက်တက်က ခြေမြန် လက်မြန်နဲ့ မာချီဒါကို ခေါ်ယူ ခဲ့ပါတယ်။ သူ့လို လူငယ်တစ်ယောက် အတွက် ယူနိုက်တက်က ပေးလိုက်ရတဲ့ ဈေးဟာ တကယ့်ကို မပြောပလောက်အောင် နည်းတာကြောင့် အရမ်းတန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်လာ ခဲ့ပါတယ်။ မာချီဒါဟာ ယူနိုက်တက် အရန် အသင်းမှာ အီတလီ လူငယ်အသင်း ကစားဖော် ဒေးဗစ် ပီထရူစီနဲ့ လက်တွဲခွင့်ရပြီး နှစ်ယောက် စလုံးဟာ ဆာဖာဂူဆန် မျက်စိ ကျလောက်တဲ့ အရည်အသွေး ပိုင်ရှင်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မာချီဒါကို ကမ္ဘာသိ ကစားသမား တစ်ယောက်ဖြစ်အောင် တွန်းတင်ပေး လိုက်တာကတော့ (၂၀၀၉)ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ အက်စ်တန် ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်ပါတယ်။ (၂)ဂိုးစီ သရေကျ ချိန်မှာ လူးဝစ်ဇ် နာနီအစား ၀င်လာတဲ့ ပိန်ညှောင်ညှောင် ချာတိတ်လေးကို ဘယ်သူမှ မမျှော်လင့် ခဲ့ပါဘူး။ ဒါပေမယ့် မာချီဒါဟာ မိနစ်(၈၀)မှာ ဗီလာ နောက်ခံလူတွေကို လှည့်စားပြီး လှလှပပ ပတ်ကန်ချက်နဲ့ ဂိုးသွားလိုက်တဲ့ အခါ သူဘယ်သူလဲ လူတိုင်း သိချင် သွားပါပြီ။ ဒီပွဲမှာ ယူနိုက်တက်ဟာ အရမ်းတန်ဖိုး ရှိတဲ့ (၃)မှတ်ကို ရယူ နိုင်ခဲ့သလို မာချီဒါဟာလည်း တစ်ဂိုးထဲနဲ့ စန်းပွင့်သွား တော့တာပါပဲ။ မာချီဒါဟာ သူ့အသက် (၁၇)နှစ် တင်းတင်းပြည့်တဲ့ (၂၀၀၈)ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့မှာ ယူနိုက်တက်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ခဲ့ပါတယ်။ ယူနိုက်တက် အတွက် (၁၆)ပွဲ ကစားပြီး (၄)ဂိုးသွင်း ပေးထားတဲ့ (၁၉)နှစ်သား ချာတိတ်လေးဟာ အတွေ့အကြုံ ကောင်းတွေ ဆည်းပူးဖို့ အီတလီ စီးရီးအေ ကလပ် ဆမ့်ဒိုးရီးယားကို (၂၀၁၁)၊ ဇန်န၀ါရီလ (၈)ရက်နေ့က အငှားသွား ကစားနေပြီ ဖြစ်ပါတယ်။

မာမီဘီရမ် ဒီအော့ဖ်

အသက်(၂၃)နှစ် ရှိပြီဖြစ်တဲ့ ဆီနီဂေါလ် တိုက်စစ်မှူးဟာ ဒီအသက် ဒီအရွယ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်းမှ ကိုယ်စားပြုခွင့် ရနေပါပြီ။ တိုးအားကောင်းပြီး နောက်တန်းတွေကို သန်သန်မာမာ ထိုးဖောက် နိုင်တာဟာ သူ့ရဲ့ ကစားဟန် ဖြစ်ပါတယ်။ ဒီအော့ဖ်ကို ဒါကာမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ဘောလုံးသမား ဘ၀ကတော့ ဒီယာရက်ဖ် အသင်းနဲ့ စတင်ခဲ့ပါတယ်။ ဒါပေမယ့် (၂၀၀၇)ခုနှစ်မှာတော့ ဆီနီဂေါမြေကို စွန့်ခွာပြီး နော်ဝေးကလပ် မိုလ်ဒေးကို ပြောင်းရွှေ့ လာခဲ့တယ်။ မိုဒေးလ်မှာ ပြသနိုင်ခဲ့တဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် ဥရောပ အသင်းကြီး အတော်များများက စိတ်ဝင်တစား စောင့်ကြည့် လာကြပါတယ်။ အဲဒီ အချိန်မှာ မိုဒေးလ်နဲ့ အရင် ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီးဖြစ်တဲ့ ယူနိုက်တက်က ကြားဝင် လာပါတော့တယ်။ သူဟာ ယူနိုက်တက်ကို (၂၀၀၉)ခုနှစ်၊ ဇန်န၀ါရီလမှာ ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ကောင်းတွေ ရှိနေတဲ့ အသင်းမှာ သူ့လို လူငယ်လေး တစ်ယောက်အတွက် အခွင့်အရေးက နည်းပါး နေဆဲပါ။ ယူနိုက်တက် အတွက် (၅)ပွဲကစား (၁)ဂိုးသွင်း ပေးခဲ့ပေမယ့် အတွေ့အကြုံ ပိုရင့်ကျက် လာဖို့ ဆာဖာဂူဆန်က ဒီအော့ဖ်ကို အငှားချဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာ ဒီအော့ဖ်ဟာ ဘလက်ဘန်း ရိုဗာကို တစ်ရာသီ အငှား သွားကစား ခဲ့ပါတယ်။ အရပ်(၆)ပေ၊ (၁)လက်မမြင့်တဲ့ ကစားသမားဟာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့သလို (၁၉)ပွဲမှာ (၃)ဂိုး သွင်းပေးပြီး ပရီးမီးယားလိဂ် ကစားဟန်နဲ့ လျင်လျင်မြန်မြန် အထိုင်ကျ လာနေတာကို ပြသ နိုင်ခဲ့ပါတယ်။

ဂျိုရှူအာ ကင်း (ဂျိုရှူအာ ခရစ္စတီယန်ကိုဂျို ကင်း)

အသက်(၁၉)နှစ်ပဲ ရှိသေးတဲ့ နော်ဝေး လူငယ်လေးဟာ အလားအလာ ရှိတဲ့ တိုက်စစ်မှူး လေးအဖြစ် သတ်မှတ် ခံထားရပါတယ်။ သူဟာ တောင်ပံမှာလည်း ကစားတတ်သူ တစ်ယောက်ဖြစ်ပြီး ကစားသမား ဘ၀ကိုတော့ နော်ဝေးကလပ် တွေမှာ စခဲ့တာပါ။ ဂမ်ဘီယာက နော်ဝေးကို ရွှေ့ပြောင်း နေထိုင်တဲ့ မိဘတွေက ပေါက်ဖွားလာသူ ကင်းကို အော့စလိုမြို့မှာ မွေးဖွား ခဲ့တာပါ။ သူဟာ ရွမ်းဆက်စ်ဈ ဗယ်လာရန်ဂျာ အသင်းတွေမှာ သူ့ရဲ့ပင်ကိုယ် ပါရမီကို ပြသနိုင်ခဲ့တဲ့ အတွက် (၂၀၀၉)ခုနှစ်မှာ ယူနိုက်တက်က စာချုပ် ခေါ်ယူခဲ့ပါတယ်။ သူဟာ (၁၈)နှစ်အောက် လူငယ် အသင်းမှာ ပွဲနည်းနည်းပဲ ကစားရပြီး အရန် အသင်းကို အဆင့် တိုးမြှင့်ပေးတာ ခံခဲ့ရပါတယ်။ ယူနိုက်တက် ပထမအသင်းမှာ ပွဲထွက်ခွင့် မရသေးပေမယ့် သူ့ရဲ့ အသက်အရွယ်ဟာ သိပ်ကို ငယ်သေးတာကြောင့် မျှော်လင့်စရာ အလားအလာ အများကြီး ကျန်နေ ပါသေးတယ်။ ပရက်စတန် နော့သ်အန်းမှာ အငှား သွားကစားခွင့် ရခဲ့တာကလည်း သူ့အတွက် အတွေ့အကြုံ ကောင်းတွေ အများကြီး သင်ယူ လာနိုင်ခဲ့တယ် ဆိုတာ အသေအချာ ပါပဲ။

နစ်ကီ အဂျို့စ် (နစ်ကီ အူလ်ရှိုလာ အဂျို့စ်)

အင်္ဂလန် လူငယ်အဆင့် လက်ရွေးစင် အသင်းတွေမှာ ပုံမှန် ပါဝင်ခွင့် ရနေတဲ့ အဂျို့စ်ဟာ ပင်ကိုယ် ဂိုးသွင်းစွမ်းရည် ပြည့်ဝတဲ့ ကစားသမား လေးပါ။ ဘယ်ရီမှာ မွေးခဲ့တဲ့ အဂျို့စ်ဟာ ငယ်စဉ် ကတည်းက ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိလာပြီး လူငယ်အသင်း၊ အရန် အသင်းတွေမှာ လျင်လျင်မြန်မြန် နေရာရ လာခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်၊ နွေရာသီမှာတော့ အသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုင် နိုင်ခဲ့ပြီး ဆာ ဖာဂူဆန်က စောင့်ကြည့်နေတဲ့ သွေးသစ်လေး ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမယ့် တခြားလူငယ် ကစားသမား လေးတွေ အများစုလိုပဲ အတွေ့အကြုံ လိုအပ်ချက် ကလည်း ကြီးကြီးမားမား ရှိနေဆဲ ဖြစ်တာကြောင့် (၁၉)နှစ် သားလေးကို တခြားအသင်း တစ်ခုမှာ အငှားသွား ကစားခွင့်ပေးဖို့ နည်းပြကြီးက ဆုံးဖြတ် လိုက်ပါတယ်။ အဂျို့စ်ဟာ ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာ မွေးရပ်မြေက ကလပ်အသင်း ဘယ်ရီကို ရာသီဝက် အငှားသွား ကစားခဲ့ပြီး (၁၆)ပွဲ ကစားခွင့် ရချိန်မှာ (၆)ဂိုးသွင်းပြ နိုင်ခဲ့တဲ့ အတွက် ဘယ်ရီ အသင်းက ဆာ ဖာဂူဆန်ကို ခွင့်တောင်းပြီး ရာသီကုန်ထိ အငှား စာချုပ်သက်တမ်း တိုးထားလိုက်ပြီ ဖြစ်ပါတယ်။

SM Member ManU-Mania ရေးသား ပေးပို့လာသည့် ဆောင်းပါးအား ဖော်ပြ ပေးထားခြင်း ဖြစ်ပါသည်။


http://soccermyanmar.com/

မှကူးယူမှတ်တမ်းတင်ထားခြင်းဖြစ်ပါကြောင်း။

Saturday 15 January 2011

ငယ်စဉ်ကြီးလိုက်



ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။

စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

လိုက် - သူငယ်ချင်းတို့ . . .
ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။

ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……

အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူ လူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။

လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။

မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။

ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။

ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။

ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။

မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ

Wednesday 5 January 2011

မကြာခင်ပဲ ပြည့်ပါစေ


နှစ်ဟောင်းကုန်ပျောက်၊ နှစ်သစ်ရောက်လည်း

လွမ်းလျက်ပါပဲ ချစ်မေမေ . . ။

မေမေ မွေးပေး၊ ဘဝလေးမှာ

လျှောက်မြဲ လျှောက်ဆဲ၊ ဇွဲမာန်ခဲလျှက်

ရဲစိတ် အပြည့်ပေါ့ ချစ်မေမေ။

ဆုတောင်း ရံခါ၊ မပြည့်ပါသေး

မေမေပေးဆပ်၊ လမ်းခုလတ်မှာ

ထားခဲ့ပြီလား ချစ်မေမေ။

မေမေ ကွယ်ပျောက်၊

သောကရောက်လျက်

ခွန်အားပျက်သုဉ်း

မျှော်လင့်ချက်တွေ ဆုံးရတော့မှာလား ချစ်မေမေ။

ဘဝ ဘဝ၊ မကုန်ရလျှင်

ပြန်ဆုံချင်သေး

မေမေ့ရင်သွေး အဖြစ်လေးနဲ့ပေါ့။

ခုတော့ . . .

ဘဝကမ္ဘာ ခြားခဲ့ပါပြီ . . . ။

နှစ်တွေလွန်မြောက်၊

နှစ်သစ်ကိုလည်း၊ ရောက်ခဲ့ပါပြီ . . .။

သို့သော် မေမေ . . .

ရောက်ရာတိုင်းမှာ တင့်တယ်စေဖို့

ရောက်ရာတိုင်းမှာ ချမ်းသာစေဖို့

ရောက်ရာတိုင်းမှာ ဝမ်းသာစေဖို့

ရောက်ရာတိုင်းမှာ ကျန်းမာစေဖို့

ရောက်ရာတိုင်းမှာ လန်းဖြာစေဖို့

နှစ်ဟောင်းကုန်မှာ ဆုပန်ထွာသည်

မကြာခင်ပဲ ပြည့်ပါစေ . . .။

အပျိုချော


လမ်းမဆုံးပါရစေနဲ့


ချစ်ပါတယ်ဆိုတဲ့ စကား၊ သူ့နှုတ်ဖျားက ထွက်ခဲ့၊

ပီတိပေါ် သကာလောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
အပျော်တွေနဲ့ပေါ့ . . .၊
တူယှဉ်ကာ လက်တွဲ၊ ပန္နက်လည်း ချဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ ဆန္ဒတခု။

မုန်းပါတယ်ဆိုတဲ့ စကား၊ သူ့နှုတ်ဖျားက ထွက်ခဲ့၊
ဒုက္ခပေါ် အဆိပ်လောင်း၊ ရင်ခွင်မှာ ဗြောင်းဆန်ခဲ့၊
မီးတောက်တွေနဲ့ပေါ့ . . .။
ပန္နက်ကို သူနှုတ်၊ တွဲလက်တွေ ဖြုတ်ဖို့၊
ခိုင်မာစွာ သစ္စာပြု၊ ချစ်သူ့ဆန္ဒတခု။

ချစ်သူရဲ့ ဆန္ဒနဲ့ ပြင်းပြတဲ့ဝေဒနာ၊
ပူလောင်စွာ ခံစားခဲ့ . . .၊
မတူညီတဲ့ ရလဒ်၊ ကာရန်မဲ့ဝေဒနာ၊
သေချာစွာ စစ်ဆေးဖို့၊ ဆုံးဖြတ်ချက် အခိုင်မာ၊
ယိုင်တိုင်ကာ ချိနဲ့၊
ယဲ့တဲ့တဲ့ အပြုံး၊ မဲ့ရွဲ့ကာ အမုန်းတွေနဲ့၊
လမ်းမဆုံးပါရစေနဲ့ ချစ်သူရယ် . . .။

မျိုးဇာနည် (မန်းတက္ကသိုလ်)

 

blogger templates | Make Money Online