Monday 22 February 2010

အ၀လွန်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ?


ဝရင် မကောင်းဘူး ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘာတွေမကောင်းတာလဲ၊ ဘာရောဂါတွေ ၀င်လာနိုင်သလဲ ဆိုတာကို တိတိကျကျ သိကြစေဖို့ ၀ခြင်းရဲ့ အကျိုးဆက် ရောဂါများကို ဖော်ပြပေးလိုက်ပါတယ်။

ဝတယ်ဆိုတာ ခန္ဓာကိုယ်မှာ အဆီတစ်သျှူး ထုထည်ပမာဏ ပိုလျှံနေတဲ့ အခြေအနေလို့ သတ်မှတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အဆီထက် ပိုလျှံနေလားဆိုတာ သိနိုင်တဲ့ နည်းတွေထဲက အကျယ်ပြန့်ဆုံး သုံးကြတဲ့ နည်းကတော့ ကျွန်တော့်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့တဲ့ Body Mass Index (BMI) ဖြစ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အရပ်နဲ့ အချိုးချတဲ့ နည်းဖြစ်ပါတယ်။ အလွယ်တကူ တိုင်းကြည့်နိုင်အောင် ဇယားလေး ဖော်ပြပေးထားပါတယ်။


ဒီလင့်မှာလဲ တိုင်းကြည့်နိုင်ပါတယ်။
http://www.50millionpounds.com/resources/your_healthy_weight.aspx

အကြမ်းဖျဉ်းအားဖြင့် BMI 30 ကျော်သူများဟာ အ၀လွန်သူများ ဖြစ်ပြီး အောက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တစ်ခုမက ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ဖော် ကြေငြာထားပါတယ်။

(၁)အင်ဆူလင်ဟော်မုန်း မတိုးတော့ခြင်းနှင့် ဆီးချိုရောဂါ

အ၀လွန်သူတွေဟာ သကြားဓာတ် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်းပိုင်းဆိုင်ရာမှာ ပြဿနာတွေ ရှိလာပါတယ်။ ထွက်တဲ့ အင်ဆူလင်ဟော်မုန်းက မော်လီကျူးတည်ဆောက်ပုံ မမှန်တော့လို့၊ ဒါမှမဟုတ် ထွက်တဲ့ပမာဏ နည်းသွားလို့၊ လုံးဝကိုမထွက်တော့လို့၊ ထွက်တော့လဲ ဆဲလ်တွေရဲ့ အင်ဆူလင် အာရုံခံ (Receptors) တွေက အင်ဆူလင်ကို sensitize မဖြစ်တော့လို့ (မသိတော့လို့) ဆီးချိုရောဂါ ဖြစ်လာပါတယ်။ ၀လေလေ ပိုနီးစပ်လေပါပဲ။ တခြားနေရာတွေက အဆီတွေထက် ဗိုက်က အဆီတွေက ပိုမိုဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။

(၂)မျိုးဆက်ပွားကျန်းမာရေး ပြဿနာ

အရမ်းအ၀လွန်တဲ့ အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ နိမ့်ကျလာခြင်း (Hypogonadsim) ခံစားလာရတတ်ပါတယ်။ ရင်သားတွေလဲ မိန်းမတွေလို ကြီးလာတတ်ပါတယ်။
အမျိုးသမီးတွေမှာကျတော့ ရာသီစက်ဝန်းဆိုင်ရာ ပြဿနာမျိုးစုံ နဲ့ ကလေးအရခက်ခြင်း တွေဖြစ်နိုင်ပါတယ်။

(၂)နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာ

အ၀လွန်သူတွေမှာ သွေးတိုးရောဂါဟာ သေချာပေါက်နီးပါး ဖြစ်ပါတယ်။ သွေးတိုးကြောင့် ကြာရင် လေလဲ ဖြတ်နိုင်ပါတယ်။ သွေးတွင်းအဆီမြင့်မားလာခြင်း နဲ့ အဲဒီအဆီတွေကြောင့် သွေးကြောနံရံတွေ မာခေါက်အဆီပိတ်ခြင်း ဖြစ်လာပြီး လူတိုင်းကြောက်တဲ့ အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိတဲ့ နှလုံးသွေးကြောပိတ်ရောဂါ (Ischaemic Heart Disease) ဖြစ်လာနိုင်ပါတယ်။

(၃)သွေးနှင့်ဆိုင်သော ပြဿနာများ

သွေးခဲခြင်းကို အားပေးတဲ့ ဓာတုပစ္စည်းများ (Factor VII and X) ကို သွေးထဲမှာ ပုံမှန်ထက် များပြားလာစေပါတယ်။ ဒါကြောင့် အလိုလိုနေရင်း ကိုယ်တွင်းသွေးခဲပိတ်ခြင်း တွေ ဖြစ်လာနိုင်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ နှလုံးသွေးကြောပိတ်ရောဂါနဲ့သာ တွဲဖြစ်လိုက်ရင်တော့ နှလုံးကြွက်သားတွေ အောက်စီဂျင်မရလို့ ပုပ်ဆွေးသွားခြင်း (Myocardial Infarct) ထိအောင်ဖြစ်ပြီး အသက်ဆုံးနိုင်ပါတယ်။

(၄)အစာအိမ်အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ ပြဿနာများ

သည်းခြေအိတ် ကျောက်တည်ခြင်းဟာ အ၀လွန်သူတွေမှာ အတွေ့ရဆုံး ရောဂါတစ်ခု ဖြစ်ပါတယ်။ BMI များလေလေ ဖြစ်ဖို့အခွင့်အလမ်းလဲ များလေလေလို့ သိရပါတယ်။
အသည်းမှာလဲ အဆီဖုံးနိုင်ပါတယ်။ ဒါကြောင့် အဆီဖုံးအသည်းရောင်ရောဂါ နဲ့ အသည်းခြောက်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။ (အ၀လွန်ရင် အရက်မသောက်ပဲနဲ့လဲ အသည်းခြောက်နိုင်ပါတယ်)
နောက်ပြီး ၀မ်းဗိုက်တွင်းဖိအားက နှစ်ရှည်လများ များနေတဲ့အတွက် အူကျခြင်း၊ အူကျွံခြင်းတွေ မျိုးစုံလဲ ဖြစ်နိုင်ပါတယ်။ ၀မ်းဗိုက်အဆီများကြောင့် အသက်ကြီးရင် ဆီးဝမ်းထိန်းရခက်လာတာတွေ၊ ထွက်ကျတာတွေ ဖြစ်လာတတ်ပါတယ်။
အစာအိမ်ထဲက အက်ဆစ်တွေက အပေါ်ဘက်ကို ပြန်ကန်တက်တတ် တဲ့အတွက် ရင်ခေါင်းပူတဲ့ အစာမကြေရောဂါလဲ ဖြစ်တတ်ပါတယ်။
ပုံမှန်နေနေချိန်မှာလဲ ၀မ်းတွင်းခြား အကန့်နံရံ (Diaphragm) ဟာ အ၀လွန်ရင် အပေါ်အဆုတ်ရှိရာဘက်ကို တင်းနေတတ်တဲ့အတွက် မောပန်းလွယ်စေပါတယ်။



(၅)အသက်ရှူလမ်းကြောင်း ပြဿနာများ

Obesity Hypoventilation Syndrome လို့ခေါ်တဲ့ အ၀လွန်လေ၀င်နည်းရောဂါစု ဖြစ်နိုင်ပါတယ်။ အိပ်ရင်လဲ အရမ်းဟောက်တတ်ပါတယ်။ (ဟောက်တတ်ခြင်းဟာ ကျန်းမာရေးကို ကောင်းစေတယ်လို့ လာပြောရင် လုံးဝမယုံပါနဲ့။ လုံးဝမဟုတ်ပါ။ ဟိုတလောကဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရလို့ ပြောတာပါ)
ပြီးတော့ အဆုတ်သွေးဖိအားများခြင်း (Pulmonary Hypertension) နဲ့ နှလုံးညာဖက်အခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း (Right Ventricular Failure) ကြာရင် ၀င်လာနိုင်ပါတယ်။

(၆)အရိုးအဆစ်နှင့် အရေပြားပြဿနာများ

ဝလွန်းတော့ အလေးချိန်များလှတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ထားရတဲ့ ဒူးခေါင်းလို အဆစ်မျိုးတွေမှာ အရိုးပွန်းအဆစ်ရောင်ရောဂါ ဖြစ်လာတတ်ပါတယ်။ ရောင်ရင်း ရောင်ရင်း ကြာလာတော့ အဆစ်က ပုံပါပျက်တတ်ပါတယ်။
အ၀လွန်ရင် ယူရစ်အက်ဆစ်ပမာဏ ပိုမိုများနေတတ်တာ ယေဘုယျအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ ဖြစ်လာနိုင်ပါတယ်။
အရေပြားအနေန့လဲ ယားနာမျိုးစုံ သူများတွေထက်စာရင် ပိုဖြစ်လွယ်တာ တွေ့ရမှာပါ။

(၇)ကင်ဆာရောဂါများ

အ၀လွန်ရင်………….
ယောက်ျားတွေမှာ အစာရေမြိုကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ…………။
မိန်းမတွေမှာ သည်းခြေအိတ်ကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ နဲ့ သားဥအိမ်ကင်ဆာ………..တို့ ဖြစ်လာနိုင်ပါတယ်။

(၈)အာရုံကြောဆိုင်ရာ ပြဿနာများ

အဆီတွေက အာရုံကြောတွေထဲကို ထိုးဖောက် ၀င်ရောက်တဲ့အတွက် ခြေလက် အကြောမသန်ခြင်း၊ အကြောသေခြင်း နဲ့ ခဏခဏ ခေါင်းကိုက်ခြင်း တို့ ခံစားရနိုင်ပါတယ်။

(၉)ခွဲစိတ်ခြင်းမှပြဿနာများ

အ၀လွန်သူတွေဟာ ခွဲစိတ်ဖို့ ကြုံလာခဲ့ရင် ရိုးရိုးလူတွေထက် ပိုပြီး မေ့ဆေးသုံးရတဲ့အတွက် မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမိုခံစားရဖို့ သေချာသလောက်ပါပဲ။ အ၀လွန်သူတွေဟာ ခွဲစိတ်ပြီးနောက် ဒဏ်ရာပိုးဝင်ခြင်း (Post-operative Infection) ဖြစ်နိုင်စွမ်းလဲ သိသိသာသာ မြင့်မားကြောင်း တွေ့ရှိရပါတယ်။

(၁၀)ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပြဿနာများ

ဖြစ်နိုင်တာတွေကတော့………
ကိုယ်ဝန်ဆောင်သွေးတိုးခြင်း
လမစေ့ဘဲ မွေးခြင်း
ကလေးက ဆုံပိုင်းကျနေခြင်း
ခွဲမွေးရန်၊ ညှပ်ဆွဲမွေးရန် ပိုမို နီးစပ်ခြင်း
မွေးလမ်းကြောင်း ချဲ့ထားသော ဒဏ်ရာမှ ပိုးဝင်လွယ်ခြင်း
အိပ်ရာပေါ်နေစဉ်အတွင်း ခြေသလုံးသွေးကြောကြီးများ ပိတ်တတ်ခြင်း
မွေးလာသော ရင်သွေးတွင် ခါးရိုးထဲမှ အာရုံကြောမကြီး ထွက်၍ မွေးလာတတ်ခြင်း စတာတွေ ဖြစ်ပါတယ်။

(၁၂)စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ

ဝခြင်းကြောင့် အလှပျက် သောကရောက်ရခြင်း၊ စိတ်ဖိစီးလွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့် လူမှုရေး နစ်နာမှုများ ရှိလာခြင်း၊ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာ၍ ၀င်ငွေထိခိုက်နိုင်ခြင်း စတဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ခံစားရနိုင်တာ အားလုံးအသိပါပဲ။

(၁၃)အသက်တိုနိုင်ခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့ အ၀လွန်ခြင်းရဲ့ များပြားလှတဲ့ ဆိုးကျိုးတွေကြောင့် အ၀လွန်သူတွေဟာ သာမန်သက်တမ်းထက် အနည်းငယ် ပိုတိုတတ်တယ်ဆိုတာ စာရင်းဇယားများအရ သိရပါတယ်။

အထက်ပါအချက်များကြောင့် မက်ဖန်ပရိသတ်များ ကျန်းမာပျော်ရွှင် အောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြဖို့ အ၀မလွန်အောင် ထိန်းသိမ်းကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။

Last Updated at 2010-02-22 on 06:56:09 Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

စိတ်အခြေအနေ

တခါတလေ စကားတချို့က
ပုံမှန်ပေမယ့် ခါးတယ်

မမျှော်လင့်မိအောင် နေပါတယ်
တချက်တချက်ကျ နောက်ကြောင်းပြန်ငဲ့ကြည့်မိတယ်
နှမြောမိတယ်လား

မာနက သတိပေး
ခြေလှမ်းတွေ နောက်မဆုတ်နဲ့တဲ့

လွန်ဆွဲဆဲ ဒွိဟစိတ်တွေ
ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းတွေကြား
ငါ တကယ်တမ်းတော့
မားမား မတ်မတ် မရပ်နိုင်ခဲ့

မကြည်လင်တဲ့ စိတ်ဓါတ်တွေ ဆေးချဖို့
ရေတွေကိုယ်တိုင်က နောက်လို့

မတတ်နိုင်ဘူးလေ
ရွေးချယ်ခွင့်မှ မရှိခဲ့ပဲ

အချိန်တခုက ငါ့ကို လှောင်တယ်
နင် ဘာကို စောင့်နေတာလဲ တဲ့

မလိုအပ်တာတွေ ကိုယ်တိုင်သိရဲ့နဲ့
ကိုယ်တိုင် ကိုယ်ကျ မိုက်မဲဆဲ

ကဲ ဒီလိုနဲ့ အချိန်တွေ ကုန်တယ်

အိမ်ရှေ့တခါးကိုထွက်
တံခါးမှာ ဆိုင်းဘုတ် တခု တင်လိုက်တယ်
"ဒီကနေ့ စိတ်အခြေအနေ မကောင်းပါ"

http://www.moekhar.com/ မှ ကူးယူ ဖော်ပြပါသည်။

Sunday 21 February 2010

ဒီ တခါ ဒီ အဖြေ ချစ်သူဘယ်လို ပေးမှာလဲ?

ချစ်သူ စိတ်တိုင်းမကျ ငြိုငြင်မှာလည်း ကြောက်လှပါတယ်။
ချစ်သူ စိတ်မချမ်း မသာ ဖြစ်မှာလည်း စိုးရိမ်ပါတယ်။
ချစ်သူ အလိုကျ ဖြည့်ဆည်း ပေးချင်ပါတယ်။
နှလုံးသားက ချစ်တဲ့စိတ်တွေက အပြစ်မှန်သမျှကို လျော့ပါးစေတယ်လေ။
ကြင်နာမှုကို အခြေခံ၊ မြတ်နိုးမှုနဲ့အရင်းတည်၊
ယုံကြည်မှုချက်နဲ့ တည်ဆောက်၊
သစ္စာတရားက မပျောက်ပျက်လေတော့၊
ထားရာနေ စေရာ သွားပါ့မယ် ချစ်သူရယ်။

ဒါပေမယ့် ချစ်သူရယ်
နှလုံးသားက ကျောက်ရုပ်မှ မဟုတ်တာ။
သူ့ကို ဖေးမနေတဲ့ အဖော်ရှိတယ်လေ။
သူ့ အဖော်က ဦးနှောက်
တခါတခါ လိုက်လျောတာတွေ ဖေးမတာတွေ စာနာတာတွေ များလာတော့
ဦးနှောက်က ပြောတယ်။
မင်း တော်တော် ပျော်နေလားတဲ့ . . .
ငါ ကတော့ မင်းကြောင့် တော်တော်လေး ရိနွမ်းနေပြီတဲ့။
မင်းက သစ္စာရှင်ကြီးလားတဲ့။
လောကမှာ ဒီလောက်ရှားနေသလားတဲ့။
မင်း မသိတာရော တကယ် ဟုတ်လို့လားတဲ့၊
မင်း က မွှန်နေတာကိုး တဲ့။
ပြောလိုက်တာ ချစ်သူရယ် . . .
ပက်ပက်စက်စက် ပဲ။
အဖြေပေးပါးဦး ချစ်သူ။ ငါ ဘာလုပ်ရမလဲ ချစ်သူ၊ ငါ မဖြေတတ်ဘူး။
ဒီတခါ ဒီအဖြေကို ချစ်သူ ဘယ်လိုပေးမှာလဲ။

ခံစားသူ

အလွမ်းကဖီး

စွဲနေပြီ (ဂျေညီမလေး)

မသင့်တော်သည့် တိုင်းရင်းဆေး(၇)မျိုး


ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန် မသင့်တော်သော တိုင်းရင်းဆေးဝါး (၇)မျိုးစာရင်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်တစ်စောင် ထုတ်ပြန်တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါဆေးဝါးများသည် လိုအပ်သော အာနိသင်ကို ပေးနိုင်ခြင်းမရှိခြင်း၊ အစစ်ဆေးခံ၍ မှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် အများပြည်သူသုံးစွဲရန် မသင့်တော်ခြင်း ဟူသော အချက်များကြောင့် တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ မက်ဖန်ပရိသတ်များအနေဖြင့်လည်း မိမိတို့နှင့် နီးစပ်ရာတွင် လက်ဆင့်ကမ်း အသိပေးနိုင်စေရန် ဖော်ပြေပေးလိုက်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကျေးလက်ရော မြို့ပြတွင်ပါ တိုင်းရင်းဆေးဝါးအပေါ် မှီခိုအားပြုမှုများ ကျယ်ပြန့်နေသေးရာ မဖြစ်သင့်သော အန္တရာယ်များ မဖြစ်စေရေး အတွက် သတင်းပေးလိုက်ပါသည်။ အဆိုပါဆေးဝါး (၇)မျိုးမှာ..........

(၁)ဦးဘကြူး၊ စက္ခုပါလ မျက်ကွင်းဆေး
(၂)ဦးသန်းတင်ရင်လူးဗိုက်လိမ်း အညှော်ထုတ် ဆေးမှုန့်
(၃)မြန်မာဆေးခါးကြီး ဆီးချိုကျဆေး
(၄)ရွှေကရင် ရွှေဖားစည် အကြောအဆစ်ဒဏ်ကျေလိမ်းဆေး
(၅)ဦးစန်းမြင့်အောင်၊ရွှေဖားစည် တစောင်းလက်ပတ်ပျားရည်ချက်ဆေးကြီး
(၆)သန်မြန်သူဦးသက်ဝေ၊အဆင့်မြင့်တောရိုင်း စပါးလင်ဆီ
(၇)ဂေါရခါးလေး၊ ငါးပိလက်လေးသစ် သွားကိုက်သွားနာပျောက်ဆေး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီး ဖြစ်သော်လည်း လိုအပ်ပါက အလွယ်တကူ ကြည့်ရှုနိုင်စေရန်၊ မသိသေးသူများလည်း သိသွားစေရန် တင်ပြပေးလိုက်ပါသည်။

Last Updated at 2010-02-20 on 23:54:22 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

Friday 19 February 2010

ကွာသုံးကွာ ပါသုံးပါ ချာသုံးချာ

အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။
ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင်၊
(၂) အယူဘာသာကွာလျှင်၊
(၃) စိတ်ဓာတ်ချင်း ကွာလျှင် တို့ပဲဖြစ်ပါတယ်။

တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကို ယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ (၂)ယောက်အတူ နေဖို့ မစဉ်းစားသင့်ပါ။

ပါသုံးပါ
(၁)အနာရောဂါပါလာလျှင်၊
(၂)အကြွေးပါလာလျှင်၊
(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲ နာတာရှည်မျိုးကို ဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော် ခဲယဉ်းသွားပါပြီ။ အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး စကားပို လာသည့်အတွက် ရှင်းရတဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင်ပါတယ်။

ချာသုံးချာ
(၁)ပညာရေးချာလျှင်၊
(၂)စီးပွားရေးချာလျှင်၊
(၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ..အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ် တယောက် ဖြစ်ဖို့လိုပါတယ်။ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။ စီးပွားရေးဟာလည်း ပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။
ပညာမတတ်ပဲ ချမ်းသာနေသူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။ လူမှုရေးချာလျှင်.....ပညာနှင့် အသက်မွေး ၀မ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဉာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။
အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ်အလို လိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုး လုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့ လက်တွဲလိုက် ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တစ်သက်လုံး ရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်သည်ဘ၀ ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာ ဖြစ်ပါတယ်။

အိမ်ထောင်သည်ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကို ပြန် အမှတ်ရရင်း မှတ်မိသလောက်ပြောပြခြင်းပါ။

ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ ခံစားတာတွေလို့ အဓိကထင်တာပါ၊ အခု အသက်လေးရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေး တစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေထီထိုးတဲ့ သူတွေလိုပါပဲ။

ကျပ်သိန်း တစ်ထောင်ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေရွေးတာပဲ၊ ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ်ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ မှာလည်း သိန်း တစ်ထောင် ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း တစ်ရာ၊ နောက် ငါးဆယ် စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ ဘူးပေါ့။

တွက်ကိန်းတွေနဲ့ ... တိုက်လာလိုက်တာ... ထီစာရင်းလည်း ကုန်သွားရော... ဘာမှမပါတော့ သွားပြန်တော့ ဒီတစ်ခါဆိုသလို... ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်... မပြောနိုင်ပါဘူး။ ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။ စိတ်ကူးကြီင်္းတွေနဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။

ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်းဆိုတာကလည်း ကုသိုလ် နှင့်လည်း ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။ မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့ ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ယူဆပါက...အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း တစ်ထောင် ဆုကြီး မပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။

http://www.awdlibrary.co.cc/
ဘလော့က တစ်ဆင့် ကူးယူဖော်ပြပါတယ်။
ပုသိမ်မြို့တော်၊ စာကြည့်တိုက်က အစ်မတွေ ရေးသားထားတဲ့ ဘလော့တစ်ခုပါ။

Tuesday 16 February 2010

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း


၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်း ဟု ခေါ်တွင်လေသည်။
ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမည် ဖြင့်ထင်ရှားသည်။

ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  • 1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  • 2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  • 3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  • 4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  • 5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  • 6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  • 7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  • 8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။
ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။
အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။
အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။

လူငယ်‌ဘဝ


သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။
၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။
၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။
ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။
များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။
ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။

ဒုတိယကမ္ဘာစစ်‌ကာလ


၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။
ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့် လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။
ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။
၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။
ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်


‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။
၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။

ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။
စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။
ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။
နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။
လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

မိသားစု


၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။
အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။
ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။
ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။
ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။
ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။
‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာရေး

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။
စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။
လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။
၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။
ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။
အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။

ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)

  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။

(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

Tom Brown က အီးမေး မှတဆင့်ပေးပို့ခဲ့သည်။

http://komoethee.blogspot.com/

Monday 15 February 2010

ပင်လုံစာချု့ပ်ဆီသို့

PDF Print E-mail


Written by နေထွန်းနိုင်

လွတ်လပ်ရေးရရှိရန်အတွက် မြန်မာပြည်မနှင့် တောင်တန်းသားများ၏ စည်းလုံးမှုကိုပြဆိုခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့သော ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၈၈၅ ခုနှစ်တွင် ဗြိတိသျအင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သည့်ကာလ နောက်ပိုင်းမှစတင်ပြီး မြန်မာ့လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ခေတ်အဆက်ဆက် မျိုးချစ်ပုဂ္ဂိုလ်များက ကြိုးပမ်းခဲ့ကြပါသည်။ ဗြိတိသျအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်အချိန်မှစ၍ လွတ်လပ်ရေးမပေးရရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တား ခဲ့ကြပါသည်။
ထိုသို့ဟန့်တားမှုများတွင် ပြည်မနှင့်တောင်တန်းဒေသများ(တစ်နည်းအားဖြင့် တိုင်းရင်းသား အချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့်နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြပါသည်။

ဥပမာအားဖြင့် ဗြိတိသျ အစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးသည့်နောက် တောင်တန်းဒေသများကို သီးခြားစီမံကိန်း ဒေသများအဖြစ် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခုကူးသန်းမှုကို ၁၈၉၈ ကချင်တောင်တန်း လူမျိုးစုဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်းဥပဒေ အစရှိသည်တို့ဖြင့် ကန့်သတ် ပိတ်ပင်ထားခဲ့သည်။ ထိုသို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်မြင့်ချိန်တွင် ပို၍ရှုပ်ထွေးစေခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့် တောင်တန်း ပူးပေါင်းရေးကိစ္စမှာ အရေးပါးလာသောကိစ္စဖြစ်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ပြည်မနှင့် တောင်တန်း မပူးပေါင်းနိုင်ရန်အတွက် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံးကြိုးပမ်းခဲ့ကြသည်။
ထိုသို့သောအခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသောပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ထို့နောက် ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သော ပင်လုံစာချုပ်ကိုလည်း ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ၏ ဗဟိုချက်ဖြစ်သော ပင်လုံမြို့တွင်ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းက လွတ်လပ်ရေးအပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ၁၉၄၇ ခုနှစ်ကာလများအတွင်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်နှင့် ပင်လုံစာချုပ်ဖြစ်ပေါ်စေရန် ကြိုးပမ်းခဲ့သောနေ့ရက်များကို ပြန်လည်ဖော်ပြအပ်ပါသည်။


ပြည်ထောင်စုနေ့
ပင်လုံရိပ်မြုံ၊ တိုင်းသားစုံညီ၊
ကြွအုံနိုးကြား၊ ရှမ်းကယားတို့၊
သွေးသားနောင်ရင်း၊ ကချင်ချင်းပါ၊
မယွင်းအမှန်၊ အဓိဋ္ဌာန်ဖြင့်၊
မြန်မာကရင်၊ လက်တွဲယှဉ်လျက်၊
ကျောရင်မခွဲ၊ ညီညွတ်တွဲပြီး၊
စိတ်စွဲမှတ်ယူ၊ မော်ကွန်းထူခဲ့၊
ပြည်သူပြည်သား၊ တို့မြေဘွားများ၊
မိသားစုစိတ်၊ တဖိတ်ဖိတ်နှင့်၊
မျိုသိပ်မနိုင်၊ လွတ်ပန်းတိုင်ကို၊
အပိုင်ရရေး၊ စုဆွေးနွေးသည်၊
သွေးစည်းခဲ့သော နေ့တကား။
မောင်လှမြင့်(ရန်ကုန်ဆေးတိုက်)
၁၉၆၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့ထုတ်၊ ရန်ကုန်သတင်းစာမှ....

၁၉၄၇၊ ဇန်န၀ါရီလ ၉ - ဗိုလ်ချုပ် အောင်ဆန်းနှင့်ကိုယ်စားလှယ်အဖွဲ့ဝင် အချို့ အင်္ဂလန်နိုင်ငံသို့ရောက်ရှိ။

၁၉၄၇၊ ဇန်န၀ါရီလ ၁၀ မှ ၁၆ - ဖဆပလ အဖွဲ့ချုပ်မှကြီးမှူး၍ ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်ရေး ဆန္ဒနှင့်အင်အားပြပွဲရက်သတ္တပတ်ဆင်နွှဲ။

၁၉၄၇၊ ဇန်န၀ါရီလ ၁၃- မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်ဗြိတိသျအစိုးရတို့ လန်ဒန် မြို့ အမှတ်-၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျနန်းရင်းဝန်ရုံး၌အစည်းအဝေး ပြုလုပ်။ မြန်မာနိုင်ငံဘက်မှ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဦးဘဖေ၊ ဦးတင်ထွဋ်၊ သခင်ဗစိန်၊ ဦးစောတို့ ပါဝင်ပြီး ဗြိတိသျဘက်မှနန်းရင်းဝန်ကြီး အက်တလီ၊ ဘဏ္ဍာရေးဝန်ကြီး ဆာ စတက်ဖို့ကရစ်တို့တက်ရောက်။

၁၉၄၇၊ ဇန်န၀ါရီလ ၁၅ - မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် ဗြိတိသျကိုယ်စား လှယ်အဖွဲ့တို့ အစည်းအဝေးပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့၏အထွေထွေ ကြေညာချက်ကိုတင်သွင်း။

၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ပဒေသရာဇ် ရှမ်းပြည်နယ် စပ်ဖများကောင်စီက မြန်မာနိုင်ငံဘုရင်ခံဆာဟူးဘတ်ရန့်စ်မှ တစ်ဆင့်ဗြိတိသျအစိုးရထံ'ရှမ်းပြည်နယ် များကိစ္စ အမှာစာ ၁ နှင့် ၂ ကို ပေးပို့။ (လန်ဒန်ဆွေးနွေးပွဲကာလအတွင်း ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွား အချို့မှဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း စော်ဘွားများ၏ကိုယ်စားလှယ်မဟုတ်၊ တောင်တန်း နယ်များ၏ ကိစ္စကိုဆွေး နွေးရန် ရှမ်းစော်ဘွားများကို သီးသန့် ဖိတ်ကြားရန်ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့။

ထိုကြေးနန်းစာကြောင့် ဗြိတိသျအစိုးရနှင့်ဗိုလ်ချုပ်အောင်ဆန်း တို့ဆွေးနွေးပွဲမှာ မပြေမလည်ဖြစ်ခဲ့၊ ရှမ်းပြည်နယ်မှ ဦးတင်အေး၊ ဦးထွန်း မြင့်၊ ဦးဖေခင် စသည့်တိုင်းရင်းသား ခေါင်းဆောင်လူငယ်များကတောင်ကြီး မြို့တွင် ရှမ်းပြည်နယ်လူထုအစည်း အဝေးကြီးကိုခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ် အဖွဲ့သည် ရှမ်းပြည်လူထု၏ကိုယ်စားလှယ်အစစ် အမှန်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချကာ လန်ဒန်သို့ ကြေးနန်းရိုက်ပို့ခဲ့။ ထို ကြေးနန်းစာရောက်ရှိပြီးမှလန်ဒန်ဆွေး နွေးပွဲဆက်လက်ပြုလုပ်)

၁၉၄၇၊ ဇန်န၀ါရီလ ၂၁ - ဘကြီးဘဘေ (ဖဆပလအဖွဲ့ချုပ်၊ ဘုရင်ခံအမှုဆောင် ကောင်စီဝင်) အင်္ဂလန်သို့ ထွက်ခွာ။

၁၉၄၇၊ ဇန်န၀ါရီလ ၂၇ - အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မှတ်ရေးထိုး။သဘောတူညီချက်၏ နောက်ဆက်တွဲ ကို ဦးစောနှင့်သခင်ဗစိန်တို့ကသဘော မတူညီကြောင်း လက်မှတ်ရေးထိုး။ အောင်ဆန်း-အက်တလီစာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ခဲ့ပြီး ထိုစာချုပ် သည်မြန်မာနိုင်ငံကိုလုံးဝလွတ်လပ်ရေး ပေးသည့်စာချုပ်မဟုတ်သေးသော်လည်း မြန်မာ့လွတ်လပ်ရေးအတွက် ခိုင်မာ စွာကြိုတင်ပြင်ဆင်ခဲ့သော ဗြိတိသျ- မြန်မာသဘောတူညီချက်ဖြစ်။

၁၉၄၇၊ ဇန်န၀ါရီလ ၃၁ - ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်မှ မြန်မာ နိုင်ငံသို့ပြန်လည်ထွက်ခွာ။

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ -ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ပြန်လည်ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃ - ဒုတိယပင်လုံ အစည်းအဝေးကျင်းပ၊ ပထမပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ မှ ၁၂ အထိကျင်းပခဲ့။ ပထမအကြိမ် ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့ကဖဆပလ ကိုယ်စားလှယ်အဖြစ်တက်ရောက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်း အက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ ဆွေး နွေးပြီး သဘောတူညီချက်ကိုလက်ခံ ကြောင်းဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ - ဗိုလ်ချုပ် အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကို ဖိတ်ကြားပြီး လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ် ရေးဆွေးနွေးပွဲအကြောင်းရှင်းလင်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၄ - အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - ကရင်ဗဟိုအဖွဲ့ ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီ စာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့် ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှ တစ်ဆင့်ဗြိတိသျနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်းစောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နုတ် ထွက်ရန်ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံ နေအိမ်တွင်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ပင်လုံညီလာခံ ကျင်းပနေစဉ်အတွင်း တောင်တန်း သားများစည်းလုံးညီညွတ်ရေးအဖွဲ့ (Supreme Council of United Hill People/SCOUHP) ကို ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ရှမ်းစော်ဘွားများ နှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်း၍ရှမ်းပြည်ကောင်စီအမှုဆောင် အဖွဲ့(Shan State Council)ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၈ - ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ - ဗြိတိသျဒိုမီနီယံ ရေးရာလက်ထောက်အတွင်းဝန် ဘော် တွမ်မလီ၊ မစ္စတာ လက်ဝဒ်ခ်ျ၊ ဂျွန် လေဒင်တို့ ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁ - ဗိုလ်ချုပ် အောင်ဆန်းနှင့်တောင်တန်းဒေသခေါင်း ဆောင်များ အပြင်းအထန်ဆွေးနွေး။

၁၉၄၇၊ ဖေဖော်ဝါရီ ၁၀ - ဘုရင်ခံ အမှု ဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန် နှုတ်ထွက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ - ပင်လုံသဘော တူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင် (၂၃)ဦးမှာ-

ဗိုလ်ချုပ်အောင်ဆန်း (မြန်မာပြည်ခေါင်းဆောင်)
စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)
စ၀်ရွှေသိုက် (ညောင်ရွှေစော်ဘွား)
စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)
စ၀်နွံ (လဲချားစော်ဘွား)
စ၀်စံထွန်း (မိုင်းပွန်စော်ဘွား)
ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)
စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)
ဦးတင်အေး (တောင်ကြီးလူထုကိုယ်စားလှယ်)
ဦးကြာပု (သီပေါလူထုကိုယ်စားလှယ်)
စ၀်ယိင်ဖ (သီပေါလူထုကိုယ်စားလှယ်)
ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနားကချင်ကိုယ်စား လှယ်)
ဒူဝါဇော်ရစ် (မြစ်ကြီးနားကချင်ကိုယ်စားလှယ်)
ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)
ဦးထွန်းမြင့် (မောက်မယ်လူထုကိုယ်စားလှယ်)
ဦးခွန်စော (ပင်းတယလူထုကိုယ်စားလှယ်)
ဦးဖြူ (ဆီဆိုင်စော်ဘွားကိုယ်စားလှယ်)
ဦးဒိန်ရတန် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဒူဝါးဇော်လွန်း (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလဘန်းဂရောင် (ဗန်းမော်ကချင်ကိုယ်စားလှယ်)
ဦးလူမုန်း (ဖလမ်းချင်းကိုယ်စားလှယ်)
ဦးသောင်ဇာခုတ် (တီးတိန်ချင်းကိုယ်စားလှယ်)
ဦးကီယိုမာန် (ဟားခါးချင်းကိုယ်စားလှယ်)

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၃ - ဘုရင်ခံအမှု ဆောင်ကောင်စီဝန်အဖြစ်မှ ဦးစော နှုတ်ထွက်။

၁၉၄၇၊ ဧပြီလ ၉ - ဗြိတိသျပါလီမန် က ပင်လုံစာချုပ်ကို အတည်ပြု။

ကိုးကား။ ပင်လုံစစ်တမ်း(ဦးအုန်းဖေ)၊ ငါတို့ ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲ(ဦးပုလေး)၊ တပ်မတော်သမိုင်း- တတိယတွဲ(၁၉၄၅-၁၉၄၈)၊ ၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောရက်စွဲများ(သန်းဝင်းလှိုင်)နှင့် အခြား စာတမ်း၊ စာစောင်၊ သတင်းစာများ။

http://www.news-eleven.com/

Eleven Media Group မှ

ဗိုလ်ချုပ်မွေးနေ့ပါ

ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေပြဋ္ဌာန်းထားသော တတိယတန်းဖတ်စာအုပ်ပါ 'အောင်ဆန်းဇာနည်'ကဗျာ


အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

http://www.news-eleven.com/

ချစ်သူများနေ့တဲ့လား

Written by ဟယ်ရီလွင်

ဒီနေ့ . . .

ဖေဖော်ဝါရီ ၁၄ ရက်
''ချစ်သူများနေ့''တဲ့လား
ညီမလေးရေ . . .
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
. . .တွေ၊ . . .တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဘယက်၊
အော် . . .
တကယ်တော့ . . .
ဒီနေ့ဟာ . . .
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ . . .
'ကလောဒီယမ်စ်'ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီ

ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ . . .
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ . . .
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ . . .
တို့တွေနဲ့အဝေးကြီးပါကွယ် . . .

ညီမလေးရယ်

တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က . . .
ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၅ နှစ်ကာလက
နွေအကူး . . .
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ . . .
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ . . .
'ထိန်လင်း'ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက . . .
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး . . .
တို့တိုင်းပြည်ကိုချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ . . .

နောက်ဆုံး . . .
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ . . .
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ . . .
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်။


'ဖေဖော်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စု သား . . .'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး . . .
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့'ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပါယ်ရှိပါတယ်ကွယ် . . .
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် . . .

ဟယ်ရီလွင်

http://harrylwin.blogspot.com/2009/02/blog-post_14.html

လူတွေ ဘာကြောင့် ချစ်မိသွားကြသလဲ (ချစ်သူများနေ့ အမှတ်တရ)

လူတွေ ဘာကြောင့် ချစ်ကြတာလဲ??? ဓာတုဗေဒ ပညာရှင်များရဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ စူးစမ်းလေ့လာ တွေ့ရှိချက်များအရ အချစ်ဆိုတာ တော်တော်ထူးဆန်းတဲ့ အချက်ကလေးတွေ အပေါ် အခြေခံကြောင်း တွေ့ရပါတယ်။

ဘက်ဖ်လိုတက္ကသိုလ်က စိတ်ပညာရှင် Mark Kristal က ခုလိုရှင်းပြခဲ့ပါတယ်။ “ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရင်ခုန်ရတဲ့ အချစ်ဆိုတာ ဖြစ်လာစေဖို့ ခန္ဓာကိုယ်တွင်း ဓာတုဓာတ်ပြုမှု တော်တော်များများ ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒီဓာတ်ပြုခြင်းတွေ ဆိုတာက ဦးနှောက်အာရုံကြောတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပြုခြင်းတွေ ဖြစ်ပြီး ဒီဓာတ်ပြုခြင်းတွေရဲ့ အစီအစဉ်တကျ ပါဝင်ဖွဲ့စည်းမှု၊ ရှေ့နောက်အစီအစဉ် ကျနမှု တွေကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို စူးနစ်နက်ရှိုင်းစွာ ချစ်မိသွားတာ ဖြစ်ပါတယ်”
အဲဒီလို ဓာတ်ပြုခြင်းတွေ ဖြစ်ပေါ်လာစေတဲ့ ပြင်ပလှုံ့ဆော်မှု (External Stimuli) တွေကတော့ ………..

(၁)ရနံ့

အနံ့ကြောင့် ကျွန်တော်တို့ဟာ ချစ်မိသွား တတ်ကြပါတယ်။ ဒီလိုပြောတဲ့နေရာမှာ ကိုယ်နံ့မွှေးပျံ့ခြင်း၊ ဆွဲဆောင်မှု ရှိခြင်း စတာတွေ ပါမယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါလဲပါပါတယ်။

ဒါပေမယ့် နောက်ထပ်ထူးဆန်းတဲ့ တစ်ချက်က ကြီးကျယ်ခမ်းနားတဲ့(သို့) ချိုအီမွှေးပျံ့တဲ့ အနံ့တစ်စုံတစ်ရာ (ဥပမာ ပန်းအနံ့၊ လေထုထဲကို မွှေးပျံ့နေစေတဲ့ လေသန့်စင်စက်က အမွှေးနံ့လိုမျိုး၊ အစားအသောက်ကောင်းအနံ့) ကို ရမိတဲ့အချိန်မှာ အနားက တစ်စုံတစ်ယောက်ကို ရင်ခုန်မိသွားတတ်ပါသတဲ့။ ထူးဆန်းတယ်နော်။

(၂)ဦးနှောက်အတွင်း ပြောင်းလဲမှုများ

Oxytocin နဲ့ Vasopressin ဆိုတဲ့ ဟော်မုန်း၂မျိုးဟာ လူတွေ စတင်ချစ်မိတဲ့ အချိန်ကနေစလို့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ရှိနေကျထက် ပိုမိုများပြားစွာ ထွက်ရှိလာပြီး အချိန် တော်တော်များများအထိ အဲလိုများပြီး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ Dopamine ကလဲ ပါဝင် ပတ်သက်မှု ရှိတယ်လို့ တွေ့ရှိရပါတယ်။ (ထူးခြားချက်အနေနဲ့ ဒီဟော်မုန်းတွေဟာ သွေးကြောတွေ အပေါ် သြဇာလွှမ်းမိုးနိုင်တဲ့၊ သွေးဖိအားကိုတိုးစေ နှလုံးကို ပိုအလုပ်လုပ်စေတဲ့ ရင်ခုန်သံတွေ ဆူညံစေတဲ့ ဟော်မုန်းတွေ ဖြစ်ကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဆေးပညာရဲ့ ရှေးဦးကာလ ကတည်းက တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ချစ်မိပြီဆိုတာနဲ့ ရင်တွေခုန်၊ ခန္ဓာကိုယ်အစွန်အဖျားတွေ ခြေတွေလက်တွေ၊ မျက်နှာတွေမှာ ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာတတ်တာ၊ ချစ်ရသူအကြောင်း တွေးမိတိုင်းလဲ ရင်ထဲက ကျင်ကျင်လေးနဲ့ ခံစားရတာ ဖြစ်မယ်လို့ ဆက်စပ်တွေးမိပါတယ်။)

ဒီဟော်မုန်းတွေကို အဓိကထွက်စေတဲ့ အကြောင်းအရင်းက တစ်ဖက်သားကို ဆွဲဆောင်မှုရှိတဲ့ အနံ့ဖြစ်တဲ့ အတွက် သင်ဟာ သင့်ချစ်သူဆီ ချဉ်းကပ်ပါက မွှေးပျံ့တဲ့ ပန်းတစ်ခုခုနဲ့ မွှေးပျံ့တဲ့ အစားအသောက်တစ်ခုခု တွဲပြီး လက်ဆောင်ပေးရင်း ချဉ်းကပ်သင့်ကြောင်း ပညာရှင်များက ပြောပါတယ်။ (ဒါကြောင့် အနောက်တိုင်းမှာ နှင်းဆီပန်းနဲ့ ချောကလက်ပေးတဲ့ အလေ့အထ ရှိနေတာ ဖြစ်ပါတယ်)



နောက်ထပ် ဆောင်းပါးတစ်ပုဒ် ထဲက အကြောင်းအရာတွေကို ဆက်လက်ဖော်ပြပါမယ်။ ဒီဆောင်းပါး ထဲမှာတော့ ……………..

ဒီအရာကို ကျွန်တော်တို့က အချစ်လို့ အမည်သညာ မှည့်ခေါ်ထားပါတယ်။ ဒါပေမယ့် ဒါဟာ သဘာဝတရားကြီးက လူသားမျိုးဆက်တွေ ဆက်လက်ရှင်သန် စည်ပင်ဖွံ့ဖြိုး တိုးပွားလာအောင် လှပစွာ ပုံစံပြောင်းထားပြီး လူတွေကို အမြင့်ဆုံး ခံစားစေတဲ့ စိတ်ခံစားမှု (the most exhilarating of all human emotions, probably nature’s beautiful way of keeping the human species alive and reproducing) ပဲဖြစ်ပါတယ်။

ကမ္ဘာ့စိတ်ပညာရှင်များ စုပေါင်း လေ့လာထားချက်အရ လူတစ်ယောက်အနေနဲ့ တခြား တစ်ယောက်ကို ရင်ခုန်မြတ်နိုး စုံမက်ချစ်ခင်သွားပြီ ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ တစ်မိနစ်ခွဲ ကနေ ၄မိနစ်ပဲ ကြာပါတယ်။ (ဒါကြောင့် ကျမ်းပေါင်းများစွာ ပြုစုခဲ့တဲ့ ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်က လူနှစ်ယောက်ရဲ့ ရာသက်ပန်ဆက်ဆံရေး ပုံစံကို စတွေ့တွေ့ချင်း ပထမ၄မိနစ်က အများဆုံး အဆုံးအဖြတ်ပေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။)

ဒါပေမယ့် ဒါဟာ အကြိုက်ပဲ ဖြစ်သေးပြီး အချစ် မရောက်သေးဘူးလို့ ပြောရင် စာဖတ်သူများ သဘောတူမလားပဲ။ ဘ၀နဲ့ရင်းတဲ့ နားလည်မှု မြတ်နိုးတန်ဖိုးထား အထင်ကြီးမှု များအားလုံး ပြည့်ပြည့်စုံစုံ ရှိလာတော့မှ အချစ်စစ် ဖြစ်မယ်လို့ ထင်ပါတယ်။
ဒီလို မြင်မြင်ခြင်းရင်ထဲ ရောက်သွားစေတဲ့ အချက်တွေအားလုံးရဲ့……..
၅၅ ရာခိုင်နှုန်းက သူလေးရဲ့ ခန္ဓာကိုယ်အမူအရာ ဘာသာစကားများကြောင့်၊
၃၈ ရာခိုင်နှုန်းက အသံနေအသံထားနဲ့ စကားပြောပုံကြောင့်၊
ပြောတဲ့ အကြောင်းအရာကြောင့်ကတော့ ၇ ရာခိုင်နှုန်းပဲ သက်ရောက်မှု ရှိတယ်လို့ ဆိုလိုပါတယ်။

ပြီးတော့ ဒီလို စတွေ့တဲ့ အချိန်ကနေ တကယ်ချစ်မိသွားတဲ့ အခြေအနေအထိကို Rutgers University က Helen Fisher က အဆင့်(၃)ဆင့် ခွဲခြား ပြထားပါတယ်။

အဆင့်(၁)ရမ္မက် (သို့) နှစ်သက်သွားခြင်း

ဒီပထမဆုံး အဆင့်ကိုတော့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေက ဆောင်ရွက်ပေးပါတယ်။ ယောက်ျားတွေမှာဆို တက်စတိုစတီရုန်း၊ မိန်းမတွေမှာဆို အီစထရိုဂျင်ပေါ့။

ဒီလူနဲ့ တွေ့ခဲ့တဲ့အချိန်တုန်းက ဒါတွေ ကိုယ်တွင်းမှာ ပိုမို ထွက်ရှိလာတဲ့အတွက် ဒီလူ့ကို မမေ့နိုင်တော့ဘဲ အစွဲကြီးစွဲသွားတာ ဖြစ်ပါတယ်။ (တစ်ခုသေချာတာကတော့ တွေ့သမျှ လူတိုင်းနဲ့တော့ ဒီဟော်မုန်းတွေ မထွက်ဘဲ တကယ်ရင်ထဲက လက်ခံတဲ့ သူနဲ့ကျမှ ထွက်လာတာပဲ ဖြစ်ပါတယ်။ ကြွေ သွားတယ် ဆိုတာပေါ့ဗျာ)

အဆင့်(၂)ဆွဲဆောင်မှု (သို့) တွယ်တာသွားခြင်း

တကယ်ကို အံ့သြစရာ ကြီးကျယ်ခမ်းနားတဲ့ အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ဟာ သင်ချစ်မိသွားသူ အကြောင်းကို တစ်ချိန်လုံးနီးပါး တွေးနေ သတိရနေ အရမ်းဖြစ်နေပြီး သူ့အကြောင်း အဲလို တွေးနေရုံနဲ့ကို အားအင်တွေ ပြည့်ဝနေပြီး နွေးထွေးလန်းဆန်းနေပါလိမ့်မယ်။

အဲဒီချိန်မှာ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှု အနေအထားဟာ အကောင်းဆုံး ကျန်းမာရေးအခြေအနေမှာ ရှိနေတာကို အံ့သြဖွယ် တွေ့ရပါတယ်။ ဒီလိုကာလမှာ မျက်လုံးအမြင်တွေကေ၀၀ါးကာ ရင်တွေခုန်နေပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း၊ အရှုံးအမြတ် တွက်ချက်နိုင်စွမ်းတွေ . . . .
ဒီဖြစ်စဉ်တွေကို ဖြစ်စေတာကတော့ အက်ဒရီနယ်လင်၊ ဒိုပါမင်း နဲ့ စီရိုတိုနင် (adrenaline, dopamine and serotonin) တို့ ဖြစ်ကြောင်းပါ။ သူတို့ရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ ကြည့်ကြရအောင်……..။




အက်ဒရီနယ်လင်

တစ်စုံတစ်ယောက်ကို တကယ်ကြွေမိသွားတဲ့ အခိုက်အတန့် ခဏလေးမှာပဲ သင့်ခန္ဓာကိုယ်မှာ အဲလို ဖြစ်လာတဲ့ ဖိစီးလှုံ့ဆော်မှု အပေါ် တုန့်ပြန်မှု (Stress Response) တစ်ခု အနေနဲ့ အက်ဒရီနယ်လင် ထွက်လာပါတယ်။ သူနဲ့ အတူတူ စတီးရွိုက်ဟော်မုန်း တစ်ခု ဖြစ်တဲ့ ကော်တီဇော (Cortisol) ပါ ထွက်လာပါတယ်။

ဒီပစ္စည်းတွေရဲ့ ရင်ခုန်လှိုက်မော ပူထူ သွားစေတဲ့ အာနိသင်က သင့်ရဲ့ အချစ်သစ်လေး အပေါ် စွဲလန်းသွားစေပါတယ်တဲ့။ ရင်ခုန် စိတ်လှုပ်ရှားသွားရုံ မျှမကဘဲ ချွေးအနည်းငယ်ပါ စို့လာစေပြီး တချို့မှာဆို အာခေါင်တွေပါ ခြောက်လာစေတယ်လို့ တွေ့ရှိထားရပါတယ်။

ဒိုပါမင်း

ချစ်မိကာစ အတွဲပေါင်းများစွာကို Helen Fisher နဲ့အဖွဲ့က လေ့လာထားတဲ့အခါမှာ သူတို့တွေရဲ့ ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ သိသာစွာ မြင့်မားနေတာ တွေ့ရှိခဲ့ရပါတယ်။ ဒီဓာတုပစ္စည်းလေးက “ဆန္ဒ နဲ့ လိုချင်တဲ့ ခံစားမှု ” ကို မြှင့်တင်ပေးခြင်းဖြင့် သင့်ကို သာယာပျော်ရွှင်အောင် ခံစားရစေပြီး ဆက်လက် ချစ်မိစေပါတယ်တဲ့။ ဒီလို ချစ်နေရတဲ့ ခံစားချက်ဟာ ဒိုပါမင်းရဲ့ အစွမ်းကြောင့် မဖြတ်နိုင်လောက်အောင် စွဲလန်းစေပြီး ကိုကင်းနဲ့ အာနိသင်ခြင်း တူတယ်လို့ ပညာရှင်များက မှတ်ချက်ချကြပါတယ်။

ဒိုပါမင်းရဲ့ ကောင်းမွန်တဲ့ အာနိသင်တွေကြောင့် ချစ်မိသူနှစ်ဦးစလုံးမှာ စွမ်းဆောင်ရည် အင်အားတွေ ပြည့်ဝနေခြင်း၊ စိတ်အာရုံ စူးစိုက်နိုင်မှု ကောင်းမွန်နေခြင်း၊ နှစ်ယောက်ကြားထဲက ဆက်ဆံရေးရဲ့ အသေးစိတ်လေးတွေက အစ ခံစားဝမ်းမြောက် ကျေနပ်ပျော်ရွှင်နိုင်စွမ်းတွေ ရရှိနေလို့ လူ့ဘ၀ရဲ့ အရမ်းကို ပျော်ရွှင်ချမ်းမြေ့ရတဲ့ ကာလတွေကို ရရှိစေပါတယ်။ တစ်ယောက် အလိုက် တစ်ယောက်သိခြင်း၊ သည်းခံနိုင်ခြင်း၊ ချစ်သူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်ခြင်း စတဲ့ စိတ်စေတနာတွေကလဲ ရင်ထဲမှာ လျှံထွက်နေတဲ့ ပန်းခင်းသော လမ်း ကာလပေါ့ဗျာ။

စီရိုတိုနင်

သင့်ရဲ့အတွေးတွေ ရည်မှန်းချက်တွေ ခံစားမှုတွေ အားလုံးထဲမှာ ချစ်သူပါဝင်နေအောင် ဒီပစ္စည်းလေးက စွမ်းဆောင်ပေးပါတယ်။

အဆင့်(၃)ခိုင်မြဲစွာ လက်တွဲမိခြင်း

ဒီအချိန်မှာ အရေးပါတာက အောက်စီတိုစင်နဲ့ ဗေဇိုပရက်စင် (oxytocin and vasopressin) တို့ ဖြစ်ပါတယ်။ (အဲဒီ အောက်စီတိုစင်ဆိုတာ လူသားတွေမှာ ကာမဂုဏ်ခံစားမှု အထွတ်အထိပ် (Orgasm) အချိန်မှာလဲ ထွက်တဲ့ အာနိသင် ကြီးမားလှတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်)

ဒီဟော်မုန်းရဲ့ ပမာဏဟာ နှစ်ယောက်တူတူ နေနေတဲ့ အချိန်မှာ ကျေနပ်နှစ်သိမ့်မှု၊ နီးကပ်ရင်းနှီးမှုတွေရဲ့ ပမာဏနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဒါကြောင့် နက်နက်ရှိုင်းရှိုင်း ပွင့်ပွင့်လင်းလင်း အတူနေဖူးလေလေ၊ ပိုချစ်ကြလေ လို့ ပညာရှင်များက ဆိုပါတယ်။

(ထူးဆန်းတာတစ်ခုက ကလေးက အမေ့နို့ကို စို့ချိန်မှာလဲ မိခင်မှာ ဒီဟော်မုန်းထွက်ပြီး ကလေးနဲ့ အမေကြားက ချစ်ခြင်းမေတ္တာကိုလဲ မြဲမြံကြီးထွား လာစေပါတယ်။ နယူးယောက် တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Diane Witt ရဲ့စမ်းသပ်ချက်အရ သိုးတွေ ကြွက်တွေမှာ မိခင်တွေကို အောက်စီတိုစင် ရဲ့ အာနိသင် ပိတ်ဆို့တဲ့ ဆေးတွေ ပေးထားလိုက်ရင် သားငယ်တွေကို မိခင်တွေက ဂရုမစိုက်တော့ဘူး လို့ အသေအချာ တွေ့ရှိထားရလို့ ကလေးနို့မတိုက်တဲ့ မိခင်တွေနဲ့ ကလေးတွေ သိပ်နီးစပ်ကျတာ ဖြစ်ပါတယ်။)

ဗေဇိုပရက်စင်က လိင်မှုကိစ္စပြီးမှ ထွက်တဲ့ ဟော်မုန်း ဖြစ်ပြီး သူ့ရဲ့အာနိသင်ကတော့ တော်တော်ကြာကြာ ခံတယ်လို့ သိရပါတယ်။ ဒီဟော်မုန်းလေးကြောင့် ဘယ်လောက်ဝေးနေနေ၊ ဒါမှမဟုတ် ရန်တွေဘာတွေ ဖြစ်ထားလဲ မပြတ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

(ဒီဟော်မုန်းတွေအားလုံးဟာ လအနည်းငယ်ပဲ သက်တမ်းရှိပြီး တဖြည်းဖြည်း အာနိသင် လျော့လာတတ်တဲ့ သဘောရှိတာကို စာဖတ်သူများအားလုံး သိကြမယ် ထင်ပါတယ်။

ဒါတွေ လျော့သွားတဲ့ အချိန်ရောက်တိုင်း သူနဲ့ကိုယ် နှစ်ယောက်စလုံးမှာ ပြန်ထွက်လာအောင် (နားလည်မှုတွေ သံယောဇဉ်တွေ ခိုင်မြဲနေမြဲ ဖြစ်အောင်) မေတ္တာနဲ့ တစ်ဖန် ပြန်လည်သစ်ဆန်းအောင် ဖန်တီးနိုင်သူတွေကတော့ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး လို့ခေါ်နိုင်တဲ့ အချစ်စစ်စစ်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ It is LOVE which makes the WORLD go round. မဟုတ်ပါလားခင်ဗျာ)

Last Updated at 2010-02-15 on 04:14:51 Probe by : သီဟသစ်(ဆေး-၂) Mutdfan.com

Sunday 14 February 2010

အပြစ်မမြင် (၀ိုင်းစုခိုင်သိမ်း)

ရွှေရင်တံခါး (ချစ်သုဝေ+ချစ်ဆုဝေ)

အဒဲ Sorry

အေသင်ချို လမ်းမခွဲကြေး

Friday 12 February 2010

အကင်များတွင် E.coli ရောဂါပိုးများရှိ

လမ်းဘေးရောင်းနေသော အကင်များတွင် E.coli ရောဂါပိုးများ စစ်ဆေးတွေ့ရှိကြောင်း ဆေးသုတေသနဦးစီးဌာနမှ ထုတ်ပြန်ကြေငြာ


လက်ရှိ လမ်းဘေးတွေမှာ ရောင်းချနေတဲ့ အသားကင် မျိုးစုံတွေမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ E.coli ဘက်တီးရီးယားပိုး တွေ့ရှိရကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ယခုလ ၉ ရက်နေ့က တရားဝင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။



E.coli ပိုးဆိုတာ ကလေး လူကြီး အသက်အရွယ်မရွေးမှာ ၀မ်းရောဂါ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပြီး ရေပြောင်းမြေပြောင်း ခရီးသွားရင်း ၀မ်းလျှောတယ် ဆိုတဲ့ ခရီးသွားဝမ်းရောဂါ (Traveler’s Diarrhoea) ကို ဖြစ်စေတဲ့ ပိုးဖြစ်ပါတယ်။

ဒီပိုးဟာ အူလမ်းကြောင်းမှာ ပုံမှန် သဘာဝအနေနဲ့လဲ ရှိနေတတ်ပေမယ့် ဆီးလမ်းကြောင်းကို ရောက်သွားခဲ့ရင် ဆီးကျင်၊ ဆီးအောင့်၊ ဆီးထဲသွေးပါ (ဆီးနောက်) စတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါမျိုးစုံလဲ ခံစားရ တတ်ပါတယ်။ ဒီလိုဖြစ်တာ ကြာသွားရင် ကျောက်ကပ်ရုတ်တရက် လုပ်ငန်းများရပ်သွားခြင်း (acute renal failure) အထိ ဖြစ်သွားစေနိုင်ပါတယ်။ (ဒီနေရာမှာ ကြားဖြတ် ဗဟုသုတ အဖြစ် ပြောရရင် ဒီလို အူလမ်းကြောင်းက ပိုးတွေ ဆီးလမ်းကြောင်းထဲ ရောက်မသွားအောင် ကလေးငယ်များနဲ့ အမျိုးသမီးများအနေနဲ့ ဆီးဝမ်းသွား ပြီးလို့ သန့်စင်မယ်ဆိုရင် အရှေ့ဘက်ကနေ အနောက်ဘက်ကို ဦးတည်ချက်အတိုင်း ဆေးကြောသန့်စင်သင့်ပါတယ်။ နောက်ဘက်ကို အရင် သန့်စင်မယ်ဆိုရင် စအိုဘက်က ပိုးတွေပါလာပြီး ဆီးလမ်းကြောင်းရောဂါ၊ အဖြူဆင်းခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်)

ဒီပိုးက ဖြစ်စေတဲ့ တခြား ရောဂါတွေကတော့ အူမကြီး ယောင်ရမ်းခြင်း၊ သွေးဝမ်းသွားခြင်း တို့ဖြစ်ပါတယ်။ ဒီလိုကူးစက်မခံရအောင် အသားကင်မျိုးစုံ၊ အသားဟင်းမျိုးစုံနဲ့ နို့ စတာတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ကြောင်း၊ အထူးသဖြင့် ဒီပိုးဟာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျနေသူများ၊ ကိုယ်ဝန်ဆောင်များ စသူတွေကို ပိုမိုဒုက္ခပေးနိုင်ကြောင်း၊ ယနေ့ ရန်ကုန်လူထုအနေဖြင့် အသားကင်မျိုးစုံကို နှစ်ခြိုက်စွာ စားသုံးတဲ့ အလေ့အကျင့် စွဲမြဲလာတဲ့ အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် စမ်းသပ် စစ်ဆေးရခြင်း ဖြစ်ကြောင်း ယခုလေ့လာမှုတွင် ရောဂါပိုးကို တွေ့ရှိခဲ့သူဒေါက်တာသိင်္ဂီဝင်းမြတ် က မီဒီယာများနှင့် တွေ့ဆုံစဉ်က ရှင်းလင်းပြောကြား သွားခဲ့သည်။




အခြား ရောဂါပိုးများနှင့် မတူဘဲ ဤ E.coli ပိုးသည် Verotoxin ခေါ် အဆိပ်အတောက် တစ်မျိုးကို ထုတ်နိုင်သောကြောင့် နည်းနည်းစားမိရုံနှင့် ရောဂါဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် အလွန်ပင် အန္တရာယ်ရှိပြီး အစားအသောက်များမှ ပျံ့နှံ့စေတတ်သော ရောဂါများ (Food-borne Diseases) ဖြစ်လာနိုင်ခြင်းကြောင့် ဤအကြောင်းအရာများကို ပြည်သူလူထုအား ကျယ်ပြန့်စွာ သိရှိစေရန် ကျန်းမာရေးအသိပညာ ပေးသင့်ကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ရေးသားဖော်ပြထားသည်။

Last Updated at 2010-02-12 on 21:49:38 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

လက်မဆေးရင် အသက်ပေး ရလိမ့်မယ်

အခုဆိုရင် ဈေးတွေ မှာ ကြက်သားတွေကို လိုက်ပိတ်နေရတဲ့ အထိ ကြက်တုပ်ကွေးတွေ ပြန်ဖြစ်နေတယ်လို့ ကြားရပါတယ်။ ရပ်ကွက်ထဲမှာလဲ ဟိုမြို့နယ်မှာတော့ ကြက်ဥတွေ မြေမြှုပ်ပစ်လိုက်တယ်၊ ဘယ်နေရာမှာတော့ လူဘယ်နှယောက် ဖြစ်နေကြပြီ၊ ဘယ်တက္ကသိုလ်က ကျောင်းသား ဘယ်နှယောက်တောင် ပါသေးတယ်၊ ဘယ်ဆေးရုံမှာဖြင့် ဘယ်နှယောက်တောင် ပုံနေပြီ၊ ဒီတစ်ခါ ဖြစ်တာ ပြည်တွင်းမှာ ကူးစက်တာမို့ ပိုဆိုးတယ် စသဖြင့် အတည်ပြုလို့မရသေးတဲ့ သတင်းတွေ ပွထနေအောင် ကြားနေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြားရတော့လဲ ကျွန်တော်တို့ ကာကွယ်ထားရပါမယ်။ ဒီလို တုပ်ကွေးဗိုင်းရပ်စ် တွေဟာ လူထူထပ်တဲ့ နေရာတွေမှာ ပိုမို ကူးစက်လွယ်လို့ နေ့စဉ် လူထူထပ်တဲ့ နေရာတွေ သွားနေရတဲ့သူတွေ အထူးသဖြင့် ကိုယ်ခံအားကျနေတဲ့ အခြေအနေရှိတဲ့ သူတွေဆို ကူးစက်ဖို့ အရမ်းလွယ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုသူတွေ အတွက် အဓိက ကာကွယ်ရမယ့် အချက်များကို ဖော်ပြပေးလိုပါတယ်။

(၁)ကျွန်တော်တို့ဟာ သွားလာလှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတွေကို မဖြစ်မနေ ထိကိုင်ရလေ့ ရှိပါတယ် (ဥပမာ ကားလက်တန်း၊ တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ပိုက်ဆံ အဟောင်း/အသစ် စသည်)။ အဲဒါတွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးမျိုးစုံ ရှိနေတယ်ဆိုတာ မက်ဖန်ပရိသတ်များ သိကြမှာပါ။ ဒါတွေထက်ဆိုးတာက လတ်တလော ကူးစက်ပျံ့နှံ့နေတယ် ဆိုတဲ့ လူတုပ်ကွေးဗိုင်းရပ်စ် (H1N1) ပဲဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လေထုကနေတဆင့် အသက်ရှူလမ်းကြောင်းကနေ ရှူမိလို့ အများဆုံး ကူးစက်ရတယ်ဆိုပေမယ့် လက်ရှိ လူထုကြား ရောဂါပျံ့နှံ့မှု ဆိုင်ရာ လေ့လာချက်များအရ လက်ကနေကူးစက်မှုက ဒုတိယ အများဆုံး လိုက်နေတယ်လို့ သိရပါတယ်။

ဘယ်လိုကူးတာလဲ ဆိုတော့ ခုနလို လူအများနဲ့ဆိုင်တဲ့ နေရာတွေက ပစ္စည်းတွေ ပေါ်မှာ ဒီပိုးတွေဟာ လူနာဆီက တစ်နည်းနည်းနဲ့ (ဥပမာ ဝေဒနာရှင်က ချောင်းဆိုး၊ နှပ်ညှစ်ထားလို့) ရောက်ရှိနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်မှာ အသာလေး ကပ်ပါလာပြီး နှာခေါင်း၊ ပါးစပ်တို့ကနေ အသာလေး ကူးစက် ၀င်ရောက်နိုင်တာမို့ အရမ်းသတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။

လူတိုင်းဟာ အပြင်မှာ ထိလာကိုင်လာတဲ့ လက်တွေကို ၀မ်းရောဂါ၊ အသည်းရောင် အသားဝါ B, C စတာတွေ ကြောက်လို့ အစာမစားခင် လက်ဆေးရမယ် ဆိုတာတော့ သိကြပေမယ့် အဲလို လက်မဆေးသေးခင် မိမိမျက်နှာ နှုတ်ခမ်း ခံတွင်း မျက်လုံး စတာတွေကို ထိကိုင်ပွတ်သပ်မိလို့ တုပ်ကွေးဗိုင်းရပ်စ်တွေ ကူးစက်ခံရတတ်တယ်ဆိုတာတော့ ယောင်လို့တောင် တွေးမိကြမယ် မထင်ပါဘူး။

တုပ်ကွေးစဖြစ်တဲ့ နိုင်ငံတွေကနေ တခြားနိုင်ငံတွေကို ပျံ့နှံ့တဲ့ နည်းလမ်းတွေထဲမှာ လေဆိပ်ကနေ ပျံ့စေတာက အရမ်း မြန်ဆန်လွန်းပါတယ်။ ဘာလို့လဲဆိုတော့ လေကြောင်းခရီးကနေ ပါလာတဲ့ ရောဂါရှိသူ တစ်ယောက်ယောက်ဟာ အများသုံး အိမ်သာ တံခါး၊ အများသုံး အင်တာနက် စတာတွေကို ချောင်းဆိုးတာ အုပ်ထားတဲ့လက်နဲ့၊ နှပ်ညှစ်ထားတဲ့ လက်နဲ့ စသဖြင့် ကိုင်မိမယ် ဆိုရင် နောက်ထပ် လာကိုင်သမျှသော သူတွေကို သေချာပေါက် ကူးစက်စေမှာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ကပ်ရောဂါတွေ ဖြစ်လာနေကြတဲ့ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေး၊ လူတုပ်ကွေး တုပ်ကွေးအမျိုးအစားပေါင်းစုံဟာ ခရီးသွားနှုန်း အရမ်းမြင့်မားတဲ့ ဥရောပနဲ့ အမေရိကတိုက်တွေမှာ နိုင်ငံဖြတ်ကျော်ပျံ့နှံ့မှု အရမ်း မြန်ဆန်ရခြင်း ဖြစ်ပါတယ်လို့ မကြာသေးမီကမှ အင်္ဂလန်က ပြန်လာတဲ့ ကျွန်တော့်ရဲ့ ဆရာမ အထူးကုဆရာဝန်ကြီး တစ်ဦးက Mutdfan.com သို့ ရှင်းပြပေးသွား ခဲ့ပါတယ်။

ဒီလို အပြင်က ပြန်လာတာနဲ့ လက်ဆေးတဲ့အကျင့်၊ အိမ်ပြန်မရောက်သေးသော်လဲ တစ်ခုခု ကိုင်ပြီးတာနဲ့ လက်ဆေးတဲ့အကျင့်ကို စွဲမြဲနေအောင် ထားမယ်ဆိုရင် ဒီလိုတုပ်ကွေးတွေက အစ ရာသီပေါ် အအေးမိ တုပ်ကွေး တွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ hand gel လို့ခေါ်တဲ့ ရေပြန်ဆေးစရာမလို လက်သုတ်စရာမလိုတဲ့ လက်ဆေးဆေးရည်လေးများ ဆိုင်တွေ စူပါမားကတ်တွေမှာ ၀ယ်လို့ ရနေပါပြီ။ ဒါလေးတွေဟာ လွန်စွာကောင်းမွန်တဲ့ အကျင့်ဖြစ်လို့ ယနေ့ စသင့်ပါပြီ။

(၂)အိပ်ရေးပျက်ကို တတ်နိုင်သမျှ မခံပါနဲ့။ အထူးသဖြင့် လူတစ်ယောက်ဟာ မိမိရဲ့ ပုံမှန်အိပ်ချိန်ထက် ၄နာရီနောက်ကျခြင်းကို ဆိုးဆိုးဝါးဝါး အိပ်ရေးပျက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်ပြီး နောက်နေ့ လူထူထပ်တဲ့ နေရာသွားရမယ်ဆိုရင် တကယ်တမ်းသာ ကျန်းမာရေး ဂရုစိုက်ရင် (လူတုပ်ကွေး ပျံ့နှံ့နေတဲ့ အချိန် မဟုတ်ပေမယ့်လဲ) နှာခေါင်းစီးမျက်နှာဖုံး တပ်သွားသင့် ပါတယ်။ တကယ်တမ်းတော့ အကြောင်းအမျိုးမျိုးကြောင့် မတပ်ဖြစ်တာ များပါတယ်။

(၃)အဲလို မျက်နှာဖုံး တပ်သွားမယ် ဆိုရင်လဲ မိမိလက်နဲ့ တစ်ခါကိုင်ချွတ်ပြီးရင် ပြန်မတပ်ရတော့ပါဘူး။ ဒါဟာ ရောဂါပိုးတွေ လက်ကနေ လေထုထဲကနေ မျက်နှာဖုံးရဲ့ မိမိရှူမယ့် ဘက်ကို ကပ်ငြိသွားစေလို့ အန္တရာယ်ရှိပါတယ်။ ဒီလိုချွတ်မိမယ် ဆိုရင်လဲ အဲဒီမျက်နှာဖုံးကို စွန့်ပစ်ပြီး အသစ် တစ်ခု ပြန်တပ်ပြီး သုံးသင့် ပါတယ်။ နို့မို့ တစ်နေကုန် လက်က ဟိုကိုင်လိုက် ဒီကိုင်လိုက်၊ ဒီမျက်နှာဖုံးတစ်ခုထဲ ချွတ်လိုက် တပ်လိုက်ဆို ရောဂါသာ ရန်ကုန်မှာ တကယ်ပျံ့နေမယ်ဆိုရင် သေချာပေါက် ကူးမှာပါပဲ။

(၄)တုပ်ကွေးပိုး စတဲ့ ရောဂါတော်တော်များများ ကိုကာကွယ်ဖို့ ဗိုက်တာမင်စီ ချို့တဲ့လို့ မဖြစ်ဘူး ဆိုတဲ့အသိ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာလဲ ဗိုက်တာမင်စီ သီးသန့်ပါဝင်တဲ့ ဈေးကြီးတဲ့ဆေးတွေ ဈေးကွက်ထဲမှာ နေရာရနေတာကို ကြည့်ရင် လူထုရဲ့ အခြေခံကျန်းမာရေးအသိ တိုးတက်လာနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ့် ပြည်တွင်း ပြည်ပ ကျန်းမာရေး အလိုအရ ကိုယ်ခံအားစနစ် ကောင်းသူတွေ ဖြစ်ချင်ရင် ဗိုက်တာမင်စီ တစ်ခုတည်း ဖြည့်ရုံနဲ့တော့ မရဘူးလို့ ဆိုပါတယ်။ လွယ်လွယ်ပြောရင် အသီးအရွက်စုံ စားမှ ဗိုက်တာမင် မျိုးစုံရပြီး ရောဂါမျိုးစုံ ကာကွယ်နိုင် လောက်တဲ့ ခန္ဓာကိုယ်တွင်း ခုခံအားစနစ် (Body Defense Mechanism) ကိုရရှိမှာ ဖြစ်ပါတယ်။ (သဘာဝ ဗိုက်တာမင်မဟုတ်တဲ့ အားဆေးတွေထဲက ဗိုက်တာမင်တွေမှာ အဲဒီအစွမ်း သိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသီးအရွက်တွေကိုပဲ အားကိုးသင့်ပါတယ်)

(၅)နောက်ပြီး အားလုံး သိကြတဲ့အတိုင်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ရောဂါတစ်ခုခု ခံစားနေရသူများ စသဖြင့်တွေဟာ ကိုယ်ခံအားစနစ် မကောင်းတဲ့အတွက် တုပ်ကွေး ဖြစ်ဖို့ အရမ်းလွယ်ပါတယ်။ ဒါ့အပြင် ၃လအတွင်း ၀က်သက်ပေါက်ဖူးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အိပ်ရေးပျက်လွန်းသူတွေ၊ အသီးအရွက်မစားတဲ့သူတွေ၊ အ၀လွန်သူတွေ ဟာလဲ ရောဂါပိုးနဲ့တွေ့ရင် သေချာပေါက် အကူးခံရမယ့်သူတွေ ဖြစ်ပါတယ်။

အကြောင်းရင်းကတော့ ၀က်သက် တစ်ခါ ပေါက်ပြီးရင် ၃လကျော်မှ ပုံမှန် ကိုယ်ခံအားစနစ် အခြေအနေကို ပြန်ရရှိတာမို့ပါ။ ဆေးလိပ်သောက်သူတွေရဲ့ လေပြွန်တွေ၊ လေမြွှာအိတ်တွေရဲ့ မျက်နှာပြင်တွေဟာ ခုခံစွမ်းအား လုံခြုံမှု မကောင်းဘဲ တုပ်ကွေးပိုးက အလွယ်တကူ ဖောက်ထွင်းသွားနိုင်လို့ ဖြစ်ပါတယ်။ အ၀လွန်သူတွေကတော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ အမြဲတမ်းလိုလို ပုံမှန်အောက်ကို ရောက်နေလို့ ဖြစ်ပါတယ်။

(ဒီဆောင်းပါးပါ အချက်တွေဟာ တုပ်ကွေးကာကွယ်နည်းများရဲ့ လူသိနည်းတဲ့ ထူးထူးခြားခြား အကြောင်းလေးများ ဖြစ်ပါတယ်။ ဒီမှာ ကျန်ရှိနေသေးတဲ့ အချက်တွေကတော့ နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို စတဲ့ မီဒီယာများမှ ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်များ အတိုင်း ဖြစ်ပါတယ်)
Last Updated at 2010-02-12 on 01:19:14 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

မန်နေဂျာနှင့် ကိုဖိုးလုံး

ဒီစာစုလေးက ဘယ်သူရေးထားတာလဲတော့ မသိဘူး။ အမတယောက်ပေးပို့လိုက်တဲ့ မှတ်သားစရာလေးပါ။ လက်ဆင့် ကမ်းလိုက်တယ်နော်။

ကိုဖိုးလုံးဟာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ သူ့ကို ရာထူးလည်းမတိုးဘူး၊ အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊ လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။

ဒီတော့သူ့ခမျာ စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကို တက်ပြောမယ်လို့ ဆုံးဖြတ်လိုက် ရတော့တယ်။

နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး ကိုဖိုးလုံးက ပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို ပြုံးပြုံးကြီးကြည့်ပြီးသူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။ ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး

"ကိုဖိုးလုံး ခင်ဗျား ကျုပ်တို့ရုံးမှာ တစ်ရက်ပြည့်အောင်တောင် အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ" လို့ ပြောချ လိုက်ပါလေရော။

ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့်တော်တော်လေး အံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။

မန်နေဂျာ။တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။

ကိုဖိုးလုံး။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။

မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။

ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။

ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံး တစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။

ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကို အလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော် အလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့ တစ်နှစ်စာ ၃၆၆-ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။

ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး) ၁၂၂ ရက် ရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။

ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။

မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။

ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက်ရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက ၁၂၂-ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။

ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီးနှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ ၁၄ရက်ကို နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။

ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။

မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။

ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။

မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။

ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။

မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲပြော။

ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။

ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။

ကိုဖိုးလုံး။ ။ တစ်ရက်တိတိကျန်ပါသေးတယ်။

မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။

ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။

မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက်ကျန်သေးလဲ။

ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။

ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို သဘောပေါက်သွားပါပြီ။ ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော် အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ် ဆရာရယ်။
တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင် ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်ကတောင် အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။

သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

ရည်းစား .....

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............


ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......heartheart

ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့......

 

blogger templates | Make Money Online